Monday, October 7, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂၉)


  • တောင်ငူကိုချီ၍ သိမ်းယူတော်မူခြင်း

       
         ဘုရင့်နောင်သည် နှစ်လခန့်ရှိလျှင် ညီတော်သီရိဇေယျကျော်ထင်၊ ညီတော်လတ် နန္ဒယော်ဓာနှင့် မှူးမတ်အပေါင်းတို့ကို ခေါ်တော်မူ၍ ဟံသာဝတီကိုချီ၍ လုပ်ကြံတော်မှုလျှင် သင့်မည်လော သို့မဟုတ် တောင်ငူကိုချီတော်မူ၍ လုပ်ကြံလျှင် သင့်မည်လောဟု အရေးအရာကို တိုင်ပင်တော်မူရာ အချို့သောမှူးမတ်များက ဟံသာဝတီသို့ အလျင်ချီ၍လုပ်ကြံတော်မူမှသင့်မည်ဟု လျှောက်ကြသည်။
အချို့အမတ်တို့ကလည်း မွန်မြန်မာ ပြေးပုန်းလေသည်များကို သည်တွင်စုရုံးတော်မူ၍ အနေအထားကျပြီးမှ တောင်ငူသို့ ချီတော်မူသင့်ပါသည်ဟု လျှောက်တင်ကြသည်။
        ထိုအခါ သီရိဇေယျနော်ရထာအမည်ရှိသော အမတ်က
        "ယခုအရေးကား နှေးနှေးဖြည်းဖြည်းလုပ်ကြံတော်မူရမည့်အရေးမဟုတ်။ လျင်လျင်စောစော စစ်ဦးဘီလူးပါ လုပ်ကြံတော်မူရမည့်အရေးဖြစ်သည်။ အရေးအရာမညီညွှတ်ခင် တောင်ငူသို့ အလျင်ချီတော်မူ၍ လုပ်ကြံတော်မူမှ သင့်မည်ထင်ပါသည်" ဟု နားတော်လျှောက်လေရာ၊ ဘုရင့်နောင်က သီရိဇေယျနော်ရထာ လျှောက်သောအရေးသည် သင့်လှသည်ဟု မိန့်တော်မူသည်။ 

        ထိုညတွင်ပင် ဘုရင့်နောင်သည် အိပ်မက်တော်တစ်ခုကို မြင်မက်လေသည်။ ယင်းအိပ်မက်ကား သရက်သီးခိုင် တစ်ခိုင်တွင် အလုံး(၅)လုံးသီးရာ အပေါ်ဆုံးရှိသရက်သီးကို စားရသည်ဟူ၏။ အိပ်မက်၏အလိုမှာ ညီနောင်(၅)ဦး ရှိသည့်အနက် ဘုရင့်နောင်သည် အကြီးဆုံးဖြစ်သည်။ ညီတော်သီဟသူသည် မင်းခေါင်အမည်ကို ခံယူ၍ တောင်ငူတွင် မင်းပြုနေသည်။ ယခု အခေါင်က သရက်သီးကိုစားရသည် အိပ်မက်ခြင်းကြောင့် ညီတော်မင်းခေါင်၏ကိုယ်နှင့်တကွ တောင်ငူမြို့အလုံးကို ရလိမ့်မည်ဟု နိမိတ်ဖတ်လေသည်။ 
        ဘုရင့်နောင်သည် တောင်ငူကိုသိမ်းယူရန်အတွက် စစ်အစီအရင်ပြုသည်။ လက်ယာရဲတိုင်နှင့် တုရင်ဗလတို့ကို မြင်း(၁၀၀၀)စီဖြင့် ရှေ့မှချီစေပြီး ယင်းနောက်မှ ညီတော်သဋ္ဌီရိဇေယျကျော်ထင်၊ ညီတော်နန္ဒယော်ဓာ၊ ညီတော်မင်းရဲကျော်ထင်၊ သားတော် မင်းရဲကျော်စွာ၊ သီရိဇေယျနော်ရထာ၊ လက်ဝဲဘယ၊ မြောက်ထောင်မှူး၊ ဘယနန္ဒသူ၊ အဲမွန်ဒယာ၊ သီရိဓမ္မရတ်၊ နန္ဒစည်သူတို့ ဦးစီးသော တပ်များ၊ ထို့နောက် ဘုရင့်နောင်၏တပ်မတော်၊ ယင်းတပ်မတော်တွင် နန္ဒသူကို တပ်မှူး၊ ရာဇတမန်အား စစ်ကဲခန့်အပ်သည်။ မြင်းတပ် (၂)တပ်နှင့် ကြည်းတပ် တပ်ပေါင်း(၁၂)တပ်တွင် တိုက်ဆင်(၂၀၀)၊ မြင်း(၂၀၀၀)၊ စစ်သည်(၈၀၀၀၀) ပါဝင်လေသည်။ 
        ရေကြောင်းချီတပ်တော်တွင်ကား ရာဇဗလ၊ နန္ဒယော်ဓာ၊ ရာဇသင်္ကြန်၊ စွန်တရာသီ၊ ဇိတ်ဗြိ၊ ဘယသင်္ကြန်၊ တပ်ပေါင်း(၆)တပ်တွင် ကတ္ထူလွန်ကြင်(၁၃၀)၊ လှော်ကေားကြော့လှေ(၇၀)၊ စစ်သည်(၁၆၀၀၀) ပါဝင်ပြီး စက်လှေများပေါ်တွင် အမြောက်ကြီးများ တင်ဆောင်လာသည်။ ရေကြောင်းချီတပ်မှူးမှာ ဘယသင်္ကြန်ဖြစ်ပြီး၊ စစ်ကဲမှာ သာရကာမှူးနှင့် တောင်ငူသူရဲမှူးတို့ ဖြစ်ကြသည်။ တောင်ငူသို့ သက္ကရာဇ် (၉၁၂)ခု၊ တော်သလင်းလပြည့်ကျော်(၂)ရက်၊ အင်္ဂါနေ့တွင် စတင်ချီတော်မူသည်။ 
        တောင်ငူသို့ရောက်တော်မူလျှင် ညီတော် သီရိဇေယျကျော်ထင်၊ ညီတော်အငယ် မင်းရဲကျော်ထင်၊ လက်ဝဲဘယ၊ သီရိဇေယျနော်ရထာ၊ ဘယနန္ဒသူတို့၏ တပ်(၅)တပ်ကို တိုက်ဆင်(၆၀)၊ မြင်း(၇၀၀)၊ စစ်သည်(၂၅၀၀၀)နှင့် မြို့ကြီးအရပ်မှ တပ်ခိုင်တပ်လုံတည်၍ ရံစေသည်။ 
  
        ယင်းသို့ တပ်များ ရေအား၊ ကြည်းအားရံသည်ကို ဘုရင်မင်းခေါင်ကလည်း တပ်မတည်နိုင်အောင် အကြိမ်ကြိမ်ထွက်၍တိုက်သည်။ သို့သော် ဘုရင့်နောင်တပ်များကို မနိုင်သဖြင့် မြို့တွင်းသို့ ပြန်ဝင်၍ အခိုင်အလုံနေရသည်။  ဘုရင့်နောင်တပ်များက တောင်ငူကို လေးလခန့်ကြာအောင် ဝန်းရံထားလေသည်။ 
        မြို့ကိုဝန်းရံ၍ လေးလခန့်ရှိလာလျှင် တောင်ငူမြို့တွင်းသားတို့ အစာရေစာပြတ်လပ်ကာ ငတ်မွတ်လာကြသည်။ ဘုရင်မင်းခေါင်အပေါ် အကြည်အညိုကင်းမဲ့လာကြကာ မင်းခေါင်လက်အောက်မှ အကြီးအကဲတို့လည်း မြို့တွင်းမှထွက်ပြေး၍ ဘုရင့်နောင်ထံသို့ ခိုဝင်လာကြသည်။ ဘုရင့်နောင်ကလည်း မိမိအောက်သို့ ခိုဝင်လာသူများကို သစ္စာတော်ပေးကာ အမှုတော်ထမ်းစေသည်။ 
        အမှုထမ်းများနည်းပါးလာလျှင် မင်းခေါင်ကလည်း ကြောက်ရွံ့ခြင်းပြင်းစွာဖြစ်လာကာ ခမည်းတော်၏ဆရာတော်ထံသို့ကပ်ကာ စည်းစိမ်မပျက် အသက်မသေရှိပါမည့် အကြောင်းကို နောင်တော်အား တောင်းပန်ပေးရန် လျှောက်ထားသည်။ ဆရာတော်လည်း ဘုရင့်နောင်ထံသို့ကြွကာ အရေးတော်ကို ဆိုသည်။ 
        ဘုရင့်နောင်ကလည်း ...
        "ညီတော်မင်းတရားရွှေထီးမရှိလျှင် ကျွန်ုပ်တို့ညီနောင်(၅)ပါးသည် တစ်ချက်တည်းရုံးစု၍ ဟံသာဝတီကို နေရသည်ရှိသော် ခပ်သိမ်းသောရန်သူတို့သည် ဖျက်ဆီးနိုင်မည်မဟုတ်။ သို့သော် သီဟသူသည် အမှားကြံလေသောကြောင့် အလုပ်အကြံမှားချေသည်။ ယင်းသို့ လူမှု၌ မလိမ်မမာရှိပါငြားလည်း သီဟသူသည် ကျွန်ုပ်၏ညီဖြစ်သည်။ အပြစ်ပြုသာမည်မဟုတ်၊ ကျွန်ုပ်ကျေးဇူးတော်ကို ခံထိုက်သသူဖြစ်တော့သည်"ဟု မိန့်ကြားတော်မူသဖြင့် အရေးတော်ပြီးကာ မင်းခေါင်သည် ဘုရင့်နောင်ထံတွင် သစ္စာတော်ခံ၍ တောင်ငူမြို့ကို အပ်လေသည်။ 
        
        သို့ဖြင့် ဘုရင့်နောင်မင်းတရားသည် သက္ကရာဇ်(၉၁၂)ခု၊  တပို့တွဲလဆန်း (၅)ရက်၊ တနင်္ဂနွေနေ့တွင် အလိုတော်ပြည့်ကာ မင်္ဂလာဘိသိက်ခံတော်မူပြီး ကေတုမတီတောင်ငူအလုံးကို သိမ်းရုံးစိုးမိုးအုပ်ချုပ်တော်မူလေသည်။ 

ပြီးပါပြီ။

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော်

ဟိန်းဇေ 

No comments:

Post a Comment