Wednesday, May 2, 2012

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၁၅)

  • နတ်သမီးနှင့်တွေ့သည့် သုရှင်တကာရွတ်ပိ၏ နိဂုံး

            သုရှင်တကာရွတ်ပိသည် မိမိ၏တပ်အင်အားကို ပြန်လည်စုစည်းနိုင်ရန် ပြည်မြို့မှ အင်္ဂပူသို့ပြန်သည်။ အင်္ဂပူတွင် စစ်ရေး၌ အရေးထားရသည့် ဆင်တပ်ကိုတိုးချဲ့ရန် လုံးပမ်းသည်။ ထိုသို့လုံးပမ်းနေစဉ် အင်္ဂပူတောတန်းတွင် ဆင်ကောင်ပေါ်သည်ဟု သတင်းကြားရသဖြင့် တိုက်ဆင်(၇၀)၊ ရဲမက်(၁၀၀၀)ဖြင့် ဆင်ကျော့ရန်ထွက်လေသည်။ ဆင်ကိုတွေ့သော်အကျော့မခံဘဲ ထွက်ပြေးသွားသဖြင့် လက်ရဖမ်းမိရန်အတွက် ဆင်တော်တစ်စီးဖြင့် နောက်မှလိုက်သည်။ 

           ဆင်ရလိုစိတ်ဇောဆန္ဒဖြင့် အားသွန်လိုက်ရင်းမှ နက်ခေါင်လှသော တောကြီး အတွင်းသို့ ရောက်ရှိသွားခဲ့ကာ ရေကြည်တော်ငတ်သဖြင့် ဆင်တော်ပေါ်မှဆင်းကာ ရေအိုင် တစ်ခုတွင် ရေကြည်တော်သောက်သည်။ ထိုစဉ် သုရှင်တကာရွတ်ပိ၏ရှေ့၌ နတ်သမီးတစ်ပါး ဘွားခနဲ့ပေါ်လာသည်။ လူသူမရှိသည့် တောနက်ကြီးခေါင်ခေါင်၌ ဖြူစင်ဝင်းမွတ်ပြီး သွယ်နွဲ့လှပလှသော အဝတ်ဟူ၍ တစ်ပိုင်းတစ်စမျှပင်မပါရှိသည့် ဗလာကိုယ်ထီးဖြင့် မွှေးကြူချင်စရာ နတ်သမီးကို မြင်ရသည်တွင် သုရှင်တကာရွတ်ပိမှာ အံ့သြခြင်းကြီးစွာဖြစ်ရသကဲ့သို့ အာသာရမ္မက်ဇောတို့ကလည်း ကြွလာရသည်။ 

          နတ်သမီးက မင်းကြီးကို ကလူမြှူချို ချူလှည့်ဆွတ်လှည့်ပါဟန်ဖြင့် ပြုံးပြကာ မင်းကြီးအနီးသို့ တိုးတပ်လာသည်။ ထို့နောက် မင်းကြီးရင်ခွင်တွင်းသို့ တိုးဝင်လိုက်လေရာ မင်းကြီးမှာလည်း ပုထုဇဉ်ဘာဝ ထိန်းချုပ်နိုင်မဲ့စွာ ကိလေသာဆားရေကို သောက်လိုက်မိတော့သည်။ သို့သော် နတ်သမီးကား ခဏမျှသာ။ မင်းကြီးက အတွေးနှင့် မိန်းမောနေရာမှ မျက်လုံးကို ပြန်ဖွင့်အကြည့်တွင် ရင်ခွင်တွင်းမှ နတ်သမီးမှာ မရှိတော့။

          “နတ်ကလျာမယ် ... အဘယ့်အတွက်ကြောင့် မောင်တော်အား ထားရစ်ခဲ့ပါသနည်း၊ ပြန်လာလှည့်ပါလေ၊ မောင်တော်အား နှလုံးစိတ်ဝမ်း ညှိုးချုံးအောင် မရက်စက်ပါလေနှင့်” ဟု ညည်းညူဆိုမြည်းနေမိကာ တပ်မက်စွဲလမ်းခြင်းဝေဒနာကို ကြီးစွာ ခံစားနေရတော့သည်။ 
          သုရှင်တကာရွတ်ပိသည် အင်္ဂပူစံနန်းတော်သို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း နတ်သမီးကို မမေ့နိုင်မပျောက်နိုင်ဖြစ်ရကာ မိဖုရား၊ မောင်းမတို့က သာယာမှုပေးသော်လည်း  လက်မခံ။ သမားဟူးရားတို့ဖြင့် ကုသသော်လည်း မရတော့ဘဲ စံနန်းတော်သို့ ရောက်သည့်ညဥ့်၌ပင် နတ်ရွာစံတော်မူရလေ၏။ 

မှတ်ချက်။           ။ မြန်မာ့သမိုင်းတွင် သုရှင်တကာရွတ်ပိမင်းကဲ့သို့ပင် နတ်သမီးနှင့်တွေ့ပြီး နတ်ရွာစံရသည့် မင်းတစ်ပါးလည်း ရှိသေး၏။ ထိုမင်းမှာ အင်းဝဆင်ဖြူရှင် ဘွဲ့ခံမင်းဖြစ်သည်။ အောင်ပင်လယ်ကန်သို့ တောကစားထွက်ရာမှ နတ်သမီးနှင့်တွေ့ရပြီး သုရှင်တကာရွတ်ပိကဲ့သို့ပင် နတ်ရွာစံခဲ့ရသည်။ 

          သုရှင်တကာရွတ်ပိမင်း နတ်ရွာစံကြောင်းကို မိဖုရားများ၊ သားတော်၊ သမီးတော်များနှင့် မှူးမတ်တို့က ပြည်ဘုရင် နရပတိနှင့် အင်းဝဘုရင်သိုဟန်ဘွားသို့ အကြောင်းကြားကြရာ မဟာမိတ် ဘုရင်နှစ်ပါးမှာ မွန်မင်း သုရှင်တကာရွတ်ပိအတွက် ပူဆွေးဝမ်းနည်းတော်မူကြပြီး အင်္ဂပူသို့ သွားရောက်ကြကာ အလောင်းတော်ကို ကောင်းမွန်စွာသဂြိုလ်ကြ၏။ 
          ထို့နောက်မင်းနှစ်ပါးသည် မိဖုရား၊ သားတော်၊ သမီးတော်များနှင့် ဆင်ကောင်း၊ မြင်းကောင်းတို့ကို သိမ်းယူ၍ ပြည်သို့ပြန်ကြသည်။ ပြည်သို့ရောက်လျှင် အင်းဝဘုရင် သိုဟန်ဘွားက သုရှင်တကာရွတ်ပိ၏ သားတော်များနှင့် သမီးတော်များကို သားသမီးအဖြစ်မွေးမြူချီးမြှောက်မည်ဆိုကာ အင်းဝသို့ခေါ်ဆောင်သွားသည်။

          ပြည်ဘုရင်မှာလည်း သုရှင်တကာရွတ်ပိ နတ်ရွာစံသွားသည့်အတွက် တပင်ရွှေထီးကို တိုက်ရန် အားလျော့သွားရသည်။ အင်းဝဘုရင် သိုဟန်ဘွားကိုလည်း ယုံကြည်စိတ်ချရန်မဝံ့။ ထို့ကြောင့် အရေးရှိလာက အကူအညီရရန်အတွက် နှမတော် ပဲခူးမိဖုရားကို ရခိုင်သို့ပို့ရာ ရခိုင်ဘုရင်က ပြည်ဘုရင်၏နှမတော်ကို မိဖုရားမြှောက်တော်မူသည်။ ပြည်ဘုရင်မှာလည်း သက္ကရာဇ်(၉၀၀) ပြည့်နှစ်တွင် ဝမ်းရောဂါနှင့် နတ်ရွာစံတော်မူသည်။ 
        
        ပြည်ဘုရင် နတ်ရွာစံလျှင် ပြည်ထီးနန်းကို ညီတော် ရှင်သရက်က သိမ်းပိုက်သည်။ ဘုရင်ဖြစ်လာသောအခါ ‘မင်းခေါင်’ ဟူသောဘွဲ့ကို ခံယူသဖြင့် ‘ပြည်ဘုရင်မင်းခေါင်’ ဟု ထင်ရှားသည်။ မင်းခေါင်သည် နောင်တော်နရပတိ၏ မိဖုရားကြီးဖြစ်သည့် မရီးတော်သီရိဘုန်းထွတ်ကိုပင် မိဖုရားခေါင်ကြီးအဖြစ် ဆက်လက်ချီးမြှောက်တော်မူသည်။ 

          မှတ်ချက်။          ။ သီရိဘုန်းထွတ်မှာ အဆင်းရူပါအလွန်လှပပြီး ဘုန်းကျက်သရေဖြင့်လည်း ပြည့်စုံသဖြင့်  မြန်မာ့သမိုင်းတွင် အချောဆုံး အလှပဆုံး၊ ကျက်သရေအရှိဆုံး မိဖုရားတစ်ပါးအဖြစ် မှတ်တမ်းတင်ခြင်းခံရသည်။ သီရိဘုန်းထွတ်မှာ အင်းဝရွှေနန်းကြော့ရှင် နရပတိနှင့် ဓမ္မဒေဝီမိဖုရားကြီးတို့၏ သမီးတော်ဖြစ်သည်။ သက္ကရာဇ်(၈၈၆) ခုနှစ်တွင် ပြည်ဘုရင် သတိုးမင်းစောနှင့် မိုးညှင်းစလုံတို့ အင်းဝကို စစ်ခင်း၍ အင်းဝပျက်ရာ ပြည်ဘုရင်က သီရိဘုန်းထွတ်ကို ပြည်သို့ ယူဆောင်သွားသည်။ 

            ထို့နောက် ပြည်ဘုရင် နရပတိလက်ထက်တွင် နရပတိက မိဖုရားမြှောက်သည်။  နရပတိနတ်ရွာစံသောအခါ ညီတော်မင်းခေါင်က မိဖုရားဆက်မြှောက်သည်။ သီရိဘုန်းထွတ် သက်တော်(၃၆)နှစ် အရွယ်သို့ရောက်သောအခါ ချစ်မြတ်နိုးတော်မူ၍ ဘုရင့်နောင်က မိဖုရားကြီးမြှောက်ပြန်သည်။ သီရိဘုန်းထွက်မှာ ‘စန္ဒာဒေဝီ’ ဟူသော ဘွဲ့ဖြင့် ထင်ရှားကျော်ကြားသည်။ ဘုရင့်နောင်နှင့်စန္ဒာဒေဝီဘွဲ့ခံ သီရိဘုန်းထွတ်တို့မှ မင်းခင်စောကို ဖွားမြင်သည်။ မင်းခင်စောနှင့် တောင်ငူရွှေနန်းတည်ဘုရင် မင်းရဲသီဟသူတို့ သင့်မြတ်ရာမှ မြန်မာ့သမိုင်းတွင် ရတုစာဆိုဘုရင်အဖြစ် ထင်ရှားသည့်သားတော် နတ်သျှင်နောင်ကို ဖွားသည်။  သီရိဘုန်းထွတ်၏ ဆွေစဉ်မျိုးဆက်တို့ကား အချောအလှဂုဏ်တွင် ထင်ရှားကြ၏။

ဆက်ရန် (အပိုင်း - ၁၆) တပင်ရွှေထီး မုတ္တမကိုအောင်တော်မူခြင်း

No comments:

Post a Comment