Wednesday, February 29, 2012

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၈)


  • တပင်ရွှေထီး တောင်ငူထီးနန်းကို စိုးစံတော်မူခြင်း


           ကေတုမတီ (တောင်ငူ)မြို့တည်နန်းတည် ဘုရင်မင်းကြီးညိုသည် နန်းစံနှစ် (၄၆)နှစ်၊ သက်တော် (၇၂) နှစ်၊ သက္ကရာဇ် (၈၉၂)ခု၊ နတ်တော်လဆန်း (၅)ရက်နေ့တွင် နတ်ရွာစံတော်မူသည်။


           မင်းကြီးညိုကား အင်းဝနိုင်ငံတော် လက်အောက်မှ လွတ်မြောက်အောင် ကြိုးစားကာ မြို့သစ်နန်းသစ်တည်ပြီး လွတ်လပ်စွာ သီးခြားစိုးစံတော်မူသော မင်းဖြစ်သည်။ မင်းကြီးညိုတည်ထောင်တော်မူခဲ့သော ကေတုမတီ(တောင်ငူ) ရွှေမြို့တော်ကြီးကား မြန်မာနိုင်ငံ ၏ ဗဟိုချက်မသဖွယ်လည်းဖြစ်သည်။ မြို့ခင်းမြို့နေ အလွန်ပြန့်ပြူးသာယာလှသည်။ မြေသြဇာလည်း အလွန်ကောင်းသည်။ မြို့တော်၏ ဝန်းကျင်မှာလည်း မြစ်ချောင်း၊ တောတောင်၊ သစ်ပင်တို့ဖြင့် ဝန်းရံကာ စိမ်းလန်းစိုပြေနေသည်။

           မြို့တော်တွင် ထင်ရှားသည့် မြတ်စောညီနောင်ဘုရား၊ မြထီးတင်ခေါ်သည့် ကန်းနီဘုရား၊ ရှင်ပင်ကျောက်ဆောက်ဘုရား၊ မြင်ပုန်းမြင်တင်ဘုရား၊ ဆံတော်ဘုရား၊ စည်းခုံဘုရားနှင့် အခြားတန်ခိုးကြီးဘုရားများသည်လည်း တည်ရှိကြ၏။ အာသာဝတီခေါ်သော ပေါင်းလောင်းမြစ်၊ ခပေါင်းချောင်းကြီးတို့ဖြင့် မြို့တော်၏အလှကို တန်ဆာဆင်လျက်ရှိ၏။

           ယခုသော် ကေတုမတီ ရွှေနန်းတည် ရွှေမြို့တော်သည် ဘုရင်မင်းကြီးညိုကား နတ်ရွာစံတော်မူလေပြီ။ ထို့ကြောင့် ကေသုမတီ ထီးနန်းကို စိုးစံရန်အတွက် မှူးကြီးမတ်ရာ သေနာပတိအပေါင်းတို့က မင်းကြီးညို အလွန်အားထားတော်မူသည့် မင်းကြီးညို၏ တစ်ပါးတည်းသော သားတော်ရတနာ တပင်ရွှေထီးကို မင်းအဖြစ်တင်မြှောက်လိုက်ကြလေသည်။ ထို့ကြောင့် သက်တော် (၁၅)နှစ်၊ သက္ကရာဇ် (၈၉၂)ခု၊ နတ်တော်လဆန်း (၅)ရက်၊ ကြာသာပတေးနေ့တွင် တပင်ရွှေထီးသည် မင်းအဖြစ်သို့ရောက်ရှိတော်မူ ခဲ့ပြီး၊ ကေတုမတီ တောင်ငူနန်းကို စိုးစံအုပ်ချုပ်တော်မူသည်။

           တပင်ရွှေထီးကား ရှင်ရဲထွတ်ကို ညီနောင်နွယ်ရင်းသဖွယ် အလွန်ချစ်ခင်တော်မူသကဲ့သို့၊ ယုံလည်းယုံကြည်၊ အားလည်းထားတော်မူသည်။ ထို့ကြောင့် မင်းဖြစ်လာသောအခါ ရှင်ရဲထွတ်ကို ‘ကျော်ထင်နော်ရထာ’ ဟူသော ဘွဲ့မည်နှင်း၍၊ အိမ်ရှေ့စံအရာသဖွယ် ထားတော်မူသည်။ (အိမ်ရှေ့စံဟူ၍ အတိအကျအပ်နှင်းခြင်းမဟုတ်။) ရှင်ရဲထွတ်၏ ညီမတော် ခင်ဘုန်းကိုလည်း မိဖုရားမြှောက်တော်မူသည်။

           တပင်ရွှေထီး၏ အဓိက မိဖုရားနှစ်ပါးမှာ တပင်ရွှေထီးနှင့် ငယ်ရွယ်စဉ်ကပင် သံယောဇဉ်နှောင်တွယ်ရစ်ခဲ့ကြသည့် ခင်ဘုန်းနှင့် အထိန်းတော် သတိုးဓမ္မရာဇာဘွဲ့ခံ ရှင်နီတာ၏ သမီးတော် ခင်မြတ်တို့ပင် ဖြစ်သည်။

         ထို့ပြင် မိမိအရွယ်ငယ်စဉ်မှစလျက် ယခု မင်းအဖြစ်သို့ ရောက်ရှိလာသည့်တိုင်အောင် ကျေးဇူး အထူးရှိသူတို့အားလည်း ဘွဲ့ထူး၊ ဂုဏ်ထူး၊ အဆောင်အယောင်ထူးတို့ဖြင့် ချီးမြှင့်မြှောက်စားတော်မူသည်။ ထိုသို့ မြှောက်စားတော်မူရာတွင် ရှင်ရဲထွတ်၏ ဖခင်အထိန်းတော်ကြီး မင်းကြီးဆွေမှာ ‘မင်းရဲသိင်္ခသူ’ ဟူသော ဘွဲ့မည်ဖြင့် ရာထူးစည်းစိမ် အဆောင်အယောင်တို့နှင့် ချီးမြှင့်မြှောက်စားခြင်း ခံရသည်။  (မင်းကြီးဆွေမှာ နောင်အခါ၌ တောင်ငူဘုရင်ခံ ဖြစ်လာ၏။)

           တပင်ရွှေထီးသည် မင်းဖြစ်လာသည့်အခါ၌လည်း မင်းပွဲသဘင်၊ ညီလာခံပွဲသဘင်တို့မှတစ်ပါး ရှင်ရဲထွတ်ကို ငယ်စဉ်က ကဲ့သို့ပင် နောင်တော်ရင်းသဖွယ်ထားလျက် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံတော်မူသည်။ တိုင်ပင်ရန်ကိစ္စများကိုလည်း ရှင်ရဲထွတ်နှင့်သာ တိုင်ပင်တော်မူသည်။

           စစ်မှုရေးရာအလုံးစုံတို့တွင်လည်း ရှင်ရဲထွတ်ကိုသာ လွှဲပုံအပ်နှင်းတော်မူသည်။ ကျော်ထင်နော်ရထာဘွဲ့ဖြင့် ထင်ရှားလာသော ရှင်ရဲထွတ်ကလည်း ပင်ကိုမူလ ပဋိသန္ဓေဓာတ်ခံသန့်စင်သည့် ပုဂ္ဂိုလ်ဖြစ်သောကြောင့် တပင်ရွှေထီးနေရာပေးကာ လုပ်ပိုင်ခွင့်အာဏာ လွဲပုံထားပါသော်လည်း စိတ်ထားတက်ကြွဖောက်ပြန်မောက်မာခြင်းမရှိ။ တည်ကြည်ခိုင်မာသည့် စိတ်ဓာတ်ဖြင့် ယခင်နေမြဲအတိုင်းပင် မပြောင်းမလဲဘဲ က္ကုနြေ္ဒရစွာ နေသည်။

           တပင်ရွှေထီးအပေါ်မှာလည်း အလွန်သစ္စာရှိစွာဖြင့် ရှေးကမေတ္တာ အတိုင်းပင် ဘုရင့်အကျိုးကိုသာများစွာလိုလားသော စိတ်ဖြင့် အမှုတော်အမျိုးမျိုးကို သက်စွန့်ကြိုးပမ်းထမ်းရွက်ခဲ့သည်။ (နောင်တွင် ဘုရင့်နောင်ဟု မြန်မာ့သမိုင်းတွင်အထင်ရှားဆုံးဖြစ်လာမည့် ရှင်ရဲထွတ်၏ စိတ်နေသဘောထားကား အတုယူဖွယ်ကောင်းလေစွ။ သစ္စာတော်ခံ သစ္စာတော်ကြီးသည့် နေရာတွင် အာဏာရမ္မက်၊ လောဘမဖက်သည့် တုပြိုင်နိုင်သူမရှိ၊ အဓိပတိပုဂ္ဂိုလ် ဖြစ်သဖြင့် အလွန်အားကျ ချီးကျူးရမည့် ပုဂ္ဂိုလ်ဟု ဆိုရပါမည်။)

           ထို့နောက် တပင်ရွှေထီးသည် ရှင်ရဲထွတ်နှင့် အစ်မတော်သခင်ကြီးတို့၏ သံယောဇဉ်မေတ္တာတော်ကို သိထားတော်မူပြီး ဖြစ်သဖြင့် နောင်တော်ရှင်ရဲထွတ်နှင့် အစ်မတော် သခင်ကြီးတို့ကို လက်ထပ်မင်္ဂလာပွဲသဘင် ဆင်ယင်ကျင်းပ ပေးတော်မူသည်။ ဤသို့ တပင်ရွှေထီးက နှစ်လိုလက်ခံ လက်ထပ်မင်္ဂလာသဘင်ကို ဆင်ယင်ပေးသဖြင့် ကေတုမတီ ပြည်သူပြည်သားတို့မှာ အထူးပင် ကျေနပ်ဝမ်းမြှောက်ခြင်း ဖြစ်ကြရသည်။

           “ငါတို့ဘုရင်မင်းတရားသည် အရွယ်ပင်ငယ်သော်လည်း စိတ်နေကား မှန်ကန်ဖြူစင်မြင့်မြတ်လှသည်။ မင်းတို့ကျင့်ဝတ်တရားနှင့်လည်း ညီညွှတ်လှပေသည်။ အစဉ်သဖြင့် ဘုန်းညွှန့်တလူလူနှင့် ဂုဏ်ရောင်သတင်း ထွန်းပြောင်မည့် မင်းပင် ဖြစ်လာလိမ့်မည်”  ဟု ပြောဆိုကြကာ မိမိတို့၏အရှင်သခင် ချီးမွမ်းဂုဏ်တင်ကြလေ၏။ ဘုရင်မင်းမြတ်၏ ဘုန်းသမ္ဘာတော် တက်နေဝန်းသွင်အရောင်လျှံ၍ နိုင်ငံပြည်ရွာ ကျယ်ဝန်းစေကြောင်းကိုလည်း ဆုတောင်းခြင်းပြုကြလေ၏။

ဆက်ရန် (အပိုင်း - ၉)  သမိုင်းတွင်သည့် သူရဲကောင်းရွေးချယ်ပွဲ



No comments:

Post a Comment