Wednesday, February 29, 2012

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၄)


  •  သမိုင်းထင်ရှား ဖြောင့်မတ်သည့်မင်းနှစ်ပါး

           ‘မင်းတရားရွှေထီး’ ဟုလည်း သိရှိကြသည့် တပင်ရွှေထီးကား လက်ရုံးရည်၊ နှလုံးရည် ဘုန်းသမ္ဘာတို့နှင့် ပြည့်စုံသော မြန်မာ့သမိုင်းတွင် ထင်ရှားကျော်ကြားသည့် မင်းကောင်းမင်းမြတ်တစ်ပါးပင် ဖြစ်သည်။ စိတ်ထားဖြူစင်မြင့်မြတ်ပြီး အာဇာနည်ယောက်ျားကောင်း ယောက်ျားမြတ်ဖြစ်သော ထိုမင်းလက်ထက်တွင် ရန်သူ့ နယ်မြေ ဖြစ်သည့် ရွှေမော်ဓောစေတီတော်၌ နားထွင်းမင်္ဂလာ ဆင်ယင်ကျင်းပခြင်း၊ ဖောင်ဖျက်နွှဲခဲ့သည့် ဘုရင့်နောင်၏ နောင်ရိုးတိုက်ပွဲ၊ ယိုးဒယားကို ချီတက်၍ အနိုင်တိုက်ကာ မြန်မာတို့၏ သတ္တိသွေးကို ပြခြင်းအပါအဝင် သမိုင်းကို လေ့လာလိုသူများအတွက် စိတ်ဝင်စားဖွယ် သမိုင်းဖြစ်ရပ်များစွာ ပေါ်ပေါက်ခဲ့သည်။


           ဆိုရလျှင် တပင်ရွှေထီးဟု ရေးလိုက်သည်နှင့် ဘုရင့်နောင်ပါလာရမည်ဖြစ်သလို ဘုရင့်နောင်အကြောင်း ရေးရမည်ဆိုလျှင်လည်း တပင်ရွှေထီးပါ ပါလာရတော့မည်ဖြစ်သည်။ ထိုမင်းနှစ်ပါးကို ခွဲ၍မရ၊ ငယ်စဉ်ကလေးဘဝမှစ၍ ညီနောင်နွယ်ရင်းများထက်ပင် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြသူများဟု ဆိုရမည်။ မင်းနှစ်ပါးစလုံးက သမိုင်းတွင် ရှားရှားပါးပါးဆိုရလောက်အောင် အလွန်ဖြောင့်မတ် ကြသည်။ တည်ကြည်ပြီး စိတ်သဘောထား အလွန်ပြည့်ဝကြသည်။ ဘုရင့်နောင်ကလည်း ယောက်ျားကောင်း ယောက်ျားမြတ် ဖြစ်သည့်အတိုင်း တပင်ရွှေထီးအပေါ်တွင် အလွန်သစ္စာရှိခဲ့သည်။

           မြန်မာ့သမိုင်းတွင် အာဏာပလ္လင်အတွက် သားက အဖသတ်၊ ညီက အစ်ကိုသတ်၊ အစ်ကိုက ညီသတ်ဖြင့် တစ်ဦးနှင့်တစ်ဦး ယုတ်မာကောက်ကျစ်ရက်စက်မှုများက ကုန်းဘောင်ခေတ် မြန်မာ့နောက်ဆုံးမင်းဆက်ထိအောင် ရှိခဲ့သော်လည်း တပင်ရွှေထီးမင်းနှင့် ဘုရင့်နောင်မင်းတို့ကား သမိုင်းတွင်အပြစ်ဆိုစရာမရှိအောင် အညစ်အစွန်းကင်းစွာ စိတ်ရင်းပြည့်ဝ နှလုံးလှခဲ့ကြသဖြင့် သမိုင်းထင်ရှား ဖြောင့်မတ်သည့် မင်းနှစ်ပါးဟု ဆိုရလိမ့်မည်ဖြစ်သည်။

ဆက်ရန် (အပိုင်း - ၅) တပင်ရွှေထီးကို ဖွားမြင်ခြင်း


No comments:

Post a Comment