Sunday, September 8, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂၄)


 
  •  ပေါ်တူဂီတစ်ဦးကို မြှောက်စားမိသဖြင့် တပင်ရွှေထီး အကျင့်တော် ပျက်ရခြင်း


ရွှေဆံတော်ဘုရားမှ မင်းကြီးညိုနှင့်တပင်ရွှေထီးရုပ်တု
        

        ယိုးဒယားကို ကိုယ်တော်တိုင်ချီတော်မူ၍ အလိုတော်အတိုင်း အောင်မြင်တော်မူသဖြင့် ဘုရင်တပင်ရွှေထီး၏ အမည်သတင်း ဂုဏ်ရှိန်တော်မှာ ပို၍ပင်ထင်ရှားကျော်စော၍လာခဲ့သည်။
        သို့သော် ပုဂံပျက်ပြီးနောက် အစိပ်စိပ်အမြွာမြွာဖြင့် ပြိုကွဲသွားသောနိုင်ငံတော်ကို ဒုတိယမြန်မာနိုင်ငံတော်ကြီးအဖြစ် စတင်တည်ထောင်တော်မူခဲ့သော သူရဲကောင်းအာဇာနည် မင်းကောင်းမင်းမြတ်မှာ ပျက်ချိန်တန်လာ၍ဟုပင် ဆိုရတော့မည်။ မပေါင်းဖော်အပ်သော မတူမျိုးခြား ပေါ်တူဂီတစ်ယောက်ကို ပေါင်းတော်မူမိသဖြင့် မြတ်သောမင်း၏တရားမှ ရွေ့လျော ရလေသည်။

        ဖြစ်စဉ်မှာဤသို့ဖြစ်သည်။ မြန်မာဘုရင်တပင်ရွှေထီး၏ သတင်းဂုဏ်ရှိန် ကြီးမားထင်ရှားကျော်စောနေသောအချိန် အိန္ဒိယနိုင်ငံ ပေါ်တူဂီပိုင်နက် ဂိုအာနယ်ကို အုပ်ချုပ်သော ပေါ်တူဂီဘုရင်ခံချုပ် (မြန်မာရာဇဝင်၌ ပိစ္စရာဇ်မင်းဟု ပြဆိုထားသည်) သည် တူဖြစ်သူ ပေါ်တူဂီတစ်ယောက်ကို သင်္ဘော(၇)စင်း၊ တူရွက်လှေ(၁၀၀) ပေး၍ ဆုမတ္တရားကျွန်းကို တိုက်ရန် စေလွှတ်သည်။ ထိုပေါ်တူဂီသည် မလေးကျွန်းဆွယ် မလက္ကာသို့ရောက်ရှိပြီး အမြောက်သေနတ်များ တပ်ဆင်၍ ဆုမတ္တရားကျွန်းကိုတိုက်ရာ ဆုမတ္တရားဘုရင်က ပြန်လည်ခုခံ တိုက်ခိုက်သဖြင့်  မုတ္တမဆိပ်ကမ်းသို့ထွက်ပြေးရောက်ရှိလာသည်။ ထိုအခါ မုတ္တမစားက ထိုပေါ်တူဂီကိုဖမ်းကာ ဘုရင်တပင်ရွှေထီးထံ ဆက်သသည်။

        တပင်ရွှေထီးသည် ပေါ်တူဂီအား ချစ်ခင်တော်မူသဖြင့် နေအိမ်ပေးကာ မြှောက်စားတော်မူသည်။ တစ်နေ့ တောကစား ထွက်ရာတွင် ပေါ်တူဂီကို သေနတ်စက်ကွင်းပစ်စေရာ ပစ်တိုင်းပင် စက်ခွက်ကို မှန်အောင်ပစ်နိုင်သဖြင့် အထူးမြှောက်စားပြီး အတွင်းစေ ကိုယ်လုပ်တော် တစ်ယောက်နှင့် ပေးစားသည်။  
        ပေါ်တူဂီသည် ဥရောပသားတို့စားသောသော စားဖွယ်တို့ကို ကောင်းမွန်စွာစီမံ၍ တပင်ရွှေထီးကို ဆက်သည်။ ထိုမှတစ်ပါးလည်း မူးယစ်စေတတ်သော စပျစ်ရည်ကိုစီစဉ်၍ ဆက်သသည်။ ထိုစပျစ်ရည်ကို ဘုရင်တပင်ရွှေထီးသည် အလွန်နှစ်သက်တော်မူသဖြင့် ပေါ်တူဂီကို အပါးတော်တွင်နေစေကာ မပြတ်သောက်စားတော်မူသည်။
        သို့ဖြင့် သောက်စားတော်မူဖန်များလာသောအခါ ဘုရင်တပင်ရွှေထီးမှာ အယူတော်ဖောက်ပြန်ကာ ဤသူမယားကို ထိုသူသို့ပေးစေ၊ ထိုသူမယားကို ဤသူသို့ပေးစေ ဟူ၍ မအပ်မရာတို့ကို လွဲမှားစွာ စီရင်တော်မူလာသည်။ တစ်ဦးက မလို၍ ဤသူသည် မသင့်သောအကြံကို ကြံပါသည်ဟု ဂုံးတိုက်ချောလျှောက်လျှင် မှန်မမှန်ကို စိစစ်တော်မမူဘဲ ကွပ်မျက်ရန် အမိန့်တော်ပေးသည်။

        ထိုကဲ့သို့ အမှားအယွင်းပြုဖန်များသဖြင့် ယောက်ဖတော် ဘုရင့်နောင်က ...
        "ဤအကျင့်သည် ဧကရာဇ်မင်းတို့၏ အကျင့်မဟုတ်။ ထိုသို့ပြုကျင့်တော်မူသည်ကို ပယ်တော်မူမှ သင့်ပါမည်" ဟု တင်လျှောက်သော်လည်း၊ သေရည်နှင့်အကျွမ်းဝင်နေပြီဖြစ်သဖြင့် "နိုင်ငံအရေးကို နောင်တော်သာစီရင်ပါလေ။ ငါမူကား ရွှေနန်းတော်တွင်သာ စံပျော်တော်မူ၍ နေတော့မည်" ဟု မိန့်တော်မူသည်။ ညီလာသဘင်ကိုလည်း ရံဖန်ရံခါမှသာလျှင် ထွက်တော်မူနိုင်တော့သည်။
        ဘုရင့်နောင်သည် ညီနောင်နွယ်ရင်းသဖွယ် ချစ်ခင်ရသည့် ညီတော်ဘုရင်အတွက် စိတ်မချနိုင်သဖြင့် အတွင်းတော်၌ စိတ်ချယုံကြည်ရသော မင်းညီမင်းသား မှူးမတ်တို့ကို  ခန့်ထားတော်မူ၍ ကိုယ်တော်တိုင်လည်း ဘုရင်းအပါးတော်တွင် ကိုယ်နှင့်မကွာ ညဥ့်နှစ်ချက်တီး၊ သုံးချက်တီးတိုင် စောင့်၍နေတော်မူသည်။ ဘုရင်စက်တော်ခေါ်၍ ပျော်တော်မူမှပင် ယုံကြည်ရသော အမှူးအမတ်တို့ကို အစောင့်အနေထား၍ အိမ်သို့ပြန်တော်မူလေသည်။ နံနက်မိုးသောက်လျှင်လည်း နန်းတော်သို့ဝင်တော်မူ၍ ပြည်ရေးရွာမှုတို့ကို စီရင်တော်မူသည်။

        ဘုရင်တပင်ရွှေထီးမှာ နေ့ညမပြတ် မူးယစ်အားကြီးကာ အကောင်းအဆိုး ကြောင်းကျိုးနှစ်တန်ကို ဆင်ခြင်နှိုင်းချိန်တော် မမူနိုင်တော့ဘဲ မတရားစီရင်သောအမှုတို့ကို ပြုလေရာ ဘုရင့်နောင် သိရှိလျှင် အမှုမှန်ပေါ်ပါက အပြစ်မရှိသူကို လွှတ်စေသည်။ ဘုရင့်နောင် မသိရသောအမှုတွင်မူ မတရားအသက်ဆုံးရှုံးရမှုများ ရှိလာသည့်အတွက် စိတ်နှလုံးညှိုးချုံးဖွယ်များ များပြားလာလေရာ မွန်အမတ်၊ မြန်မာအမတ်တို့ ညှိနှိုင်းတိုင်ပင်ကာ ဘုရင့်နောင်အား ...
        "ယခုအဖြစ်ကြောင့် ပြည်ရွာငြိမ်သက်နိုင်မည့်အရေးကား မရှိပါပြီ။ သို့ပါ၍ ညီတော်မင်းတရား လုံခြုံစွာထားပြီးလျှင် အရှင်နန်းတက်တော်မူပါတော့၊ ကျွန်တော်မျိုးတို့ အရှင့်အမှုတော်ကို ထမ်းရွက်ပါမည်" ဟု တင်လျှောက်လာကြသည်။
        ထိုသို့ မွန်အမတ်၊ မြန်မာအမတ်တို့ တင်လျှောက်လာကြသည်ကို ဘုရင့်နောင်က လက်ခံတော်မမူ။  တပင်ရွှေထီးအား မင်းအဖြစ်မှပယ်ကာ ဘုရင့်နောင်အား ထီးနန်းဆက်ခံရန် လျှောက်ထားချက်ကို ပြတ်သားစွာ ငြင်းပယ်လေသည်။ ဤနေရာတွင် သာမာန်ပုဂ္ဂိုလ်သာဆိုလျှင် ထီးနန်းစည်းစိမ်ကို အလွယ်တကူပင် လက်ခံလိုက်မည်သာဖြစ်သည်။ သို့သော် ဘုရင့်နောင်ကား သာမညပုဂ္ဂိုလ်မဟုတ်။ တိဟိတ်ပုဂ္ဂိုလ်၊ စိတ်နှလုံးကောင်း အာဇာနည်ယောက်ျားမြတ် ဖြစ်သဖြင့် နန်းစည်းစိမ်ကို လက်မခံဘဲ ငြင်းပယ်ခြင်းဖြစ်သည်။
အာဏာမဖက်၊ ရာထူးစည်းစိမ်ကို မတွယ်မဖက်သည့်သူ သမိုင်းတွင် ရှိခဲ့၏။ ထိုပုဂ္ဂိုလ်မှာ ပုဂံခေတ် ကျန်စစ်သားဖြစ်၏။ စောလူးမင်းအား ငရမန် ဖမ်းယူသွားပြီးနောက် မှူးမတ်တို့က နန်းအပ်သည်ကို ကျန်စစ်သားသည် အလားတူပင် ငြင်းပယ်ခဲ့သည်။ မဟာရာဇဝင်ကြီး (ဒုတိယအုပ်)တွင် ဘုရင့်နောင်၏ သစ္စာကြီးပုံကို ဤသို့ဖော်ပြထားသည်။
        ဘုရင့်နောင်က မွန်အမတ်၊ မြန်မာအမတ်တို့အား ...
        "အစ်ကိုတို့ ... ငါတို့ဘဝရှင် ကျေးဇူးတော် သစ္စာတော် နှစ်ပါးရှိပါသည်။ သည်စကားကို ငါသာကြားစေ အခြားမကြားစေနှင့်။ သဗ္ဗညုဘုရား တရားတော်မှာသည်း မတော်မမှန် မစောင့်ကျင့်သောသူသည် အနှစ်တစ်ရာပင်နေရငြားသော်လည်း တော်မှန်ဖြောင့်မတ်သောသူ တစ်နေ့နေရသည်ကို မတန်ဟု ဟောတော်မူသည်။ ဘဝရှင်မင်းတရားစိတ်တော်ကို မျဉ်းဖြောင့်၍ အကျိုးအကြောင်းကို လျှောက်ပါဦးမည်။ သို့လျှောက်သည်ကို ယူတော်မမူနိုင်သော်လည်း အစ်ကိုတို့၊ ငါတို့ စောမ၍သာ အမှုတော်ကို ထမ်းကြရမည်။ မသင့်မတင့်သော အကြံကိုကြံ၍ မပြုအပ်ချေ။ အစ်ကိုတို့ကိုယ်ရေးမှာလည်း ငါရှိလေပြီးသည်။ မည်သည်ကိုမျှ မစိုးရိမ်နှင့်။ အစ်ကိုတို့ စားမြဲသောစည်းစိမ်နှင့် ငြိမ်သက်စွာနေကြပါ" ဟု မိန့်သည်။

        မှူးမတ်တို့မှာလည်း ထိုသို့ ဘုရင့်နောင်၏ သစ္စာဓမ္မသမာဓိတရားတို့ဖြင့် တည်ကြည်ဖြောင့်မှန်သော စကားကို ကြားရသောအခါ နောက်ထပ်မတင်လျှောက်နိုင်ကြတော့ဘဲ နှုတ်ဆိတ်၍သာနေကြရသည်။
        ဘုရင့်နောင်သည် ညီတော်ဘုရင်ကိုယ်စား တိုင်းရေးပြည်မှုတို့ကို ကြိုးပမ်းစောင့်ရှောက် စီရင်တော်မူကာ ညီတော်ဘုရင်ကို သေရည်အရက်တို့ဖြင့် ဖျက်ဆီးခဲ့သူ ပေါ်တူဂီကိုလည်း သင်္ဘောတစ်စီးနှင့် ရွှေငွေများပေးကာ နိုင်ငံတော်မှ ထွက်ခွာစေသည်။

ဆက်ရန် (အပိုင်း - ၂၅) မင်းရဲသီဟသူ နတ်ရွာစံခြင်း

No comments:

Post a Comment