- ဟံသာဝတီကို အစမ်းချီ၍ တိုက်ခိုက်တော်မူခြင်း
တပင်ရွှေထီးသည် ဟံသာဝတီမှကေတုမတီသို့ ပြန်လည်ရောက်ရှိတော်မူလာပြီးနောက် မွန်ဘုရင်
သုရှင်တကာရွတ်ပိ စိုးစံနေသည့် ဟံသာဝတီကို သိမ်းယူရန် အကြံတော်ဖြစ်ပေါ်လာသည်။
ထို့ကြောင့် ညီလာခံသဘင်တွင် မိမိ၏ မှူးကြီးမတ်ရာ သေနာပတိများနှင့်
တိုင်ပင်တော်မူသည်။
“ငါသည် မင်းစည်းစိမ်ကိုတော့ရပြီ၊ မင်းစည်းစိမ်ကိုရ၍ ကာမဂုဏ် ရာဂစည်းစိမ်းကို
ခံစားပြီး၊ နန်းထက်တွင်သာ မွေ့ပျော်သာယာကျေနပ်နေမည်ဆိုပါလျှင် ငါ့နိုင်ငံတော်အတွက်
မည်သို့အကျိုးရှိနိုင်ပါမည်နည်း။ သာမန်ထိုကိစ္စမျှဖြင့် အချိန်ကုန်ခံခြင်းသည်ကား
အကျိုးမဲ့လှချေ၏။ ငါ၏ဆန္ဒတော်ကား ငါ၏ခမည်းတော် တည်တော်မူခဲ့သည့် ကေတုမတီရွှေနန်းတော်ကြီး၏အရိပ်ကို
နေရာအဝှမ်း လွှမ်းမိုးစေလိုသည်။ ထို့ကြောင့် ဟံသာဝတီကိုရှေးဦးစွာ စစ်ချီ၍
တိုက်သင့်သလော၊ သို့မဟုတ် အင်းဝနေပြည်တော်ကို ရှေးဦးစွာ တိုက်သင့်သလောဆိုသည်ကို
လျှောက်တင်ကြစေ”
ထိုအခါ အထိန်းတော်သတိုးဓမ္မရာဇာနှင့် အထိန်းတော်စည်သူကျော်ထင်တို့က . . .
“ကျွန်တော့်အထင်မှာ အင်းဝကို
ဦးစွာစီး၍ မီးတစ်မီးငြိမ်းသောအခါမှ ဟံသာဝတီကို သိမ်းသင့်သည်ဟု ထင်ပါသည်။
အကြောင်းမှာ ယခုအခါ ဟံသာဝတီသည် ပြည်နှင့် ပူးပေါင်းနေသဖြင့်
အင်အားရှိနေဆဲဖြစ်ပါသည်။ ကေတုမတီကိုပင်တိုက်ခိုက်ရန် အကြံယူနေပါသည်။ အင်းဝတွင်
ရှမ်းမင်း သိုဟန်ဘွား အုပ်စိုးနေသဖြင့် မြန်မာအမတ်နှင့် ရှမ်းအမတ်တို့မှာ
စည်းလုံးညီညွှတ်ခြင်း မရှိကြပါ။ နိုင်ငံသားတို့ကလည်း မိစ္ဆာဖြစ်သော သိုဟန်ဘွားကို
ကြည်ညိုခြင်းမရှိကြပါ။ ကျွန်တော်တို့က အရင်တိုက်သိမ်းပါလျှင်
အလွယ်ဖြင့်ရနိုင်မည့်အကြောင်း ရှိပါသည်။ သို့ပါ၍ အင်းဝကို လက်ဦးစွာ စီးရန်သင့်ကြောင်း
လျှောက်တင်အပ်ပါသည်” ဟု လျှောက်ကြ၏။
ကျော်ထင်နော်ရထာကမူ ဤသို့လျှောက်သည်။
“ကျွန်တော်မျိုးအနေဖြင့် ဟံသာဝတီကို
ဦးစွာတိုက်သိမ်းသင့်သည်ဟု ထင်ပါသည်။ ဟံသာဝတီသည် ပြည်နှင့်ပူးပေါင်းသဖြင့်
အားရှိနေသည်မှာ မှန်ပါသည်။ အင်းဝမှာအချင်းချင်းစိတ်ဝမ်းကွဲနေကြသဖြင့်
အားနည်းနေသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ကျွန်တော်ကမူ အားရှိသောနိုင်ငံကို
ဦးစွာဖြိုသင့်သည်ဟု လျှောက်လိုပါသည်။
အင်းဝကိုဦးစွာချီတက်တိုက်ခိုက်မည်ဆိုပါလျှင် ဟံသာဝတီနှင့် ပြည်တို့က ကေတုမတီကို
အမြန်ချီ၍ မတိုက်ဘဲနေကြမည်မဟုတ်။ အလစ်သုတ်ရန်ချောင်းနေသော
သိန်းစွန်ငှက်များကဲ့သို့ ကေတုမတီကို မှန်း၍ နေကြပါသည်။ ဟံသာဝတီမှာ
အင်အားကြီးသည်ဆိုသော်လည်း ကျွန်တော်တို့က မွန်တို့အားကို အမှုမထားလောက်ပါ။
နားထွင်မင်္ဂလာထွက်တော်မူစဉ်ကပင် ရန်သူတို့၏ သတ္တိသွေးနည်းမှုကို
ရိပ်မိတန်လောက်ပါပြီ၊ ထို့ကြောင့် ဟံသာဝတီကိုသာ ရှေးဦးစွာ ချီတက်တိုက်ခိုက်သင့်ကြောင်း
လျှောက်တင်လိုပါသည်”
ကျော်ထင်နော်ရထာ လျှောက်တင်ချက်ကို ကြားရသောအခါ များစွာသောအကြောင်း
လုံလောက်နေသဖြင့် တပင်ရွှေထီးမှာ ကျေနပ်အားရနှစ်သက်ခြင်း ဖြစ်တော်မူရသည်။
မှူးမတ်သေနာပတိ အပေါင်းတို့ ကလည်း ကျော်ထင်နော်ရထာ လျှောက်တင်ချက်ကို
သဘောတူလက်ခံကြသည်။ သို့ဖြင့် ရှေးဦးစွာ ဟံသာဝတီကို ချီတက် တိုက်ခိုက်ရန်
ဆုံးဖြတ်လိုက်ကြသည်။
ထိုစဉ်တွင် ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိကလည်း ကေတုမတီကို သတိပြုကာ စစ်ရေးအတွက်
အထူးပင် ဂရုထားစီစဉ်ရတော့သည်။ ဟံသာဝတီတို့ သင်္ဘောဖြင့်လာကြသည့် နိုင်ငံခြားသားတို့ထံမှ
နိုင်ငံခြားလက်နက်များကို ဝယ်ယူစုဆောင်းရာ ဟံသာဝတီဘုရင်ထံတွင်
နိုင်ငံခြားလက်နက်တို့ဖြင့် ပြည့်စုံလျက်ရှိနေသည်။ နိုင်ငံခြားသားတို့ကို
အမှီသဟဲပြုရသဖြင့်လည်း ဟံသာဝတီဘုရင်သည် ကေတုမတီရန်ကို ခုခံကာကွယ်နိုင်မည်ဟု
အားတက်လျက်ရှိသည်။
သက္ကရာဇ် (၈၉၆) ခုနှစ်၊ တပင်ရွှေထီး သက်တော် (၁၉)နှစ် အရွယ်တော်တွင် ဟံသာဝတီကို
အားစမ်းသည့်အနေဖြင့် စစ်တံခွန်လွှင့်သည့်သဘောမျိုးနှင့် ဟံသာဝတီကို
အစမ်းချီတော်မူသည်။ ထိုအစမ်းချီ စစ်ပွဲတွင် တိုက်ဆင်(၄၀)၊ စစ်မြင်း (၄၀၀)၊ စစ်သည်
(၄၀၀၀၀) ပါဝင်သည်။ ကေတုမတီ တောင်ငူတပ် ရုတ်တရက် ချီလာသဖြင့် ဟံသာဝတီတပ်တို့
ဆီးကြို၍ တိုက်ခွင့် မရ။ မြို့ကိုသာ လုံခြုံစွာ စီး၍ခံကြရ၏။ ကေတုမတီတပ်တို့က
(၇)ရက်တိုင်တိုင် မြို့ကို လုပ်ကြံသော်လည်း မြို့ကိုပေါက်အောင် မဖောက်နိုင်သဖြင့်
ကေတုမတီတပ်များ တပ်ဆုတ်၍ ပြန်ခဲ့ကြရသည်။
ဒုတိယအကြိမ်အဖြစ် သက္ကရာဇ် (၈၉၇) ခုနှစ်တွင် ကေတုမတီတပ်များက ဟံသာဝတီကို
တိုက်ပြန်ရာ တိုက်ဆင်(၆၀)၊ စစ်မြင်း(၈၀၀)၊ စစ်သည်(၆၀၀၀၀) ပါဝင်သည်။
ဟံသာဝတီမြောက်ဘက် ‘ကျပ်ကတိုး’ အရပ်တွင် တပ်တော်ချကာ ဟံသာဝတီကို လုပ်ကြံရာ
ဟံသာဝတီမြို့တွင်းမှ ကုလားဖြူ၊ ကုလားနက်၊ နိုင်ငံခြားစစ်သားများစွာတို့ဖြင့် ဆီးဆို့ခုခံသဖြင့်
သုံးလတိုင်တိုင် လုပ်ကြံသော်လည်း မြို့ကိုမရ၍ တပ်ဆုတ်ပြန်ခဲ့ရ၏။
တပင်ရွှေထီး ကေတုမတီသို့ ပြန်ရောက်တော်မူသည်တွင် ဟံသာဝတီကို
နှစ်ကြိမ်တိုင်တိုင်လုပ်ကြံသော်လည်း မအောင်မြင်ခြင်းနှင့် ပတ်သက်၍
မှူးမတ်သေနာပတိများနှင့် တိုင်ပင်တော်မူသည်။
ကျော်ထင်နော်ရထာက . . .
“ကျွန်တော်မျိုးတို့ ဟံသာဝတီကို
ပေါက်အောင်မဖောက်နိုင်သေးသည်မှာ အခြားကြောင့်မဟုတ်ပါ၊ ဟံသာဝတီဘုရင်
သုရှင်တကာရွတ်ပိ ၏ လက်ရုံးများဖြစ်ကြသည့် ဗညားလော၊ ဗညားကျန်းတို့က
ရာမညတိုင်းတွင်ရှိသော အမြို့မြို့မှ လက်ရုံးကောင်းရှိသည့် သူရဲကောင်းတို့ကို
ရွေးချယ်ခေါ်ယူ၍ ကုလားဖြူ၊ ကုလားနက်၊ နိုင်ငံခြား စစ်သည်များနှင့်အတူ မြို့တော်တွင်
လက်နက်အပြည့်အစုံနှင့် ထားပါသည်။ မွန်တို့အား ယခုအခါ ဟံသာဝတီကိုသာ မဲ၍
တိုက်ခိုက်နေကြပါသည်။ စန္ဒဂုတ်စစ်တိုက်သကဲ့သို့ ဗဟိုကိုသာတိုက်ခြင်းမှာ
မသင့်လျှော်ပါ။ ဟံသာဝတီမှတစ်ပါး အခြားမွန်မြို့များမှာ အင်အားမရှိကြပါ။
သို့ဖြစ်ပါ၍ ယခုတစ်ကြိမ်တိုက်လျှင် ဟံသာဝတီကိုမတိုက်သေးပဲ ရာမညတိုင်းနယ်များကိုသာ
တိုက်ယူသင့်ပါသည်”
ဟု လျှောက်တင်ရာ မှူးမတ်သေနာပတိနှင့်တကွ တပင်ရွှေထီးကိုယ်တိုင်
နှစ်သက်တော်မူသဖြင့် ဒဂုန် (ရန်ကုန်)တွင် ကေတုမတီတပ်ကြီးကို ခိုင်လုံစွာတည်၍
ရာမညတိုင်းတစ်ဝှမ်းလုံးကို သိမ်းယူရန် ဆုံးဖြတ်တော်မူသည်။
မှတ်ချက်။
။ ဒဂုန်မှာ ယခု ရန်ကုန်မြို့ဖြစ်သည်။ ထိုစဉ်က ဒဂုန်မှာ ရာမညတိုင်းတွင်း ရှိသည်။
တတိယမြန်မာနိုင်ငံကို တည်ထောင်တော်မူသည့် အလောင်းဘုရားသည်
အောက်နိုင်ငံကိုစုန်တော်မူလာ၍ ဒဂုန်မြို့၌ တပ်တည်ပြီးလျှင် ရာမညတိုင်းမွန်တို့ကို
လုပ်ကြံတော်မူရာ အောင်မြင်တော်မူသဖြင့် ရန်အမျိုးမျိုးတို့၏ ကုန်ရာဌာနဖြစ်သော
နိမိတ်ကိုအစွဲပြုလျက် ဒဂုန်ကို ရန်ကုန်ဟူ၍ သမုတ်တော်မူခဲ့ခြင်းဖြစ်၏။
သက္ကရာဇ် (၈၉၈) ခုနှစ်တွင် တပင်ရွှေထီးသည် တတိယအကြိမ် စစ်ချီတော်မူရာ၌
တိုက်ဆင်(၂၀၀)၊ စစ်မြင်း(၈၀၀)နှင့် စစ်သည်သူရဲ (၇၀၀၀၀) ပါရှိပြီး၊
ကျော်ထင်နော်ရထာကို ဗိုလ်ချုပ်ခန့်ကာ ရှေ့မှ ချီတက်စေသည်။ ကေတုမတီ တွင်မူ
ကျော်ထင်နော်ရထာ၏ ဖခင် မင်းရဲသိင်္ခသူကို ယုံကြည်တော်မူရင်း ရှိသည့်အတိုင်း
မြို့စောင့်ထားတော်မူခဲ့သည်။
ထိုသို့ တတိယအကြိမ် စစ်ချီရာတွင် မွန်ဘုရင် သုရှင်တကာရွတ်ပိ၏ တပ်များသည် ဟံသာဝတီမှ
ထွက်၍ ကောလိယသို့ တိုင်အောင် ချီလာကြကာ ကေတုမတီတပ်များကိုဆီးကြို၍ တိုက်ခိုက်သည်။
ရှေ့ဆုံးမှချီနှင့်သည့် ကျော်ထင်နော်ရထာက မွန်ဘုရင်၏တပ်ကို အတင်းဝင်၍ ပြန်တိုက်ရာ
မွန်တို့အရေးနိမ့်ပြီး ဟံသာဝတီတို့ဆုတ်ပြေးကြရသည်။ ထိုတိုက်ပွဲတွင် မွန်အမတ်ကြီး
သမိန်ပရူကို အရှင်ဖမ်းမိသည်။ လူသူဆင်မြင်းများစွာကိုလည်း ရရှိလိုက်သည်။
ထိုသတင်းကို တပင်ရွှေထီးကြားရသောအခါ လွန်စွာအားရတော်မူသဖြင့်
နားထွင်းမင်္ဂလာကျင်းပစဉ်အခါက စီးတော်မူခဲ့သည့် “သတ္တရုဇေယျ” မြင်းတော်ကို
ကျော်ထင်နော်ရထာအား အောင်ဆုအဖြစ် ပေးတော်မူသည်။
တပင်ရွှေထီးသည် ဟံသာဝတီကို တိုက်ခိုက်ခြင်းမပြုသေးဘဲ ဒဂုန်သို့တိုင်အောင်
အပြင်းချီတော်မူသည်။ ဒဂုန်သို့ရောက်တော်မူလျှင် ရှေးဦးစွာ ဒဂုန်ဆံတော်ရှင်ဘုရား
(ရွှေတိဂုံစေတီတော်)ကို ဖူးမြော်ပြီး ဘုရား၏ အနောက်မျက်နှာတွင် ခိုင်ခံ့စွာ
တပ်ကြီးတည်တော်မူသည်။ ထို့နောက် ပုသိမ်၊ မြောင်းမြ၊ ခဲပေါင်၊ ဒေးပသွယ်မှစ၍
ရာမညတိုင်းရှိ မွန်မြို့များကို တပ်များခွဲ၍ ချီတက်တိုက်ခိုက် သိမ်းယူစေရာ
တိုက်ပွဲတိုင်းအောင်၍ မြို့ရွာဌာနတို့မှ စစ်နှင့်ဆိုင်သော လူသူစစ်မြင်း၊ လက်နက်
အမြောက်အများတို့ကို သိမ်းယူရရှိသည်။ ဒဂုန်တွင် စံနေတော်မူစဉ်
ဒဂုန်ဆံတော်ဘုရားရင်ပြင်တော်သို့ နေ့စဉ်တက်၍ ရှိခိုးဝတ်ပြုတော်မူသည်။
ဒဂုန်ဆံတော်ရှင်ကိုလည်း အလွန်ကြည်ညိုတော်မူသဖြင့် “ရာမညတိုင်း” မွန်သုံးရပ်ကို
အောင်မြင်တော်မူသောအခါ “ဒဂုန်ဆံတော်ရှင်ကို ပြုပြင်မွမ်းမံပါမည်” ဟု
အဓိဋ္ဌန်ထားတော်မူသည်။
မိုးကျချိန်တွင် ဒဂုန်မှ ကေတုမတီသို့ ပြန်လည်၍ စစ်ချီတော်မူလာရာ၌
ဟံသာဝတီအနီးသို့ရောက်လျှင် “စစ်အညောင်း ဆန့်တော်မူဦးမည်” ဟု မိန့်တော်မူကာ
စစ်ကျီစယ်သော သဘောဖြင့် ဟံသာဝတီကို တိုက်ခိုက်တော်မူပြန်သည်။ သို့သော် မွန်တို့က
မြို့တွင်းမှ အခိုင်အခံ့ပြင်ဆင်ပြီး ခုခံကြသောကြောင့် မြို့တော်ကို ရတော်မမူချေ။
No comments:
Post a Comment