ပုဂံမတိုင်မီ မြန်မာအစနှင့် ပျူနိုင်ငံမတိုင်မီ ပရိုင်းမိတ်လူ
မြန်မာလို့သိကြတဲ့လူမျိုးတစ်မျိုး စပြီးဖြစ်ပေါ်လာရပုံကို အချိန်ရရင်ရသလို လေ့လာနေမိပါတယ်။ ဒါကို သေချာလေ့လာဖို့ လိုတယ်လို့လည်း ထင်ပါတယ်။
မြန်မာတွေပြောနေကြတာတော့ ကြပါပြီ။ 'မြန်မာအစ တကောင်းက' တို့၊ 'မြန်မာအစ ကျောက်ဆည်က' တို့။ တချို့ကလည်း ပျူနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ သရေခေတ္တရာကတို့ အမျိုးမျိုးပါပဲ၊ ပြောဆိုနေခဲ့ကြတာ။
တိတိကျကျ သေသေချာချာ သိချင်စိတ်နဲ့ မြန်မာရယ်လို့ ဖြစ်လာမယ့် မြန်မာအစကို လေ့လာမယ် ဆိုရင် အချိန်ယူပြီး အသေးစိတ် လေ့လာနိုင်ပါမှ တော်ကာကျပါလိမ့်မယ်။ ဒီအတွက်အချိန်လည်း တော်တော်လေးပေးရပါတယ်။ စာအုပ်တွေဖတ်ရုံနဲ့လည်း ဒါအမှန်လို့ ကောက်ချက်ချလို့ မရနိုင်ပါဘူး။ စာအုပ်တွေ တော်တော်များများကလည်း ကွဲလွဲမှုတွေနဲ့ပါ။
မိမိ မကြာခဏရေးခဲ့ပါတယ်။ သမိုင်းကိုပြုစုတဲ့သူဟာ တာဝန်အလွန်ကြီးပါတယ်။ နိုင်ငံနဲ့လူမျိုးနဲ့ ပတ်သက်နေတာမို့ အတိမ်းအစောင်းမခံပါဘူး။ ယုတ္တိဗေဒမဲ့တာတွေ၊ တိမ်းစောင်းလွဲမှားတာတွေကတော့ ပဒေသရာဇ် သက်ဦးဆံပိုင်ဘုရင်တွေခေတ်ကနဲ့ အရင်က ပညာရှင်တချို့ ပြုစုခဲ့ကြတဲ့ သမိုင်းဆိုင်ရာစာအုပ်တွေ၊ ကျမ်းတွေမှာ တွေ့နေရတော့ မိမိရေးသားပြုစုတဲ့ အကြောင်းအရာ မှန်ကန်နိုင်ဖို့ဆိုတာလည်း အချိန်ယူလေ့လာဖို့လိုသလို ဖြစ်နိုင် မဖြစ်နိုင် နှိုင်းချိန်နိုင်တဲ့ စိတ်ရှိဖို့ကလည်း အရေးကြီးပါတယ်။
ဒီကနေ့ သမိုင်းပညာရှင်၊ သုတေသနပညာရှင်တွေကလည်း စာအုပ်တွေမှာတွေ့တာ လေ့လာရတာလောက်နဲ့တော့ အမှန်ဆိုတာကို လက်မခံကြတော့ပါဘူး။ စာအုပ်တွေ၊ စာတမ်းတွေအပြင် ကျောက်စာတို့၊ မြေပုံစာတို့ဆိုတာတွေကလည်း သမိုင်းမှန်ဖြစ်ဖို့ အထောက်အထားအဖြစ် အလွန်အရေးကြီးလာပါတယ်။ (၁၉၁၁)ခုနှစ်က တူးဖော်တွေ့ရှိတဲ့ ရာဇကုမာရကျောက်စာလို့ခေါ်တဲ့ မြစေတီကျောက်စာလို ကျောက်စာတွေကို ပိုအလေးထားပြီး သမိုင်းမှန်ကို ရှာလာကြပါတယ်။
ရေးရရင် ပုဂံခေတ်ကိုပဲ ကြည့်ပါ။ ပုဂံမင်း (၅၅)ဆက်လို့ သိရှိရပေမယ့် ဒီကနေ့ပညာရှင်တွေက အနုရုဒ္ဓလို့ခေါ်တဲ့ အနော်ရထာခေတ်ကစပြီး ဒီဘက် ပုဂံပျက်တဲ့အထိကို လက်ခံကြပါတယ်။ အနော်ရထာရှေ့က ပုဂံကိုစတည်တဲ့ သမုဒ္ဒရာဇ်မင်းကစပြီး စုက္ကတေးမင်းအထိ မင်း(၄၁)ဆက်ကိုတော့ အဲဒီမင်းတွေအားလုံးနဲ့ ပတ်သက်တဲ့သမိုင်းကို မှန်တယ်လို့ မဆိုကြပါဘူး။ အထောက်အထားတွေ နည်းလွန်းသလို၊ တချို့မင်းတွေရဲ့ အကြောင်းတွေကလည်း ရှေးဟောင်းပုံပြင်လို၊ ဒဏ္ဍာရီလို ဖြစ်နေလို့ပါပဲ။ ဦးကုလား မဟာရာဇဝင်ကြီးမှာပါတဲ့ ပုဂံရဲ့ (၃)ဆက်မြောက်မင်းဖြစ်တဲ့ ပျူစောထီးကို နေနတ်သားနဲ့ နဂါးမတို့က မွေးတယ်ဆိုတာမျိုးပေါ့။
ဒါပေမယ့် ... ပုဂံတည်တာကို ရေးရရင်တော့ သမုဒ္ဒရာဇ်မင်းကပဲ ရေးရမယ်။ သမုဒ္ဒရာဇ်မင်းဟာ ပုဂံကို ရွာ (၁၉)ရွာနဲ့ စပြီးတည်ထောင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို သမုဒ္ဒရာဇ်မင်း ပုဂံကို မတည်မီ အရင်ရှိခဲ့တဲ့နိုင်ငံတွေကတော့ မိုင်းမော၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာတို့ဆိုတဲ့ ပျူနိုင်ငံတွေပဲဖြစ်ပါတယ်။ ပျူခေတ်က စောပါတယ်။
ဒီနေရာမှာ ပျူနိုင်ငံတွေအကြောင်းလည်း ရေးချင်ပါတယ်။ ပျူလူမျိုးတွေရဲ့အစ၊ ပျူလူမျိုးတွေ ဘယ်ကလာလဲဆိုတာ၊ အရင်က လေ့လာတွေ့ရှိခဲ့တာကတော့ ပျူတွေဟာ တရုတ်ပြည်ရဲ့ အနောက်မြောက်ထောင့် တိဗက်နယ်စပ်ကနေ မြန်မာနိုင်ငံဖြစ်မယ့် နယ်ထဲကို မြန်မာဖြစ်မယ့် သူတွေထက်စောပြီး ခရစ်မပေါ်မီ (၅)ရာစုနှစ်လောက်ကစလို့ ရွှေ့ပြောင်းလာခဲ့ကြတဲ့သူတွေပဲဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
သူတို့တွေဟာ တောင်တွင်းကြီးအနီးမှာ ဗိဿနိုး၊ ရွှေဘိုတောင်ဘက်မှာ ဟန်လင်း၊ ပြည်အနီး မှော်ဇာဝန်းကျင်မှာ သရေခေတ္တရာဆိုတဲ့ ပျူနိုင်ငံတွေကို တည်ထောင်ခဲ့ကြပါတယ်။ ပျူဘုရင်မဖြစ်တဲ့ ဗိဿနိုးက ပန်ထွာဘုရင်မနဲ့ သရေခေတ္တရာက ပျူဘုရင် ဒွတ္တဘောင်ကိုတော့ သမိုင်းလေ့လာသူ တော်တော်များများ သိကြပြီးဖြစ်ပါတယ်။ ပြည်မှာဆိုရင် ဒွတ္တဘောင်မင်းနဲ့ ပျူမင်းတွေ တည်ခဲ့တဲ့ ဘောဘောကြီး၊ ဘုရားကြီး၊ ဘုရားမာ စတဲ့ ပျူဘုရားတွေဟာလည်း ဒီကနေ့တိုင် အထင်အရှား ရှိနေပါတယ်။
ပျူတွေအကြောင်ကို လေ့လာတော့ ပန်ထွာဘုရင်မ စိုးစံတဲ့ ဗိဿနိုးကို သရေခေတ္တရာက ဒွတ္တဘောင်ဘုရင် တိုက်ခိုက်လို့ ဗိဿနိုးပျက်ခဲ့ရတယ်။ သရေခေတ္တရာကိုလည်း ခရစ်နှစ် (၈၃၂)မှာ တရုတ်ပြည်က နန်ကျောင် (Nanchao) တွေ လာရောက်တိုက်ခိုက်လုယက်ဖျက်ဆီးလို့ သရေခေတ္တရာ ပျက်သွားရတယ်။ အဲဒီမှာ ပျူခေတ်ဟာလည်း ကုန်သွားရတယ်။
ဒီနေရာမှာ မြန်မာဖြစ်လာမယ့် မြန်မာလူမျိုးတွေ ဘယ်ကလာကြတယ်၊ ဘယ်လိုဝင်လာကြတယ် ဆိုတာကိုလည်း အရင်က ပညာရှင်တွေ လက်ခံခဲ့တာကို ရေးပ့ါမယ်။
မြန်မာတွေက တိဗက်မြန်မာအနွယ်ဝင်တွေ ဖြစ်တယ်။ တရုတ်တွေဖိတာ ခံရတဲ့အတွက် အရင်က ဝင်လာကြတဲ့ ပျူတွေလိုပါပဲ။ တရုတ်အနောက်မြောက်ထောင့်မှာရှိတဲ့ တိဗက်နယ်စပ်ကနေ အရှေ့တောင်ဘက်ကို ဆင်းလာကြတယ်လို့ ဆိုပါတယ်။
သူတို့ဟာ ခရစ်မပေါ်မီ (၄)ရာစုလောက်မှာ ဇီချွမ် (Szechwan) ကို ရောက်နေကြပြီ။ တိဗက်မြန်မာအနွယ်တွေဟာ ပထမက သိုးထိန်းတွေဖြစ်တယ်။ အဲဒီကမှ တောင်သူဘဝကိုပြောင်းပြီး ရွာတည်နေကြတာ လူဦးရေကလည်း များလာပါတယ်။ နေထိုင်လုပ်ကိုင်စားသောက်ကြရတာ အဆင်ပြေကြတဲ့အတွက် လူဦးရေက ယန်ဇီ (Yantze) မြစ်ကိုကူးပြီး ယူနန် (Yunan) အရှေ့မြောက်ပိုင်းထိအောင် ရောက်ရှိပြီး တိုးပွားများပြားလာပါတယ်။
အဲဒီလို လူဦးရေ တိုးပွားလာတဲ့အချိန်မှာပဲ သူတို့တွေဟာ အနိုင်အထက်ပြု ဖိစီးနှိပ်စက်သူတွေနဲ့ ကြုံတွေ့ကြရပါတယ်။ အဲဒီတုန်းက တရုတ်ပြည်မှာ နန်ကျောင်တွေ တန်ခိုးအာဏာကြီးမားနေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ နန်ကျောင်တွေဟာ စစ်ကိုဦးစားပေးပြီး အနီးဝန်းကျင်နိုင်ငံတွေကိုဝင်လို့ တိုက်ခိုက်ဖျက်ဆီး လုယက်ကြတယ်။ ရှေ့မှာ မိမိရေးခဲ့သလို ပျူနိုင်ငံဖြစ်တဲ့ သရေခေတ္တရာဟာလည်း သူတို့လက်ချက်နဲ့ ပျက်စီးခဲ့ရပြီး ပျူနိုင်ငံ ကွယ်ပျောက်ခဲ့ရတယ်လို့ ဆိုတယ်။
တိဗက်မြန်မာအနွယ်ဝင်တွေနဲ့ပတ်သက်ပြီး ဆက်ရေးရရင် လူဦးရေ တိုးတက်များပြားပြီး ယူနန်အရှေ့မြောက်ပိုင်းအထိ ရောက်ရှိလာတဲ့ တိဗက်မြန်မာအနွယ်တွေဟာ တိုက်ခိုက်လုယက်ဖျက်ဆီးတဲ့ နန်ကျောင်တွေရဲ့ ရက်ရက်စက်စက် နှိပ်စက်တာတွေ၊ ခိုင်းစေတာတွေကို ကြုံကြရပါတယ်။ နန်ကျောင်တပ်တွေမှာလည်း ဝင်ပြီးအမှုထမ်းခဲ့ကြရတယ်။ ပျူနိုင်ငံဖြစ်တဲ့ သရေခေတ္တရာကိုဝင်ပြီး ဖျက်ဆီးတုန်းကလည်း သူတို့တွေပါခဲ့တယ်လို့ သိရတယ်။ သူတို့ဟာ သတ္တိဗျတ္တိတွေရှိကြပြီး တိုက်ခိုက်ရေး ကျွမ်းကျင်သူတွေ ဖြစ်လာခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီလိုနဲ့ (၉)ရာစုနှစ်နှောင်းပိုင်းရောက်လာခဲ့တဲ့အချိန်မှာတော့ နန်ကျောင်တွေ တန်ခိုးအင်အား ယုတ်လျော့လာကြပြီဖြစ်တဲ့အတွက် တိဗက်မြန်မာအနွယ်တွေဟာ နန်ကျောင်တွေနဲ့လွတ်ရာ အရှေ့တောင်အာရှ မြန်မာမြေပြန့်ဘက်ဆီသို့ ရွှေ့ပြောင်းပြီးလာခဲ့ကြတယ်။
ဦးဆုံရောက်ရှိလာတာက မြန်မာမြေပြန့် ကျောက်ဆည်နယ်ဖြစ်တယ်။ ကျောက်ဆည်မှာ စတင်နေထိုင်ကြပြီး အဲဒီမှာ ဆည်ရေသောက် လယ်ယာစိုက်ပျိုးသူတွေ ဖြစ်လာကြတယ်။ သူတို့တွေဟာ လူဦးရေတွေများပြီး မင်းဘူးနယ်မှာလည်း နေထိုင်လာကြသလို စပါးကျီကြီးလေးကျီလို့ဆိုကြတဲ့ ချင်းတွင်း၊ လယ်တွင်း၊ တောင်တွင်းနဲ့ စလင်းနယ်တွေမှာပါ နေထိုင်လာကြတယ်။
အဲဒီနောက်မှာ ဒီနယ်တွေနဲ့ ဆက်သွယ်ဖို့လွယ်ကူတဲ့ ရေကြောင်းဖြစ်တဲ့ ဧရာဝတီမြစ်ရှိတဲ့၊ အားလုံးရဲ့အလယ်ဗဟိုလည်းဖြစ်တဲ့ ပုဂံကို မင်းနေပြည်၊ အုပ်ချုပ်သူအကြီးအကဲမင်းရှိတဲ့ပြည်အဖြစ် သတ်မှတ်ပြီး နိုင်ငံသစ်ကို တည်ဆောက်ခဲ့ကြတယ်လို့ လေ့လာသိရှိခဲ့ရတယ်။
ဒါပေမယ့် ... ဒီဘက် (၂၀၀၀)ခုနှစ်ဝန်းကျင်မှာတော့ အခုလေ့လာတွေ့ရှိ ကောက်ချက်ချခဲ့တာတွေကို မှန်တယ်လို့ပြောဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ဆိုရတော့မှာ ဖြစ်နေပါပြီ။
ပျူလူမျိုးတွေရဲ့အစ၊ မြန်မာလူမျိုးတွေရဲ့အစဟာ ခေတ်သစ်သမိုင်း ပညာရှင်တွေ နောက်ဆုံးကောက်ချက်ချခဲ့ကြတဲ့ တိဗက်နယ်စပ်ကလာခဲ့တဲ့ တိဗက်မြန်မာအနွယ်ဝင်တွေ ဆိုတာလည်း လက်ခံလို့ မရနိုင်တော့ပါဘူး။ မြန်မာနိုင်ငံဖြစ်လာမယ့် မြန်မာမြေထဲမှာ ပထမဆုံး ပျူနိုင်ငံကို တည်ထောင်ခဲ့တဲ့ ပျူလူမျိုးတွေဟာ တခြားကလာခဲ့ကြတဲ့လူတွေ မဟုတ်ဘဲ ရှေးကတည်းက လူသားတွေ စပြီးပေါ်လာတဲ့ ကျောက်ခေတ်နဲ့ ကြေးခေတ်၊ သံခေတ်တွေကတည်းက မြန်မာမြေပေါ်မှာ နေထိုင် ခဲ့ကြတဲ့ ကျောက်ခေတ်ဦးလူသားတွေကစပြီး အစဉ်အဆက် နေထိုင်လာရာကနေ ပျူတွေဖြစ်လာခဲ့ကြတယ်ဆိုတာ ဒီကနေ့ လက်ခံနေကြရပြီဖြစ်ပါတယ်။ ဒါကို ဘယ်သူမှငြင်းကြတာ မတွေ့ရပါ။
အဲဒါက ဘာကြောင့်ပါလဲ။ လွန်ခဲ့တဲ့နှစ် သန်း(၄၀)လောက်က ဒီကနေ့ လူသားတွေဖြစ်လာမယ့် လူတူပရိုင်းမိတ်သတ္တဝါတွေ နေထိုင်ခဲ့ကြတယ်ဆိုတဲ့ အထောက်အထားတွေဖြစ်တဲ့ ကျောက်ဖြစ် ရုပ်ကြွင်းတွေကို သုတေသနပညာရှင်တွေက တွေ့ရှိလိုက်ကြလို့ပဲဖြစ်တယ်လို့ ဆိုရပါမယ်။ ပရိုင်းမိတ်ရုပ်ကြွင်းတွေ တွေ့ရှိရာနေရာက ပုံတောင်ပုံညာဒေသဖြစ်ပါတယ်။ အဲဒီပုံတောင်ပုံညာဒေသက တွေ့ရှိတဲ့ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းတွေကို နိုင်ငံတကာက ပညာရှင်တွေက ဒီပုံတောင်ပရိုင်းမိတ်တွေရဲ့ သက်တမ်းဟာ နှစ်သန်းပေါင်း(၄၀)လောက်ရှိပြီ ဆိုတာကိုလည်း အမေရိကန် ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ်စဘောဂ်မြို့၊ ကာနက်ဂီသဘာဝသမိုင်း ပြတိုက်မှာ ပြုလုပ်တဲ့ (Anthropoid Origins Symposium, USA) ဆွေးနွေးပွဲမှာ တက်ရောက်လာခဲ့ကြတဲ့ ပညာရှင်တွေအားလုံးက တညီတညွှတ်တည်း လက်ခံခဲ့ကြပါတယ်။
ပညာရှင်တွေဟာ မြန်မာ့မြေပေါ်မှာ ကျောက်ခေတ်က လူသားတွေ နေထိုင်ခဲ့ကြတယ်ဆိုတဲ့ အထောက်အထားတွေနဲ့အတူ အဲဒီကျောက်ခေတ်မှာသုံးတဲ့ လက်နက်ကိရိယာတွေကိုလည်း တွေ့ရှိခဲ့ ကြရပါတယ်။ ကျောက်ခေတ်လက်နက်ကိရိယာတွေကိုတော့ အထက်အညာဒေသဖြစ်တဲ့ မကွေး(ချင်းမအောင်ကုန်း)၊ ချောက်၊ စလေ၊ ညောင်ဦး၊ ဝါးတောချောင်း၊ မင်းဘူး၊ ရေနံချောင်း၊ ဆီးချိုပင်၊ ပုဂံ၊ ပခုက္ကူ၊ စဥ့်ကူ၊ မကွေးမြသလွန်ဘုရား အရှေ့ဘက်ဒေသ၊ မင်းကုန်း၊ မန္တလေးပတ်ဝန်းကျင်၊ ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာ (ဝက်ဆိုးကုန်း)၊ ဝိုင်းတောင်ကြီးရွာ (ထောက်မကုန်း)၊ ကနီမြို့နယ် အိုင်တောရွာ (သူဌေးကုန်း)၊ ဘုတလင်မြို့နယ် ရွှေစာရေးရွာ(ကြက်မြုံကုန်း)၊ ချောင်းဦးမြို့နယ် နွယ်ခွေရွာ (ဒင်္ဂါးကုန်း)နဲ့ မုံရွာမြို့နယ် လှည်းဒါးရွာတွေမှာ တွေ့ရှိခဲ့ရပါတယ်။
ကျောက်ဖြစ်ရုပ်ကြွင်းတွေရှိတာမှာ လူသိများတာကတော့ နွယ်ခွေလူသားကျောက်ဖြစ်ရုပ်ကြွင်းပဲ ဖြစ်ပါတယ်။ ဒီကျောက်ဖြစ်ရုပ်ကြွင်းကို ဆရာဦးဘမော်ဆိုသူက နွယ်ခွေကျေးရွာအနီးရှိ ယာကွက်ထဲက တွေ့ရှိခဲ့တာဖြစ်တယ်။ ယာကွက်ထဲကို ဖြစ်လျှောက်သွားရင်း ခလုတ်တိုက်မိလို့ ငုတ်နဲ့တိုက်မိတယ်ထင်ပြီး ကြည့်လိုက်တော့ ငုတ်မဟုတ်ဘဲ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးဖြစ်နေတယ်လို့ ဆိုပါတယ်။ အဲဒီမေးရိုး အပေါ်မေးရိုးဖြစ်ပြီး အံသွား(၁)ချောင်းနဲ့ ရှေ့သွား(၁)ချောင်းပါတာကို တွေ့ရပါတယ်။ ဒီမေးရိုးနဲ့သွားတွေကို ပညာရှင်တွေက စစ်ဆေးကြည့်လိုက်တဲ့အခါ မေးရိုးဟာ အနည်းဆုံး နှစ် (၂)သိန်း သက်တမ်းရှိပြီဖြစ်တဲ့ မေးရိုးဖြစ်နေတာကို သိရှိရပါတယ်။
မြန်မာမြေပေါ်မှာရှိတဲ့ ပြဒါးလင်းဂူမှာလည်း ကျောက်ခေတ်လူသားတွေ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို တွေ့ရှိရပါတယ်။ ပြဒါးလင်းဂူရဲ့နံရံတွေပေါ်မှာ ကျောက်ခေတ်ဟောင်းက အမဲလိုက်လူသားတွေရဲ့ ဓလေ့အတိုင်း ရေးဆွဲထားတဲ့ ပန်းချီပုံတွေ တွေ့ရပြီး ပညာရှင်တွေက လွန်ခဲ့တဲ့ နှစ် (၂၅၀၀၀)လောက်က ပန်ချီလက်ရာတွေလို့ ခန့်မှန်းခဲ့ကြပါတယ်။
မြန်မာမြေပေါ်မှာ နေထိုင်ခဲ့ကြတဲ့ ဒီလူသားတွေဟာ ကျောက်ခေတ်ဦး၊ ကျောက်ခေတ်လတ်၊ ကျောက်ခေတ်နှောင်းကာလတွေ မှာသာမကပဲ ကြေးခေတ်၊ သံခေတ်တွေမှာလည်း နေထိုင်ခဲ့ကြတယ်ဆိုတာကို ဆက်လက်တွေ့ရှိရတဲ့ အထောက်အထားတွေအရ သိရှိရပါတယ်။
ကြေးခေတ် အထောက်အထားတွေဖြစ်တဲ့ ကြေးလက်နက် ကိရိယာတွေ တွေ့ရှိရတဲ့ နေရာဒေသတွေကတော့ မန်းဝိုင်ရွာ တာပိန်မြစ်၊ ဟိုသာရွာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီ၊ နမ့်ပန် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးမိတ်၊ ကြိုကြာရွာ မထုံးချောင်း၊ သရက်ခရိုင်၊ သမင်သက်ရွာ အောက်ချင်းတွင်းခရိုင်၊ နမ့်လွီရွာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ကန်ရွာ ဘုတလင်မြို့နယ်၊ စမုံမြစ်ဝှမ်း၊ ဘိန္ဒကလွင်ပြင်၊ ပျော်ဘွယ်မြို့နယ် ရမည်းသင်းခရိုင်တွေဖြစ်ပါတယ်။
ကြေးခေတ်သင်္ချိုင်းတွေကိုလည်း ဘုတလင်မြိ့နယ် ညောင်ကန်ဒေသ၊ မလှိုင်မြို့နယ် မြင်းဦးလှည့်ဒေသနဲ့ နှောကန်ဒေသ၊ တောင်သာမြို့နယ် အင်းတဲဒေသ၊ ဝမ်းတွင်းမြို့နယ် ကုက္ကိုခါးလှဒေသ၊ ပျော်ဘွယ်မြို့နယ် ရွာထင်ကုန်းဒေသ၊ ရမည်းသင်းမြို့နယ် မြို့လှဒေသ၊ ဝက်လက်မြို့နယ် ဟန်လင်းမြို့ဟောင်းဒေသတွေမှာ တွေ့ရှိခဲ့ပါတယ်။ ညောင်ကန်ဒေသမှာ မန္တလေး ရှေးဟောင်းသုတေသနက တူးဖော်ခဲ့ရာမှာ ကျောက်ကွင်း၊ ကြေးပစ္စည်း၊ ခဲပြားလိပ်၊ မြေအိုး၊ ပုတီးစေ့နဲ့ လူရုပ်ကြွင်း (၄၃)ခု တွေ့ခဲ့ရပါတယ်။
ဟန်လင်းဒေသတစ်ဝိုက် မှာလည်း ကျောက်ခေတ်ကျောက်လက်နက်တွေ၊ ကြေးခေတ်သုံး ကြေးလက်နက်တွေ၊ သံခေတ်သုံး သံလက်နက်တွေနဲ့အတူ ပျူစာပါရှိတဲ့ တံဆိပ်တုံးတွေ၊ ပျူအရိုးအိုးတွေ၊ လက်စင်းရာပါ အုပ်ချပ်တွေ၊ ကျောက်ကွင်းတွေ၊ လက်ကောက်တွေ၊ အောက်ခြေတိုင်ပါ မြေဆီမီးခွက်တွေနဲ့ အိုးပုံစံအမျိုးမျိုးကို တွေ့ရတဲ့အတွက် ဒီဒေသဟာ ကျောက်ခေတ်ကစပြီး ပျူတွေနေထိုင်ကြတဲ့ ပျူခေတ်အထိ အစဉ်တစိုက် နေထိုင်လာခဲ့ကြတဲ့ ဒေသတစ်ခုဖြစ်ခဲ့တယ်ဆိုတာကို သိရှိရပါတယ်။
ဒါကြောင့် ပညာရှင်တွေ နောက်ဆုံးကောက်ချက်ချခဲ့ကြတာကတော့ ပျူတွေဟာ မြန်မာမြေထဲကို အခြားသေဒတွေကနေ ဝင်ရောက်လာပြီး အခြေချနေထိုင်ကာ မြို့ပြနိုင်ငံ တည်ထောင်လာကြသူတွေ မဟုတ်ဘဲ ကျောက်ခေတ်ကတည်းက နေထိုင်လာကြသူတွေရဲ့ အမျိုးအနွယ်တွေဖြစ်ကြောင်း၊ အဲဒီကမှမြို့ပြနိုင်ငံပေါ်ထွန်းတဲ့ခေတ်အထိ ယဉ်ကျေးမှုအဆင့်ဆင့်ကို ဖြတ်သန်းနေထိုင် လာခဲ့သူတွေဖြစ်ကြောင်း၊ ဒါ့အပြင် မြန်မာဆိုတာလည်း တခြားဒေသတွေက လာရောက်သူတွေ မဟုတ်ဘဲ ပျူတွေရဲ့အနွယ်ပဲဖြစ်ကြောင်း၊ ပျူနိုင်ငံဖြစ်တဲ့ သရေခေတ္တရာ ပျက်ပြီးတဲ့နောက်မှာမှ ပျူရွာ (၁၉)ရွာနဲ့စပြီး ပုဂံမှာမြို့တည်ကာ ပုဂံမှာမှ မြန်မာဖြစ်လာတာဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။
ရေးရရင် သမိုင်းဆိုတာ ယုတ္တိဗေဒကျဖို့ လိုပါတယ်။ လက်ခံနိုင်လောက်တဲ့ အထောက်အထားတွေ ပြည့်စုံဖို့၊ အထောက်အထားတွေကလည်း ခိုင်လုံဖို့၊ မှန်ကန်ဖို့ သိပ်အရေးကြီးပါတယ်။ ပျူတွေရဲ့ ဗိဿနိုးမြို့ကို ပန်ထွာဘုရင်မနဲ့ အရင်ဘဝက မောင်နှမတော်ခဲ့ဖူးတဲ့ ဗိဿနိုးနတ်မင်းက စတုရန်းတာ လေးတောင်ပမာဏကျယ်ဝန်းတဲ့ ဗိဿနိုးမြို့ကို တန်ဆောင်း၊ ပြအိုး၊ မြို့ရိုး၊ ကျုံးမြောင်တွေနဲ့ ဖန်ဆင်းတည်ထောင်ပြီး ပန်ထွာဘုရင်မကို အပ်နှင်းတယ်ဆိုခဲ့တာမျိုးတို့၊ သာသနာသက္ကရာဇ် (၁၀၁)ခုနှစ်မှာ ရသေ့၊ သိကြား၊ နဂါး၊ ဂဠန်၊ ကုမ္ဘဏ်၊ စန္ဒီ၊ ပရမေသူရ ဆိုတဲ့ သူမြတ် (၇)ဦးတို့က မြို့အင်္ဂါ (၇)ပါးတို့နဲ့ ပြည့်စုံတဲ့ သရေခေတ္တရာကို တည်ခဲ့တယ်ဆိုတာမျိုးတို့၊ အရင်က စာအုပ်တွေမှာ ဖတ်ခဲ့ရရုံလောက်နဲ့ ဒီကနေ့ လက်တွေ့ကျတဲ့ သိပ္ပံခေတ်မှာ အမှန်လို့ ယူမှတ်ပြီး တရားသေ ကိုင်စွဲထားလို့ မရတော့ပါ။ သုတေသနပြုနေကြတဲ့ ပညာရှင်တွေကိုယ်တိုင်လည်း ဘာကိုမှ ပုံသေကားချပ် မသတ်မှတ်ဘဲ သုတေသန အထောက်အထားတွေ ပိုပြီးခိုင်လုံရင် ခိုင်လုံနေသလို မိမိတို့ရဲ့ နှိုင်းချိန်တွေးဆမှု ကောက်ချက်တွေကို ပြောင်းသင့်က ပြောင်းရတဲ့အကြောင်း ရေးလိုက် ပါရစေ။
No comments:
Post a Comment