မင်းရဲသီဟသူ နတ်ရွာစံခြင်း
သက္ကရာဇ် (၉၁၀)ပြည့်နှစ်တွင် ဘုရင်နောင်၏ခမည်းတော်တောင်ငူဘုရင်ခံ မင်းရဲသီဟသူ နတ်ရွာစံတော်မူသည်။ မင်းရဲသီဟသူ နတ်ရွာစံကြောင်းကို ဘုရင်တပင်ရွှေထီး ကြားသိတော်မူရလျှင် အလွန်ဝမ်းနည်းကြေကွဲခြင်း ဖြစ်တော်မူသည်။
တပင်ရွှေထီးသည် မင်းရဲသီဟသူကို ခမည်းတော်အရင်းကဲ့သို့ ချစ်ခင်တော်မူသဖြင့်ဟံသာဝတီကို စိုးစံရသောအခါ တောင်ငူရွှေနန်းကို လွှဲအပ်၍ တောင်ငူဘုရင်ခံအဖြစ် အုပ်စိုးစေခဲ့ခြင်းဖြစ်သည်။ လစ်လပ်သွားသော တောင်ငူဘုရင်ခံနေရာကို ဘုရင့်နောင်၏ညီတော်အား သီဟသူအမည်ဖြင့်စိုးစံရန် အမိန့်တော်ချမှတ်လေရာ မှူးမတ်တို့က "ကေတုမတီနေပြည်တော်ကြီးသည် ဘုန်းတော်ကြီးသောအရှင်တို့၏ စံရာဌာနကြီးဖြစ်ပါသည်။ ယခုအခါ အရှင်၏နောင်တော် ဘုရင့်နောင်သည် လှိုင်မြို့စားအဖြစ်နှင့်သာ အမှုတော်ကိုထမ်းရွက်လျက်နေရပါသည်။ လှိုင်မြို့ဆိုသည်မှာ မြို့ငယ်မျှသာဖြစ်သဖြင့် ဘုရင့်နောင်နှင့် သင့်လျော်မည်မထင်ပါ။ ကေတုမတီ နန်းနှင့်သာလျှင် သင့်လျော်လိမ့်မည်ဟု ထင်မြင်ပါသည်။ သို့ပါ၍ ဘုရင့်နောင်အား ကေတုမတီရွှေနန်းကို လွှဲအပ်သင့်ကြောင်း လျှောက်လိုပါသည်" ဟု မိမိတို့၏ ဆန္ဒကို တပင်ရွှေထီးအား လျှောက်ကြားကြသည်။
မှူးမတ်တို့လျှောက်ကြားချက်ကို တပင်ရွှေထီးက ...
"မှူးမတ်တို့လျှောက်ကြားချက်မှာ ငါ့နောင်တော်အကျိုးကို လိုလားသောကြောင့်သာ လျှောက်ကြရိုး မှန်ပေသည်။ သို့ရာတွင် ငါနှင့်ငါ့နောင်တော်မှာ ထီးနန်းစည်းစိမ် အမွေမကွဲပင်ဖြစ်ပေသည်။ ငါဘုရင်မင်းမြတ်ကိုယ်တော်တိုင်လည်း ငါ့နောင်တော် ဘုရင့်နောင်ပင် ဖြစ်တော့သည်။ ငါ့နောင်တော် ဘုရင့်နောင်ကိုယ်တိုင်လည်း ငါဘုရင်မင်းမြတ်ပင်ဖြစ်တော့သည်။ အထူးလျှောက်ကြားရန်မလို" ဟု မိန့်တော်မူသည်။ ဆိုရင်းအဓိပ္ပါယ်မှာ မိမိနှင့်ဘုရင့်နောင် ကွဲပြားခြင်းမရှိ။ ဘုရင့်နောင်သည် ဟံသာဝတီပြည်ကြီးရှင်ဖြစ်သော မိမိနှင့်အတူပင်ဖြစ်သည် ဟူ၍ဖြစ်၏။ တစ်နည်းအားဖြင့် မိမိနတ်ရွာမစံမီမှာပင် ဘုရင့်နောင်သည် မိမိ၏ကိုယ်ပွားတော်ဖြစ်နေရာ မိမိနတ်ရွာစံလျှင် ဘုရင့်နောင်မှ ဟံသာဝတီရွှေနန်းကို ဆက်ခံရမည်ဟု မိန့်ဆိုတော်မူလိုခြင်းဖြစ်သည်။
ဘုရင်တပင်ရွှေထီး၏ အမိန့်တော်မြတ်ကို ကြားကြရလျှင် မှူးမတ်အပေါင်းတို့မှာ ဘုရင်မင်းမြတ်၏ အလိုတော်စိတ်ရင်းအမှန်ကို သိကြရသဖြင့် ညီတော်နောင်တော်နှစ်ပါးတို့၏ ကိုယ်သာကွဲသော်လည်း စိတ်မကွဲဘဲ လွန်စွာပင် ချစ်ခင်မြတ်နိုးတော်မူကြပေသည်ဟု ချီးမွမ်းပြောဆိုကြလေသည်။
ထိုကဲ့သို့ ဘုရင်တပင်ရွှေထီးမှ စိတ်ရင်းဆန္ဒတော်အတိုင်း မိန့်တော်မူသည်ကို ကြားသိကြရသည့်အချိန်မှစ၍ မွန်အမတ်၊ မြန်မာအမတ်တို့သည်လည်း ဘုရင့်နောင်အပေါ် ရှေးကထက်ပင် ရိုသေကျိုးနွံလျက် အမှုတော်ကို ကြိုးပမ်းထမ်းရွက်ကြလေသည်။
No comments:
Post a Comment