Sunday, October 6, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂၈)

  • ဘုရင့်နောင် နိုင်ငံတော်ရှေ့ရေးကိုမြော်တွေးခြင်း

       
        စစ်တောင်းစားသမိန်စောထွတ်သည် တပင်ရွှေထီးကိုလုပ်ကြံပြီးလျှင် တပင်ရွှေထီး၏အပါးတော်တွင် ရှိသော မြန်မာမှူးမတ်တို့ကို ဖမ်းဆီး၍သတ်ဖြတ်လေသည်။ လွတ်မြောက်သွားသူများမှာ အချို့ကား ဟံသာဝတီ၊ အချို့ကား တောင်ငူ၊ မုတ္တမတို့သို့ ပြေးကြရသည်။
        ယင်းနောက် တပင်ရွှေထီးနှင့်ပါသော ဆင်မြင်းတို့ကို သိမ်းယူကာ မိမိနှင့်အလိုတူသော မှူးမတ်တို့ကို သစ္စာပေးပြီးလျှင် သမိန်စက္ကဝေါဟူသော အမည်ဖြင့် စစ်တောင်းတွင် မင်းပြုသည်။
        တပင်ရွှေထီး နတ်ရွာစံလေလျှင် အပါးတော်တွင် ခစားရသော တုရင်သီဟအမတ်သည် ကျွန်(၈)ယောက်နှင့်အတူ ရခိုင်တပ်မှ အလျင်အမြန်ထွက်၍ လှေငယ်တစ်စင်းဖြင့် ဟံသာဝတီသို့ ပြေးလေသည်။ 
        တုရင်သီဟအမတ်လျှောက်တင်၍  သမိန်စောထွတ်လက်ချက်ဖြင့် တပင်ရွှေထီး နတ်ရွာစံတော်မူကြောင်း ဘုရင့်နောင်၏ ကြင်ယာတော် သခင်ကြီးသိရှိရသောအခါ သခင်ကြီးသည် တုရင်သီဟကို ဒလရှိ ဘုရင့်နောင်ထံ သံတော်ဦးတင်ရန် စေလွှတ်သည်။ 
        ထိုအချိန်တွင် နိုင်ငံတော်အခြေအနေမှာ ဟံသာဝတီနန်းမှ ချုပ်ကိုင်သော ဗဟိုအာဏာ ပျက်ယွင်းသွားရပြီဖြစ်သည့်အတွက် စိုးရိမ်ရသည့်အနေအထားသို့ ရောက်ရှိသွားသည်။ သူတစ်လူ ငါတစ်မင်း ဆိုသကဲ့သို့ အကွဲကွဲအပြားပြားဖြစ်ကာ မိမိတို့အာဏာရရှိရေးအတွက်သာ ကြိုးပမ်းလာကြသည်။ 

        တပင်ရွှေထီး နတ်ရွာစံပြီကြားသည်နှင့် ဟံသာဝတီတွင် တပင်ရွှေထီးမြို့စောင့်အဖြစ်ထားခဲ့သည့် ဘုရင့်နောင်၏ညီတော် သီဟသူသည် ဟံသာဝတီနန်းကို အခိုင်အလုံပြုကာ နောင်တော်ဘုရင့်နောင်ထံ အကြောင်းကြားရမည့်အစား လက်နက်ဗိုလ်ပါ ဆင်မြင်းတို့ကို သိမ်းကျုံးယူငင်ကာ ဟံသာဝတီမှခွာပြီး တောင်ငူတွင် မင်းခေါင်ဟူသောအမည်ဖြင့် မင်းအဖြစ်ကိုခံယူကာ နောင်တော် ဘုရင့်နောင်အပေါ် သစ္စာဖောက်ဖျက်သည်။ 
        တပင်ရွှေထီး၏အထိန်းတော်ကြီးဖြစ်ခဲ့သော ပြည်မြို့စားသတိုးဓမ္မရာဇာသည်လည်း အရှင်သခင်၏ ကျေးဇူးသစ္စာတော်ကို မထောက်ဘဲ ပြည်တွင် သတိုးသူ ဟူသောအမည်ဖြင့် မင်းပြုကာ ထောင်ထားခြားနားသည်။ 
        ပုန်ကန်ထကြွသူ သမိန်ထောရာမသည် မုတ္တမတွင် လူသူလက်နက်စုကာ သမိန်စက္ကဝေါအမည်ခံ သမိန်စောထွတ်၏အခြေအနေကို စောင့်ကြည့်နေသည်။ တပင်ရွှေထီးတည်ထောင်တော်မူသည့် ဟံသာဝတီလက်နက်နိုင်ငံတော် အကွဲကွဲအပြားပြားဖြစ်လာသည်တွင် အထက်ရှိ သရက်၊ မြေထဲ၊ စကု၊ စလင်း၊ ဖောင်လင်း၊ လယ်ကိုင်း၊ ပုခန်းငယ်၊ စဥ့်ကူ၊ စလေ၊ ပုဂံ၊ ငသရောက်၊ တုရွင်းတိုင်၊ ကျောက်ပန်းတောင်း၊ ပတ္ထနဂိုရ်၊ တောင်တွင်း စသည့်မြို့များမှ မြို့စားများသည်လည်း မည်သည့်ဘက်သို့မျှ မလိုက်ဝံ့ကြသေးဘဲ မိမိတို့စား ကျေးမြို့ရွာများကို အခိုင်အလုံပြု၍ နေကြလေသည်။ 
        ဘုရင့်နောင်သည် တုရင်သီဟထံမှ အကြောင်းစုံကိုကြားသိရလျှင် နိုင်ငံတော်အတွက် အရေးကြီးသည့် အချိန်ကို ရောက်ပြီဖြစ်ကြောင်းတွေးမိလိုက်ကာ ဒလတွင်ရှိသော မွန်မြန်မာ ရှမ်းအမတ်များနှင့် ရှေ့ရေးကို တိုင်ပင်သည်။ 
        အချို့သောမှူးမတ်များက ဟံသာဝတီကို အလျင်တိုက်တော်မူ၍ အခိုင်အလုံနေတော်မူမှ သင့်မည်ဟု လျှောက်တင်ကြသည်။ အချို့မှူးမတ်များကလည်း ဟံသာဝတီတွင်ရှိသော မိဖုရားသခင်ကြီးကို ယူတော်မှု၍ ဒလကို အခိုင်အလုံပြုပြီး၊ ယင်းနောက်မှ ဟံသာဝတီနှင့်ပြည်ကို လုပ်ကြံတော်မူသင့်ပါသည်ဟု လျှောက်ကြသည်။ 
        ထိုအခါ ရန်အောင်ဘီလူးအမည်ရှိသော အမတ်က ...
        "ယခုပြည်ရေးကိုထောက်သော် ဝါးအစည်းပြေသကဲ့သို့ ကစဥ့်ကလျား မွန်၊ မြန်မာ၊ ရှမ်းတို့ ရှိနေသည်။ သို့ရာတွင် ဒလသည်မွန်တို့အရိပ်အရာလည်းဖြစ်သည်။ မွန်ဟူသမျှသည် ပျားအုံကို လက်မတို့ကောင်းသကဲ့သို့ ဖြစ်ချေသည်။ များလည်းများလှသည်။ ကျွန်တော်တို့ မြန်မာမူကား နည်းချေသည်။ မြန်မာတို့နှင့် သင့်ရာအရပ်အနေလည်း မဟုတ်သောကြောင့် ဤအရေးကို မွန်တို့ မသိစေလိုသေး။ မွန်အမတ်တို့ကို သစ္စာတော်ပေး၍ ဒဂုံ၊ ဒလ၊ ဓနုဖြူ၊ ကူထွတ်၊ ဟင်္သာတ၊ လှိုင်၊ ဤမြို့များကို  ကျေးစားခန့်တော်မူပြီးမှ ဦးစွာ ခမည်းတော်နေပြည်တော် တောင်ငူကို ချီတော်မူမှ သင့်ပါမည်" ဟု နားတော်လျှောက်သည်။ 

        ဘုရင့်နောင်က ရန်အောင်ဘီလူးအမတ် လျှောက်တင်သည်ကို သင့်လှသည်ဟု မိန့်တော်မူပြီးလျှင် မွန်မှူးမတ်အကြီးအကဲတို့ကို ပုသိမ်၊ မြောင်းမြ၊ သရိန်၊ ခွေလင်း၊ သရာ၊ မဒေါ၊ မည်ထွန်၊ အပြ စသော အနောက်ဘက်တစ်လွှားရှိ မွန်မြို့များကို ကျေးစားများထည့်ကာ စေလွှတ်သည်။ 
        ထို့နောက် မွန်၊ မြန်မာ၊ ရှမ်း စစ်သည်များ၊ ဆင်လုံး မြင်းရင်းအများနှင့် ဒလမှ ဒဂုံသို့ ကူးသည်။ ယင်းမှ ဓနုတော မကော်သို့ ဆက်၍ချီသည်။ မကော်သို့ရောက်လျှင် ဟံသာဝတီသို့မဝင်ဘဲ ဓားကျွန်းတောင်ကိုပတ်ကာ နေ့ညဥ့်အပြင်းချီလေသည်။ ထိုအခါ ဟံသာဝတီတွင် မင်းပြုနေပြီဖြစ်သော သမိန်စက္ကဝေါသည် ဗညားဒလကိုစေလွှတ်ပြီး ဆီးကြိုတိုက်စေသည်။ ဘုရင့်နောင်သည် အချိန်ကာလဒေသ မဟုတ်သေး၍ ဗညားဒလတပ်ကို ရန်တုံ့မပြန်ဘဲ မသိကျိုးကျွံပြုကာ ကေသရာဇာခြင်္သေ့မင်း သည် မြေခွေးငယ်ကို အမှုမထားဘဲသွားသကဲ့သို့ ချီမြဲချီသည်။ 
        ဟင်းခနွေအရပ်သို့ရောက်လျှင် ဟံသာဝတီမှထွက်လာသည့် မိဖုရားသခင်ကြီးနှင့်တွေ့လေရာ ထိုအခါမှ ညီတော်သီဟသူ တောင်ငူတွင် ဘုရင်မင်းခေါင်အမည်ခံ၍ ထောင်ထားခြားနားသည်ကို စေ့ငုစွာ သိရှိရသည်။ ရှေ့ဆက်၍ချီလာရာ တောင်ငူမရောက်မီ(၁၀)တိုင်ခန့်အလို ရွာသစ်ကြီးအရှေ့ လွင်လဟာတွင် တပ်စခန်းချသည်။ 
        တပ်ခင်းတပ်ရာအနေအထားကို ကြည့်ရှုလေသော် အရှေ့သည် ပေါင်းလောင်းမြစ်နှင့်နီးသည်။ တောင်ငူနှင့်လည်း တစ်စခန်းခြားသည်။ သည်အရပ်သည် သင့်မြတ်လှသည်ဟု ပညာရှိတို့ လျှောက်တင်ကြသဖြင့် ထိုနေရာတွင် ဇေယျဝတီ အမည်ဖြင့် မြို့သစ်တည်ကာ ဗိုလ်ဝင်ခံ၍နေတော်မူသည်။ 
        ထိုစဉ် ဟံသာဝတီတွင် မင်းပြုနေသော သမိန်စက္ကဝေါဘွဲ့ခံ သမိန်စောထွတ်ကို မှူးမတ်တို့က သဘောကြိုက်ညီခြင်းမရှိကြ၍ နန်းမှဖြုတ်ချလိုက်ကြပြီး မုတ္တမတွင်ရှိနေသော သမိန်ထောရာမကို နန်းတင်လိုက်ကြသည်။ 
        ဟံသာဝတီတွင် သမိန်ထောရာမ နန်းတက်သည့်အခါ တပင်ရွှေထီး၏ သစ္စာတော်ခံများဖြစ်ကြသော အဲမွန်ဒယာ၊ စန္ဒယော်ဓာ၊ တုရင်ဗလ၊ သာရကာမှူး၊ သပေါ့မှူး၊ ဗညားဖရူးသား၊ အိတ်မွတ်ထော စသူတို့သည် အခြေအရံလူပေါင်း (၃၀၀၀) ကျော်ဖြင့် ဘုရင့်နောင်၏ စက်တော်အောက်သို့ ခိုဝင်လာကြသည်။ အရှေ့ဘက် မုတ္တမမှလည်း အဲပရဲ၊ စန္ဒရာသီ၊ ပိုက်ကမြင်တို့သည် မှူးမတ်တစ်ကျိတ်ကျော်၊ အခြေအရံ(၁၀၀) ကျော်ဖြင့် ခြေတော်ရင်းသို့ ခိုဝင်လာသည်။ 

        တောင်ငူဘုရင်မင်းခေါင်၏လက်အောက်တွင် မနေလိုသည့် ဘယဇေယျ၊ ဆင်မှူးဗလကျော်သူ၊ တောင်ငူသူရဲမှူး၊ အတွင်းသင်းမှူးတို့သည်လည်း ဘုရင့်နောင်ထံသို့ လူ(၇၀၀)ကျော်ဖြင့် ခိုဝင်လာကြသည်။ ဘုရင့်နောင်သည် မိမိအောက်တွင် ခိုဝင်လာသူအပေါင်းကို ဆုတော်လာဘ်တော်များ ချီးမြှင့်ကာ သစ္စာတော်ခံစေပြီး အမှုတော်ကို ထမ်းရွက်စေသည်။ 

ဆက်ရန် (အပိုင်း - ၂၉) တောင်ငူကိုချီ၍ သိမ်းယူတော်မူခြင်း

No comments:

Post a Comment