Wednesday, October 9, 2013

ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး (အပိုင်း - ၁)

မာတိကာ

  1. ရေးသားပြုစုသူ၏အမှာ
  2. ပုဂံမတိုင်မီ မြန်မာအစနှင့် ပျူနိုင်ငံမတိုင်မီ ပရိုင်းမိတ်လူ
  3. ပုဂံသည် မြန်မာ၊ မြန်မာသည် ပုဂံ
  4. သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၏ သမိုင်းဆိုင်ရာ အတွေးအမြင်အယူ
  5. မင်းမြတ်အနော်ရထာ
  6. မင်းမြတ်ကျန်စစ်သား
  7. မင်းမြတ်အလောင်းစည်သူ
  8. မင်းမြတ်တပင်ရွှေထီး
  9. မင်းမြတ်ဘုရင့်နောင်
  10. မင်းမြတ်အလောင်းဘုရား
  11. မင်းမြတ်ဆင်ဖြူရှင်
  12. မင်းမြတ်ဘိုးတော်ဘုရား
  13. မင်းမြတ်မင်းတုန်းမင်း


  • ရေးသားပြုစုသူ၏အမှာ

        ဝတ္တုတစ်ပုဒ် ရေးပါတယ်။ ဒါမှမဟုတ် သုတဆိုင်ရာဆောင်းပါးတစ်ပုဒ်ကို ရေးပါတယ်။ လွယ်လားဆိုတော့ မလွယ်ပါဘူး။ စာတတ်ရုံ၊ စာတွေဖတ်ရုံလောက်နဲ့လည်း ဝတ္ထုကောင်း တစ်ပုဒ်၊ ဆောင်းပါးကောင်းတစ်ပုဒ် ဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူး။ စာရေးတယ်ဆိုတာ အတတ်ပညာတစ်ခုပါ။ ဘဝဖြတ်သန်းမှုဆိုတဲ့ အတွေ့အကြုံဝမ်းစာတွေလည်း ရှိဖို့လိုပါတယ်။ Talent ဆိုတဲ့ ပါရမီ မပါရင်လည်း မဖြစ်နိုင်ပါဘူး။
        ဒါပေမယ့် ... အဲ့ဒီ သုတရသစာမျိုးရေးတဲ့အလုပ်က မလွယ်ကူပေမယ့် လွတ်လပ်မှုကတော့ အများကြီးရှိပါတယ်။ ကိုယ်ယုံကြည်တဲ့အတိုင်း လွတ်လပ်စွာတွေးပြီး လွတ်လပ်စွာ ရေးနိုင်ပါတယ်။ စိတ်ကူးဥာဏ်လည်း ကွန့်မြူးနိုင်ပါတယ်။ 
        ရသဝတ္ထုဆိုရင် ပိုလို့တောင်လွတ်လပ်ပါသေးတယ်။ MRTV တွေနဲ့ မြဝတီမှာပြနေတဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေလိုပေါ့။ ဘာမှမဟုတ်တာကလေးကိုလည်း ဗာရာဏသီချဲ့လို့ရပါတယ်။ ပေရှည်ချင်တိုင်း ရှည်လို့လည်းရပါတယ်။ မှားချင်လည်း မှားမယ်။ မှန်ချင်လည်း မှန်မယ်။ အတွေးရော၊ အရေးပါ လွတ်လပ်ပါတယ်။ တချို့အပျော်ဖတ်တွေဆိုရင် တစ်ပတ်လောက်နဲ့တောင် လုံးချင်းဝတ္ထုတစ်အုပ် ရေးနိုင်တဲ့သူတွေ ရှိပါတယ်။ ငွေရပြီးစတမ်း ဘာရေးရမလဲ ဆိုတာမျိုးတွေပါ။ တစ်နေ့တည်းနဲ့လည်း A4 စာရွက်(၂၀)လောက်ကို ပြီးအောင်ရေးနိုင်တဲ့သူတွေလည်း ရှိတယ်။ ဒီလိုရေးကြတော့ အပျော်ဖတ်အဆင့်မှာတောင် စာဖတ်ပရိသတ် အကြိုက်နည်းတဲ့ ခပ်ညံ့ညံ့တွေလို့ ဆိုရမှာဖြစ်ပါတယ်။ 

        နိုင်ငံတစ်နိုင်ငံရဲ့သမိုင်းကို ရေးသားဖို့၊ ပြုစုဖို့ကျတော့ မလွယ်တော့ပါဘူး။ မှန်ကန်တဲ့အကြောင်းအရာ၊ အဖြစ်အပျက်ကို ပြုစုရမှာဖြစ်တဲ့အတွက် ပြုစုတဲ့သူမှာ တာဝန်အလွန်ကြီးပါတယ်။ စာအုပ်စာတမ်းတွေ၊ တတ်နိုင်ရင် ကျောက်စာတွေ၊ မြေပုံစာတွေကို အများကြီးလေ့လာဖို့လိုပါတယ်။ အချိန်လည်း ယူရပါမယ်။ အုပ်စိုးသူ မင်းတစ်ပါးရဲ့အကြောင်းကို ပြုစုမယ်ဆိုရင်တောင် မလွယ်ပါဘူး။ ဒါကြောင့်လည်း တချို့သမိုင်းဆိုင်ရာစာအုပ်တွေမှာ အနော်ရထာတို့လို၊ ကျန်စစ်သားတို့လို သမိုင်းမှာအလွန်ထင်ရှားတဲ့ မင်းတွေအကြောင်းကိုရေးတာတောင် မှန်အောင်မရေးနိုင်တာ တွေ့ရပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း မဂ္ဂဇင်း၊ ဂျာနယ်တချို့မှာ စာရေးသူ အမုန်းခံပြီး ထောက်ပြခဲ့ပြီးပါပြီ။ အမှားတွေကို ပြင်သူမရှိဘဲထားလို့ ကြာသွားခဲ့ရင် အမှန်တွေလိုဖြစ်တတ်သွားတာမျိုးမို့ စေတနာနဲ့ ထောက်ပြခဲ့တာပဲဖြစ်ပါတယ်။ 
        သမိုင်းကိုရေးသားပြုစုတဲ့သူဟာ တခြားစာတွေလို စိတ်ကူးဥာဏ် ကွန့်မြူးလို့လည်းမရပါ။  စာမျက်နှာတွေများအောင်ဆိုပြီး ရှိထာထက်ပိုပြီး ချဲ့ရေးလို့လည်း မရပါ။ ဒီနေရာမှာ သမိုင်းကို ရသဖွဲ့ဝတ္ထုရေးသူတွေနဲ့လည်း ကွာပါတယ်။ ရသဖွဲ့သမိုင်းဝတ္ထုတွေမှာကတော့ မှန်တာတွေလည်း ပါနိုင်သလို၊ စာရေးသူက စိတ်ကူးဥာဏ်ကွန့်ထားတဲ့ တကယ်မဖြစ်ခဲ့တာတွေလည်း ပါနေမှာပဲဖြစ်ပါတယ်။ တချို့ဆို ဆင်ဆင်ခြင်ခြင်၊ နှိုင်းနှိုင်းချိန်ချိန် မရေးဘဲ လူပြိန်းကြိုက်ဆိုတာမျိုးတွေ ထည့်ရေးတဲ့အတွက် သူတို့ရေးတဲ့ဝတ္ထုတွေထဲကျမှ လေးစားရတဲ့ မင်းတွေ၊ မိဖုရားတွေကို အထင်အမြင်သေးစရာ ဖြစ်ရတာ မျိုးတွေ၊ ထိခိုက်နစ်နာသွားရတာမျိုးတွေကိုလည်း တွေ့ရပါတယ်။ ချစ်ရေးကိစ္စတွေရေးတာမှာ ပိုဆိုးပါတယ်။ 

        ရေးချင်တာရှိပါသေးတယ်။ တချို့သမိုင်းဝတ္ထုတွေမှာ သမိုင်းအမှားတွေကို တွေ့ရှိရတာ ထားပါဦး။ အခုထိ သမိုင်းဆောင်းပါးတချို့မှာတောင် အမှားတွေ၊ လွဲနေတာတွေကို စိတ်မကောင်းစရာ တွေ့နေရပါသေးတယ်။ တတိယအကြိမ် ပြန်ရိုက်ပြီး ရောင်းနေရတဲ့ ပုဂံနဲ့ပတ်သက်တဲ့ စာအုပ်တစ်အုပ်မှာဆိုရင် အနော်ရထာမင်း တည်ထောင်ခဲ့တဲ့ ပထမမြန်မာနိုင်ငံတော်ကို ဆက်လက်ပြီး တည်တံ့အောင်၊ တိုးတက်အောင် ဆောင်ရွက်ခဲ့တဲ့ မင်းကောင်းမင်းမြတ် တစ်ပါးဖြစ်တဲ့ မြန်မာတွေရဲ့ ကျေးဇူးရှင် ကျန်စစ်သားမင်းကိုတောင် မှားပြီးရေးသားထားတာတွေ ဖတ်လိုက်ရပါတယ်။ ဒီလိုရေးလိုက်တဲ့အတွက် စာဖတ်သူတွေ အမှတ်မှားသွားနိုင်သလို၊ ကျန်စစ်သားမင်းအတွက်လည်း အင်မတန်ထိခိုက်နစ်နာလှပါတယ်။ 
        အဲဒါကတော့ နံပါတ် ၁။ ကျန်စစ်သားဟာ အနော်ရထာမင်းက ဝေသာလီပြည်က ပဉ္စကလျာဏီမင်းသမီးကို သွားပြီးယူဆောင်ခိုင်းတဲ့ ရာဇတမန်အမတ်နဲ့ ပဉ္စကလျာဏီတို့ကရတဲ့ ရာဇတမန်အမတ်ရဲ့သား ဖြစ်တယ်။
        နံပါတ် ၂။ လူမျိုးအနေနဲ့ကြည့်ရင် ရခိုင်ဝေသာလီပြည်က ရခိုင်မင်းသမီး ပဉ္စကလျာဏီကမွေးလို့ ရခိုင်မြန်မာလူမျိုးဖြစ်တယ်။ 
        နံပါတ် ၃။ အဲဒီလူမျိုးဖြစ်တဲ့အတွက် ကျန်စစ်သားက ကုလားကို မုန်းတယ်။ ဒါကြောင့် လူစွမ်းကောင်းဗျတ္တနဲ့ ဗျတ္တရဲ့ သားနှစ်ယောက်ဖြစ်တဲ့ ရွှေဖျဉ်းကြီး ရွှေဖျဉ်းလေးတို့ကို သတ်ပစ်တယ်လို့ ဆိုထားပါတယ်။ 

        အလွန်စိတ်မကောင်းစရာဖြစ်တဲ့ အမှားတွေပဲ ဖြစ်ပါတယ်။ စာရေးသူ စာရေးသူရဲ့ စာအုပ်တွေနဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေထဲမှာလည်း ရေးခဲ့ပြီးပါပြီ။ နောက်ဆုံးလေ့လာတွေ့ရှိရတဲ့ အကိုးအထောက်တွေနဲ့ပါ။ 

        ရှင်းရရင်တော့ နံပါတ် ၁။ ကျန်စစ်သားက ရာဇတမန် အမတ်ရဲ့သား မဟုတ်သလို၊ အနော်ရထာမင်းရဲ့ သားတော်လည်း မဟုတ်ပါ။ ဦးကုလားရဲ့ မဟာရာဇဝင်မှာပါတဲ့ ပဉ္စကလျာဏီမင်းသမီးနဲ့ လူသားမဟုတ်တဲ့ နဂါးနဲ့ရပြီး မွေးတယ်ဆိုတာမျိုးကလည်း နိုင်ငံတကာက လက်သင့်မခံတဲ့ သမိုင်းရှုထောင်ကကြည့်ရင် ယုတ္တိမရှိတဲ့အတွက် လက်ခံနိုင်စရာမရှိပါ။ အဲဒီမဟာရာဇဝင်ထဲမှာပဲပါတဲ့ နေနတ်သားနဲ့ နဂါးမဇံသီးက မွေးတယ်လို့ ရေးထားတာကိုလည်း ပညာရှင်တွေက လက်မခံပါ။ ကျန်စစ်သားရဲ့ဖခင်နဲ့ မိခင်အမှန်ကို ယနေ့ထိ ဘယ်သူမှ အတိအကျမပြောနိုင်ကြသေးဘူးလို့ ဆိုပါရစေ။ 
         နံပါတ် ၂။ ကျန်စစ်သားဟာ ရခိုင်မြန်မာလူမျိုးဆိုတာလည်း မမှန်ပါ။ ပဉ္စကလျာဏီဆိုတာက ဝေသာလီပြည် ရခိုင်ဘုရင်ရဲ့ သမီးတော်မဟုတ်ဘဲ မြန်မာနိုင်ငံအနောက်ဘက်ရှိ အာသံလို့ခေါ်တဲ့နယ်နဲ့ ဘင်္ဂလားနယ် အရှေ့ပိုင်းဒေသမှာရှိတဲ့ ပဋိက္ကရားပြည်က အိန္ဒိယတိုင်းရင်းသားဘုရင်ရဲ့ သမီးတော် ဖြစ်နေလို့ပါပဲ။ (၁၉၁၁)ခုနှစ်က တူးဖော်ရရှိတဲ့ မြစေတီကျောက်စာ ကိုကြည့်ရင် ကျန်စစ်သားက ပဉ္စကလျာဏီရဲ့သားဆိုတာလည်း မဟုတ်နိုင်တော့ပါ။ 
        နံပါတ် ၃။ ကို ရေးရရင်တော့ အားထားလောက်တဲ့ ဘယ်ရာဇဝင်သမိုင်းကျမ်းတွေ၊ ပညာရှင်တွေ ပြုစုခဲ့ပြီး ဒီကနေ့ သမိုင်းကို သုတေသနပြုနေတဲ့ ပညာရှင်တွေ လက်ခံထားကြတဲ့ ဘယ်စာအုပ်စာတမ်းမှာမှ ဒါနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့အထောက်အထားတွေ မတွေ့ရတဲ့အတွက် ကျန်စစ်သားက ရခိုင်မြန်မာဖြစ်နေလို့ ကုလားမုန်းပြီး ဗျတ္တနဲ့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ကို သတ်ပစ်တယ်ဆိုတာလည်း လုံးဝမမှန်ဘူးလို့ ဆိုရမှာဖြစ်တယ်။ 

        တစ်ချိန်က ဇာတ်ပွဲတွေမှာတော့ ဇာတ်စာရေးဆရာတွေ ရေးတာတွေကို ဇာတ်ထုပ်ခင်းပြီး ကပြခဲကြတာ စာရေးသူလည်း ကြည့်ခဲ့ရဖူးပါတယ်။ အနော်ရထာ တရုတ်ပြည်ကအပြန် လမ်းမှာ ဘုရားတည်တယ်။ ရွှေဖျဉ်းညီနောင်က အပျော်တွေလွန်ပြီး တာဝန်မကျေဘဲ အုတ်(၂)ချပ် လပ်နေတာကို အနော်ရထာတွေ့သွားတဲ့အခါ မြေးတော်လိုချစ်ရတဲ့ အဲဒီညီနောင်(၂)ဦးကို မလိမ္မာ တစ်ခါမိုက်တဲ့အတွက် ကြိမ်နဲ့ရိုက်ဆုံးမခိုင်းတာကို သူ့ထက်အစွမ်းကောင်းလို့ မနာလိုဖြစ်နေတဲ့ ဘိုးတော်ကျန်စစ်သားက ဝါးရင်းတုတ်နဲ့ အသေရိုက်သတ်လိုက်တယ်။ အဲဒီတော့ အဲဒီဇာတ်ထုပ်မှာ  ကျန်စစ်သားက အားလုံးမုန်းကြတဲ့ ကုန်းရုပ်ကြီးဖြစ်သွားတာကို ကြည့်ခဲ့ရဖူးပါတယ်။  ဒါတွေက အမှန်မဟုတ်တဲ့  ဇာတ်ဝတ္ထုတွေပါ။ ဒဿဂီရိကို လူကြမ်းနေရာကနေ မင်းသားနေရာမှာတင်ရေးတဲ့ ရသဖွဲ့ဝတ္ထုလိုပါပဲ။ ရသပိုင်းကနေ ဝတမ္ထုအနေနဲ့ပဲ လက်ခံလို့ရပါတယ်။ 
        စာရေးသူအနေနဲ့ စာရေးသူတို့ရဲ့ နိုင်ငံသမိုင်းမှာ ထင်ရှားပြီး နိုင်ငံနဲ့လူမျိုးကို အကျိုးတွေပြုခဲ့ကြတဲ့ မြန်မာမင်းကောင်းမင်းမြတ်တွေရဲ့အကြောင်းကို ဓာတ်ပုံတွေ စုံစုံလင်လင်ထည့်ပြီး စာအုပ်အနေနဲ့ရေးချင်နေတာတော့ ကြာပါပြီ။  အခုမှပဲ ရေးဖြစ်ပါတော့တယ်။ 

        သမုဒ္ဒရာဇ်မင်းကစလို့ ပုဂံမင်း (၅၅)ဆက်ကနေ ရေတွက်ရင် ကုန်းဘောင်ခေတ် သီပေါမင်းအထိ မင်းပေါင်း (၁၀၀)ကျော် ရှိပါတယ်။ ရေးချင်တာက မင်း(၁၁)ပါးပါ။ တကယ်ရေးပြီဆိုတော့ စာအုပ်နာမည်နဲ့လိုက်အောင် တကယ်ရေးသင့်တဲ့၊ ရေးစရာတွေလည်းများတဲ့မင်းအနေနဲ့ မင်း(၉)ပါးကို တွေ့ရှိရပါတယ်။ ပုဂံခေတ်က မင်း(၃)ပါးဖြစ်တဲ့ အနော်ရထာ၊ ကျန်စစ်သားနဲ့ အလောင်စည်သူ။ တောင်ငူ ဟံသာဝတီခေတ်က မင်း(၂)ပါးဖြစ်တဲ့ တပင်ရွှေထီးနဲ့ ဘုရင့်နောင်၊ တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ကုန်းဘောင်ခေတ်က အလောင်းဘုရား၊ ဆင်ဖြူရှင်၊ ဘိုးတော်ဘုရားနဲ့ မင်းတုန်း  စုစုပေါင်း မင်းကောင်းမင်းမြတ် (၉)ပါး အကြောင်းပဲ ဖြစ်ပါတယ်။ 

        ဒီမင်းတွေအကြောင်းကို ရေးသားပြုစုရာမှာ စာအုပ်စာတမ်းတော်တော်များများကို ရှာဖွေလေ့လာခဲ့ရပါတယ်။ သမိုင်းမှန်ဖြစ်စေချင်တာကြောင့် နှိုင်းနှိုင်းချိန်ချိန်နဲ့ ဖယ်သင့်တာတွေကိုဖယ်ပြီး ယူသင့်တာတွေကို ယူရပါတယ်။ အမှားတွေပါလာမှာစိုးတဲ့အတွက်လည်း အချိန်တွေယူပြီး သတိနဲ့ရေးသား ပြုစုရပါတယ်။ ဒီစာအုပ်မှာ ပုဂံမတိုင်မီ မြန်မာလူမျိုးရဲ့အစနဲ့ ပျူခေတ်မှာ ထင်ရှားတဲ့ ပန်ထွာဘုရင်မနဲ့ ဒွတမ္တဘောင်မင်းတို့ရဲ့ ဗိဿနိုးတို့၊ သရေခေတ္တရာတို့ဆိုတဲ့ ပျူနိုင်ငံတွေမတိုင်မီ လူတူပရိုင်းမိတ်တွေရဲ့အကြောင်းကိုလည်း သုတေသနပြုကြတဲ့ သမိုင်းပညာရှင်တွေရဲ့ နောက်ဆုံးတွေ့ရှိချက်တွေနဲ့အတူ အချိန်ယူလေ့လာပြီး ရေးသားပြုစုထားပါတယ် ဆိုတာကို ရေးလိုပါတယ်။ 

ဟိန်းဇေ




ကမ္ဗောဇသာဒီနန်းတော် ဘုရင့်နောင်ပလ္လင်ရှေ့

ဆက်ရန် (အပိုင်း - ၂) ပုဂံမတိုင်မီ မြန်မာအစနှင့် ပျူနိုင်ငံမတိုင်မီ ပရိုင်းမိတ်လူ


No comments:

Post a Comment