ယခု ကျွန်တော် အလိုချင်ဆုံးတစ်ခုက ဓါတ်ပုံတစ်ပုံပါ။
ကျွန်တော် ထိုဓါတ်ပုံ လိုချင်တဲ့စိတ်က ကြာသေးတာတော့မဟုတ်။
ကျွန်တော် လိုချင်တာက ရှုမျှော်ခင်းပုံ မဟုတ်။ မြေပုံ မဟုတ်။ သားရဲ တိရိစ္ဆာန်ပုံတွေ မဟုတ်။ အဆိုတော်၊ မင်းသမီး၊ မင်းသား ပုံတွေ မဟုတ်။ အမေရိုက်ပေးတဲ့ ကျွန်တော် ငယ်ငယ်က ပုံမဟုတ်။
ကျွန်တော် လိုချင်တာက ဦးသန့်ပုံ။
၂။
“ဦးသန့်ပုံ ရှိလား”
“ခင်ဗျာ .. ဘယ်သူ့ပုံ…..”
“ဦး သန့် ပုံ ပါ”
“ဦးသန့် ဟုတ်လား ….
အစ်ကိုရေ … ဦးသန့်ဆိုလား သူ့ပုံရှိလားတဲ့”
ဓါတ်ပုံဆိုင်က အရောင်းဝန်ထမ်း ကလေးလေးတစ်ယောက်ပါ။ အသက် ၁၂ နှစ်လောက် ၀န်းကျင်ကလေးတစ်ယောက်ဟာ ဦးသန့်ကို မသိနိုင်ဘူးလား။
အင်းလေ.. ဒီလောက် အရွယ် ကလေးလေးက ဘယ်သိနိုင်မလဲ။ ပြီးတော့ ခုလို အလုပ်လုပ်နေပုံထောက် ကျောင်းပညာရေးကော ပြီးဆုံးအောင် တတ်နိုင်မယ် မထင်။ ထားပါတော့။ သူခေါ်လိုက်တဲ့ နောက်တစ်ယောက်ကတော့ သိမှာပါလေ။
“ဦး .. ဘယ်သူ့ပုံ လိုချင်တာလဲဗျ”
ဒီတစ်ခါ ထွက်လာတဲ့ ကလေးကတော့ အသက် ၂၀ ၀န်းကျင်။ ဆိုင်က ကလေးတွေထဲမှာ နည်းနည်းတော့ လည်လည်ဝယ်ဝယ် ရှိမယ့်ပုံမျိုး။
“အေး .. ဦးလိုချင်တာက ဦးသန့်ပုံပါကွယ်”
“ဟုတ် ဘယ်နေ့က ရိုက်ထားတာလဲဦး
ဦးသန့်ဆိုတာ ဦးပဲလား .. တခြားတစ်ယောက်လား
တဆိတ်လောက် လာရွေးပေးပါလား ဦး”
ကျွန်တော် ကြောင်တောင်တောင် ဖြစ်သွားတုန်းမှာပဲ သူက ဗူးလေး တစ်ဗူးထဲက ပတ်စ်ပို့ ပုံတွေ အထပ်လိုက် စားပွဲပေါ် ဖြန့်ခင်းလိုက်ပါတော့တယ်။ သေပြီ။ ဦးသန့်ဆိုတာ မနေ့တစ်နေ့က ပတ်စ်ပို့ပုံ လာရိုက်သွားတယ်လို့ ထင်နေပါ့လား။
“မဟုတ်ဘူးလေ ..
ဦးပြောတဲ့ ဦးသန့်ဆိုတာ …
ခေါင်းဆောင်ကြီး ဦးသန့်လေ …”
“ဟုတ်.. ဘယ်သူလဲဗျ .. ကျွန်တော်တို့ဆီမှာ ရိုက်တဲ့သူများတော့ မမှတ်မိလို့ပါဗျ”
အင်း….။ ဟုတ်တော့ ဟုတ်နေပြီ။ ကျွန်တော် ဆက်မမေးတော့ပါဘူး။ ဒီကလေးနှစ်ယောက်လုံး ဦးသန့်ကို မသိကြတာ သေချာပြီ။
“အေးကွယ် … ဦးလည်း ဦးသန့်ပုံကို မမှတ်မိလောက်တော့ပါဘူး
သွားလိုက်ဦးမယ်ကွယ်” လို့ ပြောပြီး ကျွန်တော် ထွက်လာခဲ့ပါတယ်။
၃။
ကျွန်တော့် အိမ်ဟာ အသစ်စက်စက် ဆောက်ပြီးခါစပါ။ အိမ်ထဲမှာ ဆေးသုတ်တန် သုတ်၊ ကြွေပြားခင်းတန် ခင်း။ လိုက်ကာတပ်၊ မီးဆင်၊ အားလုံးပြီးသွားချိန်မှာ ပြဿနာတစ်ခုကို စတွေ့တော့တာ။ ဧည့်ခန်းမှာ ပရိဘောဂတွေချ၊ နံရံထောင့်မှာ နာရီတစ်လုံး ချိတ်လိုက်။ ပြီးတော့ ရှေ့တည့်တည့် နံရံမှာ တီဗွီတစ်လုံးကို ကပ်လိုက်တယ်။ ခက်နေတာက ဘေးနံရံ။ အဲဒီ နံရံဟာ အလွတ်ကြီး။ တစ်ခုခုတော့ အဲဒီ နံရံမှာ ချိတ်ဆွဲသင့်တာပေါ့။
“မိန်းမရေ …. ဒီနံရံမှာ ငါတော့ တစ်ခုခု ချိတ်ချင်တယ်ကွ” ဆိုတော့ ဇနီးဖြစ်သူက မဆိုင်းမတွ ဖြေပါတယ်။
“ဓါတ်ပုံတစ်ပုံလောက် ချိတ်လိုက်လေ .. ယောက်ျားရဲ့ ဘာခက်လို့လဲ”
ဓါတ်ပုံ။ ဓါတ်ပုံ တစ်ပုံလောက် ချိတ်မယ်ဆိုတော့ ကျွန်တော့်မှာ စတင် စဉ်းစားရပြီ။ ကျွန်တော့်ပုံ ချိတ်မှာလား။ ကျွန်တော် ဘွဲ့ယူထားတုန်းက ပုံဆိုကောင်းမလား။ မကောင်းလှ။ ငါက ဘွဲ့ရ ပညာတတ်ကွလို့ ကြွားထားသလိုမျိုးကြီး။ ဒါမှမဟုတ် ကျွန်တော်နဲ့ဇနီး မင်္ဂလာဆောင်တုန်းက ပုံတစ်ခုခုဆိုရင်ရော။ အဆင်မပြေလှ။ ကျွန်တော်လိုချင်တာက ခန့်ခန့်ညားညားနဲ့ လေးစားဖွယ် လူသားတစ်ဦး။ စံထားစရာ လူသားတစ်ဦး။ မမေ့အပ်သင့်တဲ့ လူသားတစ်ဦး။
ဆိုတော့ စဉ်းစားရပြီ။ ဗိုလ်ချုပ်အောင်ဆန်းပုံဆို ကောင်းမလား၊ ဂန္ဓီဆို ကောင်းမလား၊ မာသာ ထရီဆာ ဆိုကောင်းမလားပေါ့။ အက်ဒီဆင် ဆိုကောင်းမလား၊ အိုင်းစတိုင်းဆိုကောင်းမလား။
နောက်ဆုံး ကျွန်တော် စဉ်းစားမိတာက ဦးသန့်။ ဟုတ်တယ်။ ဦးသန့်ဓါတ်ပုံကို ကျွန်တော့် ဧည့်ခန်းရဲ့ ဘေးနံရံမှာ ချိတ်စွဲလိုက်ရင်ဖြင့် ဘယ်လောက်တောင် ခန့်ညားမလဲပေါ့။
၎။
အိမ်နားက ဓါတ်ပုံဆိုင်က အဆင်မပြေတာနဲ့ လမ်းထိပ်ထိ ထွက်လာပြီး ဦးသန့်ကို ကျွန်တော် ရှာဖွေနေမိတယ်။
“ဗျာ .. ဦးသန့်ဆိုတာ ဘယ်သူလဲဗျ
ဗိုလ်ချုပ်အောင်ဆန်း ပုံတော့ ရှိတယ်”
“မဟုတ်ဘူးကွယ် .. ဦးလိုချင်တာ ဦးသန့်ပုံ”
“ဟုတ် .. ဟိုဘက် နှစ်လမ်းကျော်မှာတော့ ဓါတ်ပုံဆိုင်တစ်ဆိုင် ရှိသေးတယ် ဦး
အဲဒီမှာ သွားမေးကြည့်ပါလား”
အဲလိုနဲ့ ကျွန်တော် နှစ်လမ်းလောက် ထပ်လျှောက်လိုက်တယ်။
“ဦးသန့်ပုံက မရှိဘူးဗျ
ဒီမှာက ဘုရားပုံတော်တွေပဲ ရောင်းတာပါ
ဦးလိုချင်တယ်ဆို ဟိုဘက် ၃ လမ်းလောက်သွားပြီး ညာဘက်ကွေ့လိုက်
အဲဒီဆိုင်မှာတော့ ရှိနိုင်တယ် ဦး”
“အော် .. အေး ကျေးဇူးကွာ”
လျှောက်ပေါ့။ ကိုယ်က ဦးသန့်ပုံမှ ဦးသန့်ပုံကို ချိတ်ချင်တာကိုး။
“ဦးသန့်ပုံက မရှိဘူးဗျ
ရွှေတိဂုံ ဘုရားဘက်သွားကြည့်ကြည့်ပါလား
ဒီနားတ၀ိုက်မှာတော့ မရှိနိုင်ဘူး”
သေရော၊ ရွှေတိဂုံ ဘုရားထိ သွားရမှာလား။ ကဲပါလေ .. မထူးပါဘူးဆိုပြီး ကျွန်တော် ဘက်စ်ကားပေါ်တက်လို့ ရွှေဂုံတိုင်ဘက် ခရီးဆက်ရတာပေါ့။
၅။
ရွှေဂုံတိုင် မှတ်တိုင်မှာ ဆင်းဆင်းချင်း ခေါင်းထဲ အတွေးက ၀င်လာတယ်။ ရွှေတိဂုံ ဘုရားဘက်တော့ဟုတ်ပြီ။ ဘုရား အရှေ့ဖက်လား၊ အနောက်ဖက်လား မသိ။ ခက်ပြီ။ မတတ်နိုင်ဘူး၊ မေးကြည့်ရမှာပဲလေ။
“ညီလေးရေ .. ဒီနားမှာ ဓါတ်ပုံတွေ ရောင်းတဲ့ ဆိုင်ရှိလား”
“ဓါတ်ပုံဆိုင်လား .. ခုလမ်းအတိုင်း တည့်တည့်သွားပြီး ရှေ့ကျ ညာဘက်ကွေ့လိုက်
ပြီးရင် ဘယ်ဘက်ကွေ့လိုက်
အဲဒီလမ်းထဲမှာ ဓါတ်ပုံရောင်းတဲ့ ဆိုင်ရှိတယ်”
“အော်.. အေး .. ကျေးဇူးပဲကွာ”
ဟိုရောက်တော့လည်း မထူးပါဘူး။ ဦးသန့်ပုံ မရှိပါဘူးတဲ့။ ဒါနဲ့ နောက်တစ်ဆိုင်ထပ်မေးပြီး ထပ်သွား။
“ဦးသန့်ပုံလား .. မရှိဘူးဗျ”
“ဦးသန့်ပုံလား .. ကုန်နေတယ်ဗျ”
“ဦးသန့်ပုံလား .. နောက်တစ်လလောက်မှ ရပါမယ်”
“ဦးသန့်ပုံလား .. ဒီဆိုင်မှာတော့ မရှိသေးဘူးဗျ”
“ဦးသန့်ပုံလား .. မရှိပါဘူးရှင့်”
“ဦးသန့်ပုံလား .. မရှိဘူးကွ”
၆။
ဒီတော့ မဖြစ်ချေဘူး။ ဦးသန့်ပုံ ဘယ်မှာ ရနိုင်မလဲ။ ဦးသန့်ပုံ ရှိတဲ့ နေရာ ဘယ်သူသိမလဲ စဉ်းစားစမ်း။ ဟုတ်ပြီ။ ကိုနိုင်စွမ်းဆီ ဖုန်းဆက်မေးမှပဲ။
“ကိုနိုင်စွမ်း .. ဦးသန့်ပုံ ဘယ်မှာ ရနိုင်မလဲဗျ သိလား”
“ဘာ.. ထူးသန့် ဟုတ်လား
ဟဲလို … ဘာပြောတာလဲဟ
ထူးသန့်ပဲဆီသန့်လား .. ဈေးဆိုင်မှာ သွားဝယ်လေ”
ကဲ .. အရေးထဲ .. ဖုန်းက လိုင်းမကောင်း။
“ဟာဗျာ .. ဘယ်က ပဲဆီသန့်လဲ
ဦးသန့်ဗျ .. ဦးသန့်ပုံ .. ဘယ်မှာ ရောင်းလဲ သိလား မေးတာ”
“ဟင် … ဦးသန့် ဟုတ်လား ..
မင်းပြောတာ ကုလသမ္မဂ အတွင်းရေးမှူး ဦးသန့်လား”
“ဟုတ်ပါ့ .. ဦးသန့်ပုံလိုချင်တာ ဘယ်မှာ ရောင်းလဲလို့”
“အေးကွာ .. မင်းပြောမှ ဦးသန့်အရေးအခင်းကိုတောင် သတိရသွားတယ်
တကယ်ဆိုကွာ .. အဲဒီ အကြောင်းတွေ လူတိုင်း သိသင့်တယ်”
“ဟုတ်ပါတယ် ကိုနိုင်စွမ်းရယ် ..
အဲဒီကိစ္စကို နောက်တွေ့မှ ပြောပါဗျာ ..
ကျွန်တော် ခုသိချင်တာ သူ့ပုံ ဘယ်မှာ ရနိုင်မလဲဗျ”
သူ့ဘက်က အသံတော်တော်နဲ့ ထွက်မလာ။ ကျွန်တော်လည်း စိတ်မရှည်လှ။ တော်တော်ကြီး ကြာမှ သူက ပြောလာတယ်။
“အေးကွာ.. ဂျာမဏီ အရေးအခင်းတုန်းက
အရှေ့နဲ့ အနောက် ပြန်သင့်မြတ်အောင် သူတော်တော်ကြိုးစားခဲ့တာကွ
မင်း .. သူ့ပုံလိုချင်တယ်ဆို ဗိုလ်ချုပ်ဈေးဘက်သွားရှာကြည့်လေ” တဲ့။
၇။
ခုမှတော့ မထူးတော့ပါဘူး။ ကျွန်တော် ရွှေဂုံတိုင်ဆီက ဗိုလ်ချုပ်ဈေးကို သွားရတော့မှာပေါ့။ ဗိုလ်ချုပ်ဈေးထဲရောက်တော့ ပန်းချီပြပွဲ တစ်ခုနဲ့ တန်းတိုးတယ်။ မျက်မှန်းတန်းမိတဲ့ ပန်းချီဆရာတစ်ယောက်ကို ကျွန်တော် မေးလိုက်တယ်။
“အစ်ကို .. ဦးသန့် ပုံ ဘယ်မှာ ရှိနိုင်လဲဗျ”
“အေးကွ.. အစ်ကိုတို့ဆီမှာတော့ အမေစုရဲ့ ပန်းချီကားတွေပဲပါတယ်
မင်းလိုချင်တယ်ဆို တခြား ဆရာတွေဆီ မေးပေးမယ်လေ …”
“မဟုတ်ဘူးလေ အစ်ကိုရဲ့ ..
ကျွန်တော်ပြောတာ .. ဦးသန့်ရဲ့ ဓါတ်ပုံကို ပြောတာ
ပန်းချီကား မဟုတ်ဘူး”
“အော် .. ဓါတ်ပုံလားကွ .. ဓါတ်ပုံဆိုရင်တော့
မင်း ၃၃ လမ်းဘက် သွားကြည့်ပါလား
အဲဒီဘက်မှာ ရှိနိုင်တယ်”
ကဲ..။ လျှောက်စမ်းဦး ၃၃ လမ်းတဲ့။
“ဦးသန့် ပုံလား .. မရှိဘူးကွ .. ဒီမှာက မင်းမြင်တဲ့ အတိုင်း
ဗိုလ်ချုပ်ပုံနဲ့ အမေစု ပုံတွေပဲ ရှိတာ”
“ဦးသန့်လားကွ…
မင်းပြောတာ ဦးနုရဲ့ အကြံပေးကြီး ဦးသန့်နော်”
“ဟုတ်ပါ့ဗျာ အစစ်ပေါ့.. သူ့ပုံ ရှိလားဗျ ..”
“အေး.. သူ့ပုံလား ..
အေးကွာ ဦးဖြင့် နောင်တရပါတယ်
ဦးဆိုင်မှာ တခြား ပုံတွေ စုဆောင်းထားပြီး ဦးသန့် ပုံမှ မထားမိလေခြင်းကွာ ..”
၈။
ကျွန်တော် လှည့်ထွက်လာခဲ့ပါတယ်။ ကျွန်တော် လိုချင်တာ ဦးသန့်ပုံပါ။ ဦးသန့်ပုံ ဘယ်မှာ ရနိုင်မလဲ။ ခင်ဗျားသိလား။ ဘယ်သူသိလဲ။ ဦးသန့်။ ဦးသန့်ရဲ့ ဓါတ်ပုံ ကျွန်တော်လိုချင်ပါတယ်။
“ဦးသန့်ပုံလား .. စာပေဗိမ္မာန်ဘက်နားမှာ သွားမေးကြည့်ပါလား”
“ဦးသန့်ပုံလား .. ပန်းဆိုးတန်းတ၀ိုက်မှာ ရှိနိုင်တယ်”
“ဦးသန့်ပုံလား .. အလုံက Gallery တစ်ခုမှာ တွေ့ဖူးတယ်ကွ”
“ဦးသန့်ပုံလား .. ယုဇနပလာဇာနား နေတဲ့ လူတစ်ယောက်တော့
စုဆောင်းထားတာ ကြာဖူးတာပဲ”
“ဦးသန့်ပုံလား .. မန္တလေးက မိတ်ဆွေတစ်ဦးကို မေးကြည့်ပေးမယ်”
“ဦးသန့်ပုံလား ..မရှိဘူးဗျ .. သမ္မတကြီး ဦးသိန်းစိန် ပုံတော့ ရှိတယ်”
၉။
ကျွန်တော် စိတ်ညစ်သွားပါပြီ။ ဦးသန့် ဘယ်မှာလဲ။ မဟုတ်ဘူး။ ဦးသန့်က ဆုံးပါးသွားတာ ကြာပြီ။ ကျွန်တော်လိုချင်တာ ဦးသန့် ဓါတ်ပုံပါ။ ဓါတ်ပုံဆရာရဲ့ သားဖြစ်တဲ့ ကျွန်တော် သူငယ်ချင်း လူရိုးကို သတိရသွားတယ်။
“ဟဲလို .. လူရိုးလား
မင်း ဦးသန့် ပုံဘယ်မှာ ရနိုင်လဲ သိလား”
“ဦးသန့်ပုံလား ..
မင်းပြောမှကွာ တိုက်တိုက်ဆိုင်ဆိုင်ပဲ
ငါခုကြည့်နေတဲ့ အိမ်ဖြူတော်ကို ၀င်တိုက်တဲ့ ကားမှာ
ဦးသန့်ပုံကို တွေ့လိုက်တယ်ကွ
အိမ်ဖြူထဲမှာတောင် ငါတို့ မြန်မာလူမျိုး ဦးသန့်ပုံကို တခမ်းတနား ချိတ်ထားတယ်ကွ
ဦးသန့်ပုံတော့ ဘယ်မှာ ရနိုင်တယ် ငါလည်း မသိဘူး
မင်းတွေ့ရင် ငါ့အတွက် တစ်ပုံပါ ပိုဝယ်ခဲ့နော်” တဲ့။
ဟူး…………။
သက်ပြင်းသာ ချလိုက်ပြီး ဖုန်းချလိုက်ချိန် ဖုန်း ၀င်လာတယ်။ ကျွန်တော် မိန်းမပဲ။
“ရှင် တစ်နေကုန် ဘယ်တွေ သွားနေလဲ”
“……………..”
“ဘာ.. ဦးသန့် ဟုတ်လား”
“…………………………”
“အော်.. ယောက်ျားရယ် .. ပြန်လာခဲ့တော့ အိမ်ကို”
“…………………………..”
“ကဲပါရှင် . အိမ်ပြန်လာခဲ့ပါတော့ ..
ကျုပ် ဦးသန့်ပုံကို ရှင်လိုချင်တဲ့ နေရာမှာ ချိတ်တောင်ပြီးပြီရှင့်”
“…………………………..”
“ဘာ.. ဘယ်ကရမလဲ… ရှင် ချိတ်ချင်တယ်ဆိုလို့ အင်တာနက်မှာ ကောက်ရှာလိုက်တာ .. အင်တာနက်ထဲ ဦးသန့်ပုံတွေ တစ်ပုံတစ်ခေါင်းတော့ အဲဒါနဲ့ ကျုပ်လည်း ဆိုဒ်ကြီးတဲ့ တစ်ပုံကို ဒေါင်းလုပ်လုပ်ပြီး ပရင့်ထုတ်
ခု ဘောင်တောင် သွင်းပြီးနေပြီရှင့်”
၁၀။
ကျွန်တော် ဘာမှ မပြောလိုတော့ပါဘူး။ ကျွန်တော် လိုချင်နေတဲ့ ဦးသန့်ပုံကို ရသွားပြီ။ သင်အိမ်လာလည်ရင် ဧည့်ခန်းထဲမှာ ကော်ဖီတစ်ခွက်တိုက်ပြီး ဦးသန့်ပုံကို ကျွန်တော် ပြပါ့မယ်။
ရင်နင့်အောင်
No comments:
Post a Comment