Friday, May 11, 2012

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၁၆)

  • တပင်ရွှေထီး မုတ္တမကိုအောင်တော်မူခြင်း

            တပင်ရွှေထီးသည် ဟံသာဝတီနေပြည်တော်သို့ ပြည်လည်ရောက်ရှိတော်မူလျှင် မြို့တော် ကို မြို့တောင်ဘက်သို့ချဲ့ကာ ရွှေမော်ဓောစေတီတော်၏ အနောက်ဘက်ကို ပတ်၍ ပြုပြင်တော်မူသည်။ ဘုရင့်နောင်၏ဖခင် မင်းရဲသိင်္ခသူကိုလည်း မင်းရဲသီဟသူဘွဲ့မည်နှင်းလျက် ကေတုမတီ(တောင်ငူ) ဘုရင်ခံအဖြစ် ခန့်တော်မူသည်။ ယောက်ဖတော်ဖြစ်သည့် ဘုရင့်နောင်ကိုလည်း ကြီးကျယ်စွာချီးမြှင့်ရန် ကြံရွယ်ရင်းရှိသည့်အတိုင်း ဘုရင့်နောင်အား မိမိကဲ့သို့ပင် နိုင်ငံတော်ကို အုပ်ချုပ်ရမည်ဟု အမိန့်တော် ရှိလေသည်။ ထိုအချိန်မှစ၍ ဘုရင့်နောင်၏ အာဏာတော်မှာလည်း ရှေးကထက် ကြီးမားတိုးတက် လာခဲ့ရသည်။

          သုရှင်တကာရွတ်ပိ နတ်ရွာစံသဖြင့် ၎င်း၏မှူးမတ် သေနာပတိနှင့် စစ်သည်ရဲမက်အများလည်း တပင်ရွှေထီးဖဝါးတော်အောက်သို့ ခိုဝင်လာကြရာ စိတ်ရင်းသဘောထားပြည့်ဝသည့် မင်းမြတ်ဖြစ်သည်နှင့် အညီ တပင်ရွှေထီးကလည်း မွန်မြန်မာဟူ၍ မခွဲခြားဘဲ မိမိအောက်သို့ ခိုဝင်လာသူအားလုံးကို ယခင်က ရာထူးစည်းစိမ်အတိုင်းပင် ချီးမြှောက်တော်မူလေသည်။ ထိုသို့ တပင်ရွှေထီး၏ သဘောထားပြည့်ဝစွာ ဆောင်ရွက်မှုတို့ကြောင့် ပြည်သူအပေါင်းမှာလည်း မိမိတို့၏ မင်းကောင်းမင်းမြတ်ကို တိုး၍လေးမြတ်ချစ်ခင်ကြကာ၊ တပင်ရွှေထီး၏ ဘုန်းတန်ခိုးမှာလည်း ပို၍ပင်ကြီးမာလာရတော့သည်။ 

          တပင်ရွှေထီးသည် လက်အောက်ခံဖြစ်သည့် ပုသိမ်(၃၂) မြို့ကို အလုံးအရင်းနှင့်တကွ ရန်သူတို့ နှောက်ယှက်ခြင်းမရှိစေရန် ကျေးစားထည့်တော်မူသည်။ အုပ်ချုပ်ရေးကို စနစ်တကျပြုကာ နိုင်ငံတော်ကာကွယ်ရေးကို အလေးထားဆောင်ရွက်သည်။ 
        ရာမညတိုင်း မွန်သုံးရပ်ဖြစ်သည့် ဟံသာဝတီ၊ ပုသိမ်နှင့် မုတ္တမတို့တွင် တပင်ရွှေထီးလက်အောက်သို့ ဟံသာဝတီ(၃၂)မြို့နှင့် ပုသိမ်(၃၂)မြို့တို့မှာ သြဇာခံကျရောက်ပြီးဖြစ်သော်လည်း မုတ္တမ(၃၂)မြို့မှာကား တပင်ရွှေထီးလက်အောက်သို့ ဝင်လာခြင်းမရှိဘဲ ထောင်ထားခြားနားနေသည့်အတွက် သက္ကရာဇ်(၉၀၂) ခုနှစ်တွင် မှူးမတ်သေနာပတိများအား . . . 

          “မုတ္တမ(၃၂)မြို့ကိုစားရသော စောဗညားသည် ယခုအခါ ငါ့အား အံတု၍ နေသည်။ ယင်းကိစ္စအား မည်သို့မည်ပုံစီမံသင့်သည်ကို လျှောက်တင်ကြစေ” ဟု မိန့်တော်မူသည်။ 
        ထိုအခါ မှူမတ်များက မုတ္တမကို တိုက်ခိုက်သိမ်းယူတော်မူရန် တင်လျှောက်ကြသော်လည်း ဘုရင့်နောင်က . . . 
          “တိုက်ခိုက်ခြင်းမှာ သေးငယ်သည့်တာဝန်မဟုတ်ပါ၊ စစ်ဖြစ်လျှင် သတ္တဝါအများ ကြီးစွာသော ဆင်းရဲခြင်းသို့ ဖြစ်ရပါလိမ့်မည်၊ ပရိယာယ်ကို အသုံးပြုလျက် အနုဖြင့်ကြံလျှင်လည်း ရခြင်းသာ လိုရင်းဖြစ်သည့်အတွက် ကောင်းသည်ပင်ဖြစ်ပါသည်။ သို့ပါ၍ ဦးစွာ မုတ္တမမင်းထံ သံစေလွှတ်ပြီး မေးရန်သင့်ပါသည်” ဟု လျှောက်တင်ရာ တပင်ရွှေထီးက ဘုရင့်နောင် ၏ လျှောက်တင်ချက်ကို လက်ခံတော်မူသည်။

          ထိုအချိန်က မုတ္တမမြို့မှာ ဥရောပတိုက်မှ အာဖရိကတောင်စွန်း ဂွတ်ဟုပ်အငူ( Cape of Good Hope)  မှ လည့်လည်၍ လည်းကောင်း၊ အိန္ဒိယပြည်၊ ပေါ်တူဂီပိုင် ဂိုအာ (Goa) နယ်မှ လည်းကောင်း၊ နိုင်ငံခြားသားများ လာရောက်ကာ ကုန်ကူးသန်းရောင်းဝယ်နေကြသဖြင့် လက်နက်အပြည့်အစုံပါရှိသော နိုင်ငံခြားသားတို့၏ သင်္ဘောများဖြင့် မုတ္တမဆိပ်မှာ စည်ကားလျက်ရှိသည်။
          မလက္ကာ (Malacca)ကို ပိုင်ဆိုင်သည့် ပေါ်တူဂီလူမျိုး အန်တော်နီကော်ရီးယားကလည်း မုတ္တမမြို့စား စောဗညားနှင့် စာချုပ်ချုပ်ဆိုကာ မုတ္တမတွင် ရောင်းဝယ်ရေးဌာနကြီးတစ်ခု ဖွင့်ပြီး ပြည်တွင်း ထွက်ကုန်များကို ဝယ်ယူလျက် ဥရောပတိုက်သို့ တင်ပို့ရောင်းချလျက်ရှိ၏။ ထို့ကြောင့် မုတ္တမမှာ နိုင်ငံခြားနှင့်ဆက်သွယ်ရောင်းဝယ်သည့် ကူးသန်းရောင်းဝယ်ရေး ဗဟိုဌာနကြီးဖြစ်နေကာ ရွှေငွေဥစ္စာ စီးပွားပြည့်စုံကြွယ်ဝလေ၏။ ထို့ကြောင့်ပင် စောဗညားမှာ ပစ္စည်းအင်အား၊ လူအင်အားနှင့် နိုင်ငံခြားသားကြေးစားတို့ထံမှ လူသူလက်နက်အင်အားတို့ကို အားကိုးပြုကာ စိတ်မာန်တက်ကြွလျက်ရှိနေ၏။ တပင်ရွှေထီးက မိမိလက်အောက်ခံရန်အတွက် သံစေလွှတ်လိုက်သည့်အခါတွင် သံတို့ကို မချေမငံပြောကြား၍ လွှတ်သည်။ စောဗညား၏ ပြန်ကြားချက်ကို သိရသည်တွင် ပြင်းစွာသော အမျက်တော်ရှတော်မူပြီးလျှင် စစ်ရေးဖြင့်တုံ့ပြန်ရန် အမိန့်တော် ချမှတ်လိုက်လေသည်။

                ကြည်းကြောင်းချီတပ်နှင့် ရေကြောင်းချီတပ်ကို ပြင်ဆင်ပြီး ကြည်းကြောင်းချီတပ်တော်တွင် တပင်ရွှေထီး၊ ရေကြောင်းချီတပ်တော်တွင် ဘုရင့်နောင်တို့ အသီးသီးဦးဆောင်စည်းကြပ်လျက်၊ ဟံသာဝတီတွင် အထိန်းတော် သတိုးသုဓမ္မရာဇာကို မြို့စောင့်ထားခဲ့ကာ မုတ္တမသို့ စစ်ချီတော်မူသည်။  လှေသုံးရာပါသော တပ်မကြီးတွင်လည်း မွန်အမတ်သမိန်ပရူကို လှေတပ်တွင် ‘ဝန်’ ခန့်၍ ကြီးမှူးအုပ်ချုပ်စေသည်။
           မှတ်ချက်။        ။ ‘ဝန်’ ဟူသောရာထူးကို တပင်ရွှေထီးလက်ထက်တော်တွင် စတင်ခန့်ထားခြင်းဖြစ်၏။
           ကြည်းကြောင်းချီတပ်တွင် မြင်းတပ်(၃)တပ်နှင့် ခြေလျင်တပ် (၇)တပ်ကို ရှေးဦးစွာ ချီစေ၍ ဆင်စီးအမတ်လေကျိပ်နှင့် တိုက်ဆင်(၄၀)၊ စစ်မြင်း(၄၀၀)၊ စစ်သည်(၄၀၀၀၀)ပါသော တပ်ကြီးကို တပ်မပြုကာ နောက်မှလည်း တပ်ကြီးများလိုက်ပါကြရသည်။ ဘုရင်တပင်ရွှေထီးကား အလယ်တပ်မကြီးမှ လိုက်ပါလေ၏။
         ကေတုမတီ(တောင်ငူ)သံများ ပြန်ကြသည်နှင့် မုတ္တမစား စောဗညားကလည်း စစ်ရေးအတွက် ချက်ချင်းပင်ပြင်ဆင်သည်။ မုတ္တမမြို့သည် တောင်မြောက်ရှည်လျားပြီး၊ အရှေ့ဘက်၌ သံလွင်မြစ်ရှိနေသဖြင့် ကျုံးကြီးသဖွယ် အားကိုးနေရသည်။ အနောက်ဘက်၌ရှိသည့် တောင်တန်းကြီး ကိုလည်း အမှီပြုထားခြင်းဖြစ်သဖြင့် စစ်ရေးစစ်ရာတွင် ခံမြို့ကဲ့သို့ များစွာအကွက်ကောင်းသော နေရာပင်ဖြစ်သည်။

          နိုင်ငံခြားသားပေါ်တူဂီတို့ကို လက်နက်အစုံအညီနှင့်သင်္ဘော(၇)စင်းဖြင့် မြစ်အတွင်း၌ အသင့်ထားရှိ၏။ မြို့အနောက် တောင်ထိပ်ပေါ်၌ သေနတ်လက်နက်၊ စိန်ပြောင်းတို့ကို စနစ်တကျ စီစဉ်၍ ထားသည်။
          တပင်ရွှေထီး၏ ကြည်းကြောင်းချီတပ်နှင့် ရေကြောင်းချီတပ်များ မုတ္တမအနီးသို့ ရောက်ရှိသွားပြီး မကြာမီရက်များတွင် ဘုရင့်နောင်သည် တိုက်ပွဲတိုင်းနိုင်ရမည်ဟူသော ယုံကြည်ချက်ဖြင့် မုတ္တမကို အပြင်းအထန်လုပ်ကြံတိုက်ခိုက်သည်။ သို့သော်မြို့၏ အနေအထားကလည်း ကောင်း၊ ဥရောပတိုက်သားတို့၏ လက်နက်အင်အားကည်း ကောင်းလှသဖြင့် တပ်ကို ပြန်ဆုတ်ရသည်။

          ထို့ကြောင့် နောက်တစ်နည်းအနေဖြင့် ပင်လယ်ဝမှဝင်လာသည့် ရန်သူသင်္ဘောတို့ကို တစ်ဖက်ကမ်းမှကာကွယ်၍ မြို့ကို ရံမြဲတိုင်းရံပြီးလျှင်  အစာဆန်ရေ အသွင်းအယူမရှိစေရန် ရေဘက်၊ ကုန်းဘက် ညှပ်လျက်ပိတ်ဆို့ထား၏။ ထိုသို့ ရေတပ်၊ ကုန်းတပ်ညှပ်၍ပိတ်ဆို့ထားရာ (၆)လခန့်အကြာတွင် မလက္ကာမြို့ထိန်း ဗိုလ်ကြီး (Captain Peao De Faria) စေလွှတ်လိုက်သော တမန်(Pinto) သည် မုတ္တမမြို့စားထံ သင်္ဘောဖြင့်လာရာ ဘုရင့်နောင်တပ်မှ ဖမ်းဆီးခြင်းကို ခံလိုက်ရသဖြင့် စောဗညားမှာ အားယုတ်သွားရ၏။ ပေါ်တူဂီ(၇၀၀) တို့က သင်္ဘောများပေါ်မှလည်းကောင်း၊ မုတ္တမမြို့တွင်းမှ လည်းကောင်း ခုခံလျက်ရှိသော်လည်း ရက်ကြာလာသောအခါ မြို့တွင်းရှိ လူများမှာ အစာရေစာ ငတ်မွတ်ခြင်းဒဏ်ကို မခံနိုင်အောင် ဖြစ်လာကြရသည်။
          ထို့နောက်တွင် သမိန်ပရူးက ၎င်း၏အကြံအစည်ကို တပင်ရွှေထီးအား တင်လျှောက်ကာ လှေတပ်ကို သံလွင်မြစ်ညာလကွန်းမြို့သို့ ရောက်အောင်ချီတက်သွားပြီးလျှင် သစ်များကို ခုတ်၍ အလျားအလံတစ်ရာ၊ အနံ အလံငါးဆယ်ရှိသော သစ်ဖောင်ကြီးကို ဖွဲ့သည်။ ၎င်းဖောင်ပေါ်တွင် သစ်ခြောက်၊ ဝါးခြောက် စသော လောင်စာတို့ကို စုပုံတင်ပြီးလျှင် ဒီရေအတက်အကျ၌ ရန်သူ့သင်္ဘောများရှိရာသို့ ချိန်လျက် မီးရှို့ကာလွှတ်လိုက်သည်။ မီးများအရှိန်ပြင်းစွာ တောက်လောင်နေစဉ် မီးဖောင်စကြာ ကြီးမှာ ရေ၌မျောသွားပြီး ရန်သူ့သင်္ဘော (၃)စီးကို ငြိကပ်၍ သင်္ဘောကို မီးစွဲလောင်လေတော့ရာ သင်္ဘောပေါ်ရှိ ပေါ်တူဂီစစ်သားများအားလုံး ရေထဲသို့ ခုန်ဆင်းကာ ရေကူးပြေးကြရသည်။ မြို့တွင်းမှလည်း မီးကို ငြိမ်းသတ်ရန် လှေနှင့်ကူးလာကြစဉ် မြန်မာတပ်၏ ဆီးကြိုပစ်ခတ်သဖြင့် သေဆုံးကြရသည်။ မီးလောင်နေသည့်သင်္ဘော(၃)စီးမှ မီးက အခြားသင်္ဘောများကို ကူးပြန်ရာ၊ သင်္ဘောတစ်စီးပြီးတစ်စီး ကူးစက်လောင်ကျွမ်းတော့သည်။ ထိုအခါ မြန်မာတပ်တို့က ရှေ့ကိုတိုး၍ မြစ်တစ်ခုလုံးကို သိမ်းပိုက်ထားလိုက်သည်။

          ထို့နောက် အသင့်ပြုလုပ်ထားသော အလျား အလံသုံးရာ၊ အနံ အလံငါးရာရှိသော ဒုတိယဖောင်ကြီးပေါ်တွင် ခံတပ်ကြီးတည်ဆောက်လျက် လက်နက်ခဲယမ်းမီးကျောက်၊ အစာဆန်ရေ အပြည့်အစုံနှင့် စစ်သည်တို့ကို တင်ပြီးလျှင် ဒီရေအကျ၌ အောက်သို့မျှောလိုက်သည်။ ၎င်းဖောင်ကြီး မြို့အနီးသို့ရောက်သောအခါ ဖောင်ပေါ်ရှိ သစ်တပ်မှာ မုတ္တမမြို့ရိုးထက်မြင့်သည့်အတွက် သင်္ဘောပေါ်မှနေ၍အမြောက်၊ စိန်ပြောင်းတို့ဖြင့် မရပ်မနားပစ်ခတ်နေလေရာ မြို့ရိုးပေါ်မှ ခုခံနေကြသော တပ်များမှာ မည်သို့မျှ မခုခံနိုင်ကြတော့ဘဲ ဆင်းပြေးကြရသည်။
          ထိုစဉ် မြန်မာလှေတပ်က မြို့ရိုးကိုချဉ်း၍ တူးဖြိုးကြသကဲ့သို့ ကြည်းတပ်ကလည်း မြို့ကို တိုက်ဖောက်၍ ဆင်လုံးမြင်းရင်းနှင့်တကွ မြို့တွင်းသို့ဝင်သည်။ မြို့ရိုးအနှံ့ပေါက်ကုန်ကာ မြို့တွင်း၌ လက်တကမ်းတိုက်ပွဲများဖြစ်လေသည်။ မြန်မာတပ်တို့က ရန်သူတို့အား အတင်းတိုက်ခိုက်သတ်ဖြတ်ကြ၏။

          မုတ္တမစားစောဗညားသည် သူရသတ္တိနှင့်ပြည့်စုံသူဖြစ်သည့်အတိုင်း မြို့ရိုးပေါက်ကာ မြန်မာ တပ်များ မြို့တွင်းသို့ရောက်နေသည့်တိုင်အောင် အရှုံးမပေးသေးဘဲ စုရုံးရသမျှသော တပ်သားတို့ဖြင့် ပြန်လည်ခုခံတိုက်ခိုက်သည်။ စောဗညားကိုရရန်အတွက်ဆင်စီးအမတ်တို့က ဝိုင်းအုံကာလိုက်သည်။ နန္ဒကျော်သူက ‘စွယ်လကောက်’ အမည်ရှိသော ဆင်ကိုစီးကာ စောဗညားနှင့်ယှဉ်၍ စီးချင်းတိုက်သည်။ ထိုအခါ စောဗညား၏ဆင် ထွက်ပြေးသဖြင့် ဝိုင်းဝန်းဖမ်းရာ မုတ္တမစားစောဗညားအား ဆင်နှင့်တကွ အရှင်ရသည်။
          မုတ္တမကို အောင်နိုင်ပြီးနောက် တပင်ရွှေထီးသည် မွန်အမတ်သမိန်ပရူးအား ချီးမွမ်းတော်မူပြီးလျှင် အဆောင်အယောင် အစီးအနင်းနှင့်တကွ သမိန်ပရူးအား မြောင်းမြမြို့ကို ပေးတော်မူသည်။ နန္ဒကျော်သူကိုလည်း ‘မင်းကျော်ထင်’ ဟူသော ဘွဲ့ကို ချီးမြင့်တော်မူ၍ ကွမ်းခွက်၊ လက်ဖက်အိုး၊ ကွမ်းအိုး၊ ရွှေအိုးပျစ်၊ ရွှေမြူတာ၊ ရွှေထွေးခံ၊ ဆင်ရွှေက၊ မြင်းရွှေက၊ လှေချင်ပိတ်၊ ပဲ့ပေါင်းလှေမှတ်အားလုံးကို ပေးတော်မူသည်။ မုတ္တမတွင်ရှိသော သူဌေးသူကြွယ်တို့ကိုလည်း မင်းကျော်ထင်အား ငါးရက်တိုင်တိုင်လက်ဖွဲ့စေသည်။  မုတ္တမကို တပင်ရွှေထီးအောင်တော်မူပြီဟု ကြားသိရလျှင် မော်လမြိုင်မြို့စားဗညားဦးနှင့် မြို့စားရွာစားအပေါင်းသည် လက်ဆောင်ပဏ္ဏာ၊ သမီးကညာများနှင့်တကွ တပင်ရွှေထီး၏ ခြေဖဝါးတော်အောက်သို့ ခိုဝင်၍လာကြသည်။

          ထို့နောက် မုတ္တမကို သုရှင်တကာရွတ်ပိ၏ ယောက်ဖတော်စောလကွန်းအိမ်အား အဆောင်အယောင်အခမ်းအနားနှင့်တကွ ပေးသနားတော်မူပြီးလျှင် ယိုးဒယားဇင်းမယ်နယ်များ၏ အခြေအနေကို စောင့်ကြည့်ရန်အတွက် သောင်ရင်းမြစ်အနီးတွင် နယ်ခြားစောင့်တပ်များ နေသားတကျ စီစဉ်ချထားကာ ပေါ်တူဂီစစ်သုံ့ပန်းများကို ယူလျက် ဟံသာဝတီသို့ ပြန်လည်ကြွချီတော်မူသည်။

ဆက်ရန် (အပိုင်း - ၁၇) ပြည်တိုက်ပွဲ


No comments:

Post a Comment