- ရန်သူ့နယ်မြေပေါ်မှ နားထွင်း မင်္ဂလာပွဲ
မင်္ဂလာအခါ ရက်ကောင်းရွေးပြီးသည့် နားထွင်းမင်္ဂလာတော် ကျင်းပရန်နေ့ရက်သို့
ရောက်ရှိလာသောအခါ တပင်ရွှေထီးသည် ဟံသာဝတီရှိ ရွှေမော်ဓောစေတီသို့သွားရန်
“ရန်သူအပေါင်းကို အောင်မြင်သောမြင်း” ဟု အဓိပ္ပါယ်ရသည့် “သတ္တရုဇေယျ” အမည်ရှိသော
မြင်းတော်ကို ပတ္တမြားကကြိုးတန်ဆာဆင်၍ စီးတော်မူသည်။
သူရဲကောင်းငါးရာတို့ကိုကား မြင်းကောင်းငါးရာကို စီးစေပြီးလျှင် နားထွင်းမင်္ဂလာ၊
ဥသျှောင်ထုံးမင်္ဂလာပြုတော်မူရန် အဆောင်အယောင် အခမ်းအနားတို့နှင့် မင်္ဂလာပုဏ္ဏား
ရှစ်ဦးတို့ကိုလည်း ခေါ်ဆောင်တော်မူသည်။
ကေတုမတီတောင်မျက်နှာတံခါးမှ စတင်ထွက်တော်မူရာ ကျော်ထင်နော်ရထာက
ဓားလွတ်ကိုကိုင်လျက် ရှေ့တော်မှထွက်သည်။ ချီတော်မူရာတွင် ကျော်ထင်နော်ရထာ၏ဖခင်
မင်းရဲသိင်္ခသူနှင့် အမတ်ပေါင်းလေးကျိပ်တို့ကလည်း မြင်းကိုယ်စီဖြင့် လိုက်ပါ
လာကြသည်။
သို့ဖြင့် အစဉ်အတိုင်းချီရာ လမ်း၌ အဆီးအတား မရှိဘဲ
ရွှေမော်ဓောစေတီသို့ ရောက်ရှိတော်မူသည်။ ကျော်ထင်နော်ရထာ က စေတီရင်ပြင်ပေါ်သို့
မတက်မီ သူရဲကောင်းငါးရာကို . . .
“သူရဲကောင်းများက ရွှေမော်ဓောစေတီတော်ကို အထပ်ထပ်ဝန်းရံ၍ တားကြရမည်။
ကိုယ့်တာဝန်နှင့်ကိုယ် လှုံခြုံစေရမည်။ နားထွင်းမင်္ဂလာပြုတော်မူနေခိုက်တွင်
မည်သူတစ်ဦးမျှ စေတီတော်ပေါ်သို့ တက်မလာစေနှင့်။ မွန်ဘုရင်ကြားသိ၍
စစ်သည်အင်အားနှင့်ချီတက်လာလျင်လည်း နိုင်အောင်ဆီးဆို့ခုခံကြရမည်။ ရွှေနန်းတော်ရှင်မင်းတရား
နားထွင်းတော်မူခိုက်မှာ မင်္ဂလာတော်ကြီး ပျက်ဆီးအောင် အနှောက်အယှက် မရှိစေရ။
ရွှေခွက်ဆွဲရဲဗိုလ်များဖြစ်ကြသည့်အတိုင်း အရှင့်အကျိုးကို
ထိထိရောက်ရောက်ဆောင်ရွက်ကြရမည်” ဟု အမိန့်ပေးသည်။
တပင်ရွှေထီး၊ ကျော်ထင်နော်ရထာနှင့် အမတ်ပုဏ္ဏားတို့က စေတီတော်ရင်ပြင်တော်ပေါ်သို့တက်ကြရာ
စေတီတော်ရှိ မွန်တို့မြင်လျှင် အလွန်ကြောက်လန့်တုန်လှုပ်ကြလျက်
ဦးခိုက်ဝပ်တွားကြသည်။ တပင်ရွှေထီးသည် ရွှေမော်ဓောစေတီတော်ကို
လက်အုပ်ချီဦးထိပ်မိုးလျက် လက်ျာရစ်သုံးပတ် လှည့်တော်မူသည်။
မွေးနံတော်သီရိအရပ်ဖြစ်သည့် အင်္ဂါထောင့်သို့ရောက်လျှင် တန့်ရပ်တော်မူပြီး၊
ထိုအင်္ဂါထောင့်၌ ပုဏ္ဏားတော်များနှင့် နားထွင်းမင်္ဂလာသဘင် ဆင်ယင်တော်မူသည်။
ကေတုမတီဘုရင် တပင်ရွှေထီးက သူရဲကောင်းများခြံရံလျက် ရွှေမော်ဓောစေတီတော်သို့
ရောက်ရှိလာကာ နားထွင်းမင်္ဂလာပြုတော်မူသည့် သတင်း ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိ
ကြားသိ လိုက်သောအခါ မိမိပိုင်နယ်မြေသို့ ကျူးကျော်စော်ကားမှုအတွက်
ဒေါသမာန်ပွားရတော့သည်။
“မှူးတော်မတ်တော်များ .
. ကေတုမတီဘုရင်တပင်ရွှေထီးသည် ငါ၏နိုင်ငံပိုင်နက်သို့ ဝင်ရောက်လာကာ
ရွှေမော်ဓောစေတီတော်သို့ ဆိုက်ရောက်နေပြီဟု ကြားသိတော်မူရသည်။ ဤကိစ္စမှာ ငါ့အား
ဂရုမထား၊ မလေးစားဘဲ ကျူးကျော်စော်ကားလိုက်ခြင်းသာဖြစ်သည်။ ထို့ကြောင့်
ကျူးကျော်လာသူ တပင်ရွှေထီးကို အထိန်းတော်ကြီး ဗညားလောနှင့် ဗညားကျန်းတို့ကိုယ်တိုင်
တပ်တော်များဦးစီးလျက် ချီတက်ဝန်းရံကာ လက်ရအရှင်ဖမ်းဆီးကြရမည်။ လက်မလွတ်စေနှင့်”
ဟု မိန့်ကြားတော်မူလိုက်ရာ
အထိန်းတော် ဗညားလောနှင့် ဗညားကျန်းတို့လည်း မွန်တပ်များကို ချက်ချင်းဆင့်ဆိုကာ
မြို့တော်မှ ထွက်၍ ရွှေမော်ဓောစေတီတော်ရှိရာသို့ ချီတက်လာကြသည်။ စေတီတော်ခြေရင်းမှ
ကေတုမတီ သူရဲကောင်းများကို တွေ့ရသော အခါ ရှေ့ဆက်မချီဝံ့ဘဲ အဝေးမှသာ
ဝန်းရံထားကြသည်။ (ထိုအချိန်က မွန်ဘုရင် သုရှင်တကာရွတ်ပိစံရာ ဟံသာဝတီနန်းမှာ
ယခုလက်ရှိပဲခူးမြို့တည်ရာတွင် မဟုတ်ဘဲ၊ အနောက်တောင်တန်းတွင်ရှိသည်။ ယခု
ပဲခူးမြို့တည်ရာနေရာကို တည်ခဲ့သည့်ဘုရင်မှာ ဘုရင့်နောင်ဖြစ်ပြီး
ဟံသာဝတီနန်းသစ်နေရာဟု ဆိုရမည်။ သုရှင်တကာရွတ်ပိ လက်ထက်၌ ရွှေမော်ဓောစေတီမှာ
ဟံသာဝတီနန်းအပြင်တွင် ရှိနေပြီး၊ ဘုရင့်နောင် နန်းသစ်တည်မှသာ နန်းမြို့အတွင်းသို့
ရောက်ရှိသွားခြင်းဖြစ်၏။)
စေတီတော်ခြေရင်းသို့ ရန်သူတပ်များဝန်ရံလာသည့်သတင်း ကြားသိကြရလျှင် အမတ်အချို့မှာ
တုန်လှုပ်သွားကြသည်။ တပင်ရွှေထီးကမူ ထိုကိစ္စ ကို လုံးဝဂရုမထား။
“ရန်သူတပ်အား အရေးထားဂရုစိုက်ကြရန်မလို၊ ငါ၏ မင်္ဂလာတော်ကိုသာ
ပြီးအောင်ဆောင်ရွက်ကြပြီးလျှင် ငါကိုယ်တော်တိုင် ရန်သူတပ်ကို ဖြိုဖျက်တော်မူမည်”
ဟု ရဲရင့်စွာ မိန့်တော်မူသည်။
နားတော်ထွင်းပြီးသောအခါ ဆံတော်ကို ရှစ်ဦးဥသျှောင်အသစ်ထုံးခြင်းအမှုကို ပြုသည်။
မင်္ဂလာနှစ်ရပ်ပြီးစီးလျှင် ရွှေမော်ဓောစေတီတော်ကို ဦးခိုက်ကန်တော့ကာ
ဆုတောင်းတော်မူသည်။
“တပည့်တော်သည် ငယ်စဉ်က ကြံရွယ်ရင်းရှိသည့်အတိုင်း အရှင်ဘုရား၏အရိပ်ကိုခို၍
နားထွင်းမင်္ဂလာတော်နှင့် ဥသျှောင်ထုံးမင်္ဂလာများကို
အောင်မြင်စွာဆောင်ရွက်ပြီးမြောက်ခဲ့ရပါပြီ။ တပည့်တော်သည် မွန်သုံးရပ်ကို
အုပ်စိုးနိုင်သည်ဖြစ်၍ ရွှေမော်ဓောအရှင်မြတ်အား အစဉ်မပြတ်
ကိုးကွယ်ပူဇော်နိုင်သည့်ကိုယ် ဖြစ်ရပါလို၏ ဘုရား”
တပင်ရွှေထီးသည် ကိစ္စ များအားလုံး ပြီးမြောက်သည့်အခါ ရွှေမော်ဓောစေတီတော်ပေါ်မှ ပြန်၍
ဆင်းတော်မူပြီး၊ သတ္တရုဇေယျ မြင်းတော်ကိုစီးကာ လက်သုံးတော်ဓားကို ကိုင်လိုက်သည်။
ထို့နောက် . . .
“ငါကား တောင်ငူဘုရင် တပင်ရွှေထီး
ဖြစ်သည်။ ငါနှင့်ဆိုင်၍ အဘယ်သူသည် စစ်ပြိုင်ဝံ့သနည်း၊ ကပ်ဝံ့က ကပ်ကြ”
ဟု
ကြိမ်းတော်မူလိုက်ပြီးလျှင် မြင်းတော်ကို ဇက်ကုန်လွှတ်လျက်
တစ်ဟုန်တည်းစိုင်းနင်းတော်မူသည်။ ကျော်ထင်နော်ရထာကလည်း တပင်ရွှေထီး၏ အပါးတော်မှ
မခွာ။ မြင်းကို အတင်းနှင်၍ လိုက်သည်။ ကေတုမတီသူရဲကောင်းတို့စီးနင်းသည့်
မြင်းငါးရာတို့ကလည်း တစ်ဟုန်တည်း အပြင်းနှင်ကြပြီး၊ ဘုရင်၏ နောက်တော်မှ
လိုက်ကြလေ၏။ တပင်ရွှေထီးသည် မွန်တပ်များဝန်းရံထားသည့် နေရာကို အတင်းနင်၍ ထွက်တော်မူရာ
မွန်စစ်သည်တို့ ကြောက်လန့်တကြားဖြစ်ကြကာ ဖရိုဖရဲဖြစ်ပြီး ရှောင်၍ ပေးလိုက်ကြရသည်။
သို့အားဖြင့် တပင်ရွှေထီးသည် မိမိဆန္ဒတော်များ အောင်မြင်တော်မူပြီးလျှင် နောက်ပါ
သူရဲကောင်း ငါးရာတို့နှင့် အတူ ကေတုမတီ နေပြည်တော်သို့
ပြန်လည်ရောက်ရှိတော်မူလေသည်။
No comments:
Post a Comment