Wednesday, August 29, 2012

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၁ရ)


  • ပြည်တိုက်ပွဲ

            တပင်ရွှေထီးသည် မုတ္တမကို အောင်တော်မူသည့်အတွက် မွန်သုံးရပ်ကို အလိုတော်ပြည့်ပြီဖြစ်သည်။ ထို့ကြောင့် သက္ကရာဇ်(၉၀၃) ခုနှစ်တွင် ဒဂုန်(ရန်ကုန်)သို့ ချီတော်မူ၍ ဒဂုန်(ရွှေတိဂုံ) စေတီတော်အား မကိုဋ်တင်တော်မူလေသည်။ အရိယာသံဃာတော်တို့အား ရက်လည်အောင်ဆွမ်း လုပ်ကျွေးတော်မူသည်။ သဘင်ကြီးများလည်း ခံတော်မူသည်။
           ဟံသာဝတီနေပြည်တော်သို့ ပြန်လည်ရောက်ရှိတော်မူလျှင် ဘုရင့်နောင်အား . . .

         “ရှေ့သီတင်းဝါလကျွတ်လျှင် ပြည်သို့ ချီတော်မူမည်၊ မြို့စား ပြစားအပေါင်းတို့သည် ဆင်၊ မြင်း၊ ဗိုလ်ပါ ဖြည့်တင်းစေ၊ စစ်ဝတ်တန်ဆာ၊ လက်နက်ကိရိယာ၊ ဆေး၊ ကျည်စေ့၊ မျိုးရိက္ခာ ပြည့်စုံစေရမည်” ဟု အမိန့်တော်ရှိသည်။ 
         သို့ဖြင့် တန်ဆောင်မုန်းလဆန်းသို့ရောက်သည်တွင် တပင်ရွှေထီးသည် ကြည်းကြောင်း၊ ရေကြောင်း အစုံအညီနှင့် ပြည်သို့ စစ်ချီတော်မူသည်။ တပင်ရွှေထီးက ရေကြောင်းချီတပ်ဖြင့် လိုက်ပါ၍ ဘုရင့်နောင်က ကြည်းကြောင်းချီတပ်ကို ဦးဆောင်ကွပ်ကဲမှုပြုသည်။

        ရေကြောင်းချီတပ်တွင် ရှေ့တော်မှ လှေတပ်(၆)တပ်က ချီရသည်။ ထို့နောက်မှ ဘုရင်တပင်ရွှေထီးက ဘုံ(၁၁)ဆင့် ရှိသော ရွှေဖောင်တော်ကြီးကို စီးတော်မူကာ ရွှေဖောင်တော်ကြီးနောက်မှ လှေတပ်(၆)တပ်က လိုက်ပါရသည်။  ရေကြောင်းချီတပ်မှာ တပ်မတော်ကြီးနှင့်တကွ တပ်ပါင်း (၁၃)တပ်ရှိသည့် လှေကြီးလှေငယ်ပေါင်း (၁၃၇၀)နှင့် စစ်သည်ပေါင်း (၉၀၀၀၀) ပါရှိသည်။

       ကြည်းကြောင်းချီတပ်တွင် ခြေလျင်တပ်(၅)တပ်၊ မြင်းတပ်(၅)တပ်၊ ဘုရင့်နောင်၏ တပ်မကြီး (၁)တပ်၊ စုစုပေါင်း (၁၁)တပ် ပါရှိသည်။ မြင်းတပ်(၅)တပ်ကို ရှေ့မှချီစေပြီး ထို့နောက်မှ ဘုရင့်နောင်၏ တပ်မကြီး၊ ၎င်းတပ်မကြီး၏နောက်မှ ခြေလျင်တပ်(၅)တပ် အစဉ်အတိုင်း လိုက်ပါသည်။ ကြည်းကြောင်းချီတပ်၏ အင်အားမှာ တိုက်ဆင်(၃၀၀)၊ စစ်မြင်း(၂၅၀၀)၊ စစ်သည်(၈၀၀၀၀) ဖြစ်သည်။ ဟံသာဝတီတွင် အထိန်းတော် သတိုးဓမ္မရာဇာနှင့် အမတ်ကြီး သက်ရှည်ကျော်ထင်တို့အား မြို့စောင့်အဖြစ် ထားခဲ့၏။

       အင်အားကြီးမားသည့် တပင်ရွှေထီး၏ တပ်တော်ကြီး ပြည်သို့ချီလာပြီဟုကြားရလျှင် ဘုရင်မင်းခေါင်မှာ ထိတ်လန့်တုန်လှုပ်ခြင်းဖြစ်ကာ အဆောတလျင် ပြည်ကိုပြင်ဆင်၍ ရိက္ခာများကိုလည်း မြို့တွင်းသို့ အလုံအလောက်သွင်းလေ၏။ အင်းဝဘုရင် သိုဟန်ဘွားနှင့် အုန်းမောင်းစော်ဘွား၊ နောင်မွန်စော်ဘွား၊ ရပ်စောက်စော်ဘွား၊ သုံးဆယ်စော်ဘွားတို့ကိုလည်း စစ်ကူတောင်း၏။

       သိုဟန်ဘွားနှင့် စော်ဘွားများကလည်း အညီအညွှတ်တိုင်ပင်ကြပြီးလျှင် ဘုရင်မင်းခေါင်ကို ကူညီရန်အတွက် တိုက်ဆင်(၈၀၀)၊ စစ်မြင်း(၁၀၀၀၀)၊ စစ်သည်(၁၆၀၀၀၀)တို့ဖြင့် ပြည်သို့ ချီတက်လာကြသည်။
        ပြည်ဘုရင်မင်းခေါင်သည် ယောက်ဖတော်ဖြစ်သည့် ရခိုင်ဘုရင်ထံလည်း စစ်ကူတောင်းရာ ရခိုင်ဘုရင်ကလည်း ကြည်းတပ်၊ ရေတပ်များကို အဆောတလျင်စိစစ်၍ ပြည်သို့ စေလွှတ်တော်မူသည်။ (ရခိုင်ဘုရင်ကို ယောက်ဖတော်ဟုဆိုရခြင်းမှာ မင်းခေါင်၏ နောင်တော်ဖြစ်သည့် နရပတိက နောင်အရေးပေါ်လာလျှင် အကူအညီရနိုင်ရန် ရခိုင်ဘုရင်အား နှမတော်ဖြစ်သည့် ပဲခူးမိဖုရားအား ပေးခဲ့၍ဖြစ်သည်။ ဤအကြောင်းကို ရှေ့အခန်းများတွင် ဖော်ပြပြီးဖြစ်သည်။ ရခိုင်ဘုရင်ကလည်း နရပတိ၏နှမတော်ကို မိဖုရားမြှောက်လေရာ ရခိုင်သို့ရောက်မှ မူလပဲခူးမိဖုရားအမည်မှ တန်ဆောင်းမိဖုရားအမည်သစ်ဖြင့် ထင်ရှားသည်။)

        တပင်ရွှေထီး၏တပ်များ ပြည်သို့ရောက်လျှင် မြို့တော်အား ဝန်းရံကာ အပြင်းအထန်လုပ်ကြံည်။ မင်းခေါင်ကလည်း အသင့်ပြုပြင်ထားပြီးသော မြို့ရိုးထက်မှ စစ်သည်တို့အား ရှိသမျှလက်နက်တို့ဖြင့် တုံ့ပြန်ပစ်ခတ်ကာကွယ်စေသည်။ သေနတ်၊ စိန်ပြောင်း၊ အမြောက်တို့ ထူထပ်လှသည့်အတွက် ဟံသာဝတီတပ်များမှာ ပြည်မြို့ရိုးကိုမဖောက်နိုင်ပဲ အထိအခိုက်အကျအနာ များစွာဖြစ်ရသည်။

        တပင်ရွှေထီးက . . . 
        “ပြည်ကို ငါတို့ဝိုင်းရံထားပြီ၊ သင်တို့ မည်မျှထိ ခုခံနေနိုင်မည်နည်း၊ ခုခံနိုင်သမျှ ခုခံကြပါစေ။ တစ်နေ့တွင် ပြည်သည် ငါ့လက်တော်သို့ရောက်လာရလိမ့်မည်၊ ရံမြဲအတိုင်း ဝိုင်းရံ၍သာနေကြဟု မိမိ၏ စစ်သည်တို့အား မိန့်တော်မူသည်။
        အင်းဝဘုရင် သိုဟန်ဘွားနှင့် စော်ဘွားတို့၏ တပ်များချီလာနေခြင်းနှင့် ပတ်သက်ပြီး မှူးမတ်သေနာပတိတို့နှင့် တိုင်ပင်တော်မူရာတွင် ဘုရင့်နောင်က . . .
        “ယခုအင်းဝဘုရင် သိုဟန်ဘွားနှင့် စော်ဘွားများ ချီလာရာတွင် ဆင်လုံးမြင်းလုံးများသည်ဟု သိရပါသည်။ ထိုသို့များသော်လည်း ဆင်စီးအရာ၌ ကျွန်တော်တို့ကိုမမီ၊ ခြေသည်ချင်းလည်း ကျွန်တော်တို့ကို မမီ၊ ရင်ဆိုင်မည်ဆိုပါက ရှမ်းတို့ ခံနိုင်မည်လော၊ မြင်းစီးမူကား ရှမ်းတို့ ကျွမ်းသည်ဖြစ်သောကြောင့် ကျွန်တော်တို့မှာ ဆင်ကိုအားပြု၍ချီမည်။  တစ်ကြောင်းမှာလည်း ရှမ်းတို့ချီလာသည်ကို ပြည်မြို့တွင်းမှ မသိရအောင် ညဥ့်ကိုချီ၍ တစ်စခန်းအလွန်မှ ကြို၍တိုက်ကြမည်၊ ရှမ်းတို့ ကျွန်တော်တို့ကို ခံနိုင်မည်လော၊ ပျက်အောင်တိုက်မည်ဟု နားတော် လျှောက်တင်သည်။ တပင်ရွှေထီးကလည်း ဘုရင့်နောင်၏ လျှောက်တင်ချက်ကို လက်ခံတော်မူသည့်အတွက် စစ်ရေးကို စီစဉ်သည်။

        ထို့နောက် စစ်ကြောင်းသုံးကြောင်းခွဲကာ လက်ယာကြောင်း၊ လက်ဝဲကြောင်းတွင် မြင်းတပ် (၂)တပ်၊ ခြေလျင်တပ် (၄)တပ်၊ တိုက်ဆင် (၅၀၀)၊ စစ်မြင်း (၇၀၀)၊ စစ်သည် (၃၀၀၀၀) စီ ထားကာ အလယ်ကြောင်း ချီတပ်တွင်လည်း ရှေးနည်းအတိုင်းပင် (၆)တပ်တွဲ၍ ဘုရင့်နောင်ကိုယ်တိုင် ဦးဆောင်ချီတက်သည်။

        ရှေ့ဆုံးမှ ချီသော မြင်းတပ်များသည် စော်ဘွားတို့၏တပ်ကိုတွေ့ရာ ဘုရင့်နောင်ထံသို့ ရှမ်းတပ်များ ချီလာကြောင်းကို အမြန်လာ၍ လျှောက်တင်ကြသည်။ မြင်းတပ်များက စစ်ရေးငင်လေရာ ရှမ်းတပ်များမှ နောက်မှအတင်းလိုက်လာကြသည်။ ဘုရင့်နောင်စီစဉ်ထားသော လက်ဝဲလက်ယာတပ်များအတွင်းသို့ ရှမ်းတပ်များရောက်လာသည်တွင် အမြောက်ငယ်များ တပ်ဆင်ထားသော မြစ်ကမ်းပါးရှိ စစ်ဆင်(၁၅၀)ပေါ်မှ အမြောက်များဖြင့် ချိန်ရွယ်ပစ်ခတ်လေရာ စော်ဘွားတို့၏ ဆင်တပ်များ ပျက်သွားရသည်။  ထိုအခါ ဘုရင့်နောင်က တိုက်ဆင်(၁၅၀)ကို စစ်ကြောင်းခွဲလျက် အလျင်အမြန် စော်ဘွားတို့၏ ဆင်တပ်ကြီးကို တစ်ဟုန်တည်းတိုးဝင်၍ နင်းစေရာ စော်ဘွားတို့၏ ဆင်များမှာ လုံးရပ်သဏ္ဍန်ငယ်နေသောကြောင့် အရွယ်ချင်းဆိုင်၍ မယှဉ်ဝံ့ကြဘဲ၊ နောက်သို့ဆုတ်လှည့်ကာ ပြေးကြသည်။ ရှမ်းတို့စီးသည့် အချို့ဆင်များလည်း  ဗမာဆင်တပ်များနှင့်ရင်ဆိုင်တွေ့ရာတွင် မယှဉ်နိုင်ဘဲ တုံ့ခနဲလဲကျလေသည်။ မိမိတို့၏ ဆင်တပ်ကြီးပျက်သွားသည်ကို မြင်လျှင် စော်ဘွားတို့၏ မြင်းတပ်နှင့် ခြေလျင်တပ်များမှာ ရှေ့သို့ မဆက်ဝံ့ပဲ နောက်ပြန်လှည့်၍ ပြေးကြတော့သည်။

        ဘုရင့်နောင်၏ မြင်းတပ်(၆)တပ်က ဆုတ်၍ပြေးသော ရှမ်းတပ်များကို အတင်းဖိ၍လိုက်ရာ သုံးဆယ်ဘွား၊ ရပ်စောက်စော်ဘွား၊ နောင်မွန်စော်ဘွားတို့ကို ဆင့်နှင့်တကွ ရမိသည်။ ထိုတိုက်ပွဲ၌ မြန်မာတို့က တိုက်ဆင်(၆၀)၊ စစ်မြင်း(၃၀၀)ကျော်နှင့် ရှမ်းစစ်သည် (၂၀၀၀)ကျော်ကို ရရှိလိုက်သည်။

        ထိုသို့ဆင်တပ်ဖြင့်တိုက်၍ ရှမ်းစော်ဘွားတို့ကို အောင်မြင်တော်မူပြီးနောက် ဘုရင့်နောင်သည် မြင်းတပ်များကို ဆက်၍မလိုက်စေတော့ပဲ စစ်ပွဲ၌ ရရှိသော လူသူ ဆင်မြင်း သုံ့ပန်းများကို သိမ်းယူပြီး ပြည်သို့ ပြန်လာသည်။ စစ်ပွဲမှ ဖမ်းဆီးရရှိခဲ့သည့် လူသူ ဆင်မြင်း သုံ့ပန်းများကို  တပင်ရွှေထီးထံဆက်လေရာ တပင်ရွှေထီးမှာ ကျေနပ်အားရတော်မူလှသဖြင့် ဘုရင့်နောင်အား ချီးမွမ်းတော်မူပြီးလျှင်၊ ရရှိခဲ့သော ဆင်(၂၀)၊ စစ်မြင်း(၅၀)၊ သုံ့ပန်း(၂၀၀၀)ကျော်တို့ကို ဘုရင့်နောင်အား ပေးသနားတော်မူ၏။ တပင်ရွှေထီးသည် ကေတုမတီ(တောင်ငူ)တပ်များက ရှမ်းစော်ဘွားတို့၏ တပ်များကို အောင်မြင်လိုက်ပြီဖြစ်ကြောင်း ရှမ်းတို့ကို အားကိုးသည့် ပြည်ဘုရင်အနေဖြင့် ဆက်လက်၍ခုခံမနေသင့်တော့ကြောင်းစသည့် စာများကို ရေးသားစေကာ ပြည်မြို့တွင်းသို့အရောက်ပို့လျက် သတင်းလွှင့်လေရာ ပြည်သားတို့မှာ အားကိုးစရာမရှိတော့သဖြင့် လွန်စွာထိတ်လန့်ကြောက်ရွံ့နေကြလေသည်။

        မှူးမတ်အချို့က ပြည်ဘုရင်အား တပင်ရွှေထီးထံ စာကိုဆက်၍ အရေး ကိစ္စကိုဆောင်ရွက်ရန် လျှောက်တင်ကြသော်လည်း ပြည်ဘုရင်က လက်မခံဘဲ ယောက်ဖတော်ဖြစ်သည့် ရခိုင်မင်း၏ တပ်များအလာကိုသာ စောင့်မျှော်နေသည်။
        ရခိုင်ဘုရင်၏ ညီတော်ဖြစ်သည့် သံတွဲစားမင်းအောင်လှသည် မိမိတို့ရခိုင်ပြည်မှ စစ်ကူများထွက်လာပြီဖြစ်ကြောင်း ပြည်ဘုရင်သိစေရန် မိမိ၏ လူငါးယောက်ကို စေလွတ်၍ ပြည်ဘုရင်ထံ စာပို့ခိုင်းသည်။ ထိုလူငါးယောက်သည် ပြည်သို့မရောက်မီပင် ကေတုမတီ(တောင်ငူ) တပ်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရကာ ၎င်းတို့အား ဘုရင့်နောင်က အကြောင်းစုံကို သေချာစွာစစ်မေးလေသည်။

         သံတွဲစားမင်းအောင်လှ၏ တပ်များ ပြည်ဘုရင်ကို ကူညီရန်ချီလာကြောင်းနှင့် ရခိုင်တို့၏ အစီအစဉ်အလုံးစုံကို သိရှိရသောအခါ ပုသိမ်၊ မြောင်းမြစသည့် အစွန်အဖျားမြို့များကို ခိုင်လုံစွာပြုလုပ်၍ ကာကွယ်ထားနှင့်ရန် ဘုရင့်နောင်က တပင်ရွှေထီးအားလျှောက်ထားသည်။  ထိုအခါ တပင်ရွှေထီးသည် ပုသိမ်မြို့စား၊ မြောင်းမြမြို့စား၊ မဲခေါင်းမြို့စား၊ ဒလမြို့စားတို့ကိုခေါ်တော်မူပြီးလျှင် မိမိတို့မြို့ရွာများကို ကာကွယ်ခုခံရေးအတွက် အမြန်စီစဉ်ဆောင်ရွက်ကြရန် မိန့်တော်မူသည်။
        ထို့နောက် မှူးမတ်သေနာပတိများကို ခေါ်ယူပြီးလျှင် . . .
        “ယခု ရခိုင်မှ ကြည်းတပ်နှင့် ရေတပ် နှစ်ဘက်ညှပ်၍ ချီလာကြသည်မှာ အင်အားများလှသည်ဟု သိရသည်။ ထို့ကြောင့် စစ်ရေးကိစ္စကို မည်သို့လုပ်ကိုင်ဆောင်ရွက်သင့်သနည်း” ဟု မေးတော်မူရာ ဦးစွာဘုရင့်နောင်၏ညီတော် သီရိဇေယျကျော်ထင်နှင့် တပ်မတော်မှူးနန္ဒသင်္ဂြာံတို့က မိမိတို့၏ ထင်မြင်ချက်ကို တင်လျှောက်ကြသည်။

        ဘုရင့်နောင်က . . .
        “ကျွန်တော်တို့ ပြည်မြို့ကို ရံထားသောတပ်ကိုလည်း ရံထားမြဲအတိုင်းရှိစေပြီး၊ အချို့ကိုယူ၍ သူတို့ကိုနိုင်အောင် ကျွန်တော်တို့က ဆီးကြို၍တိုက်ပါမည်၊ ရခိုင်တို့သည် ရေတပ်တွင် ကျင်လည်သည်ဆိုသော်လည်း ကျွန်တော်တို့ ကြောက်ရန်မရှိ၊ အလျက်အမြန် နှိင်နင်းနိုင်ပါလိမ့်မည်” ဟု လျှောက်တင်ရာ တပင်ရွှေထီးသည် ဘုရင့်နောင်၏ လျှောက်တင်ချက်ကို နှစ်သက်တော်မူသဖြင့် “နောင်တော်ပင် သင့်အောင်စီစဉ်ပါလေ” ဟု မိန့်တော်မူ၏။
        ဘုရင့်နောင်သည် မိမိနှင့် လိုက်ပါရန် ဆင်ကောင်း၊ မြင်းကောင်း၊ သူရဲကောင်းတို့ကိုရွေးချယ်ကာ ရခိုင်ကြည်းတပ်ကိုတိုက်ခိုက်ရန် စစ်ကြောင်းသုံးကြောင်းကို စီမံခန့်ခွဲသည်။
        လက်ဝဲကြောင်းချီတပ်တွင် တုယင်ယော်ဓားမြင်းတပ်၊ ရာဇတမန် မြင်းတပ်(၂)တပ်ကို ရှေ့မှချီစေကာ သီရိဇေယျကျော်ထင်(၁)တပ်၊ မဟာကြီး(၁)တပ်၊ သမိန်အဲရနဲ(၁)တပ်၊ သမိန်ဗရမ်း(၁)တပ်၊  မြင်းတပ် (၂)တပ်၊ တပ်ပေါင်း(၄)တပ်၊ ပေါင်း(၆)တပ်ကို လက်ဝဲကြောင်းချီစေသည်။ ယင်းစစ်ကြောင်းတွင် တိုက်ဆင်(၅၀)၊ စစ်မြင်း(၈၀၀)၊ စစ်သည်(၂၀၀၀၀) ပါဝင်သည်။
         အလယ်တပ်မချီစစ်ကြောင်းတွင် စစ်တုရင်္ဂသူမြင်းတပ်၊ လက်ယာရဲတိုင်မြင်းတပ်၊ ၎င်း (၂)တပ်ကို ရှေ့မှချီစေသည်။ သမိန်စည်သူ(၁)တပ်၊ သမိန်ရဲသင်ရံ(၁)တပ်၊ သမိန်မောခွင်(၁)တပ် ဘုရင့်နောင်(၁)တပ်၊ မြင်း(၂)တပ်နှင့် တပ်ပေါင်း(၄)တပ်၊ ပေါင်း(၆)တပ်က အလယ်တပ်မအဖြစ်ချီသည်။ အင်အားမှာ တိုက်ဆင်(၅၀)၊ စစ်မြင်း(၈၀၀)၊ စစ်သည်(၂၀၀၀၀) ပါဝင်သည်။
        လက်ယာကြောင်းချီစစ်ကြောင်းတွင် တုရင်ရာဇာမြင်းတပ်၊ အင်းယဉ်တုရင်မြင်းတပ်၊ ၎င်း(၂)တပ်ကို ရှေ့မှချီစေသည်။ စတုဂါမဏိ(၁)တပ်၊ နန္ဒသင်္ဂြာံ(၁)တပ်၊ သမိန်အဲနန်သူ(၁)တပ်၊ သမိန်ဇော်ကရတ်(၁)တပ်၊ မြင်း(၂)တပ်နှင့် တပ်ပေါင်း(၄)တပ်၊ ပေါင်း(၆)တပ်က တိုက်ဆင်(၅၀)၊ စစ်မြင်း(၈၀၀)၊ စစ်သည်(၂၀၀၀၀)ဖြင့် လက်ယာကြောင်းအဖြစ် ချီသည်။

        ထိုသို့စစ်ကြောင်းသုံးကြောင်းဖြင့်ချီရာ၌ ဘုရင့်နောင်သည် ပြည်မြို့တွင်းသားတို့ မသိရှိအောင်ချီသည်။ ပြည်မှ တစ်စခန်းသို့ရောက်လျှင် တပ်များကိုချရပ်သည်။ ပြည်သို့ချီလာသော ရခိုင်ဘုရင်၏ ညီတော် သံတွဲစားသည်လည်း ပြည်ရှိစစ်ရေးအခြေအနေဖြစ်ရပ်တို့ကို မသိရှိလေသောကြောင့် ပြည်မှ ငါးစခန်းအကွာတွင် တပ်ကိုချကာ အခိုင်အလုံတည်နေသည်။
        ဘုရင့်နောင်သည် ပြည်မြို့တွင်းမှ ပြေးထွက်လာသည့် လူ(၅)ယောက်ကို ခေါ်တော်မူပြီးလျှင် . . .
“ယခုကိစ္စတွင် သင်တို့အနေဖြင့် အမှုတော်ကို ကြိုးစား၍ ထမ်းရွက်ပေးကြပါ။ အရေးတော်ပြီးဆုံးပါက သင်တို့အား သူကောင်းပြုမည်” ဟု မိန့်သည်။ ပြည်မြို့သား (၅)ယောက်ကလည်း “အမှုတော်ကို ကျေပွန်စွာ ထမ်းရွက်ပါမည်” ဟု ကတိပေးကြရာ ဆုလာဘ်များပေးကာ သစ္စာတော်ခံစေပြီး ပြည်ဘုရင်မင်းခေါင်က ရခိုင်ဘုရင်၏ညီ သံတွဲစားထံသို့ စေလွှတ်လိုက်သည့်ဟန်ဖြင့် စာသဝဏ်လွှာအတုပြုပြီး ပို့စေသည်။

        စာပါအကြောင်းအရာမှာ ဤသို့ဖြစ်သည်။
        “နောင်တော်ရခိုင်ဘုရင်က ညီကို စစ်ကူချီလာစေသည်ဟု ကြားလျှင် အလွန်ဝမ်းမြောက်သည်၊ ယခုဘုရင်ရွှေထီး လှေတပ်နှင့် တရုတ်မော်တွင်နေသည်၊ ဘုရင့်နောင်ကျော်ထင်နော်ရထာတို့ ခုနှစ်တပ်သားလည်း မြို့ကိုချဉ်း၍ တပ်ချလာသည်။ မိုးနဲ၊ ညောင်ရွှေ၊ သီပေါ၊ အုန်းပေါင်စော်ဘွားတို့လည်း ဆင်လုံးမြင်းရင်းအများနှင့် ငါ့ကို စစ်ကူမည်ချီလာသည်။ ယခု မြေထဲအရပ်တွင် တပ်ချ၍ နေသည်၊ ညီတော်တို့ ရောက်မှတိုက်မည်ဟု ငံ့၍နေစေသည်။ ညီတော်အလျင်ချီလာပါတော့၊ ညီတော်ရောက်လျှင် စော်ဘွားများနှင့်ပေါင်း၍ ပြင်က တစ်ဖက်တိုက်၊ ငါကလည်း မြို့က ပုစွန်ပညှပ် တစ်ဖက်ရှိအောင်တိုက်မည်။ ယင်းသို့လျှင် ဘုရင်ရွှေထီးတို့စစ်သည်ခံနိုင်မည်လော။ ပျက်လေတော့မည်။ သို့ပျက်လျှင် ဟံသာဝတီတိုင်အောင်ချီရမည်”
        ဘုရင့်နောင်သည် ပရိယာယ်စာနှင့်အတူ ပြည်ဘုရင်စာပေးလိုက်သည့်ဟန်ဖြင့် ပတ္တမြားလက်စွပ်(၂)ချည်၊ ပတ္တမြားလက်ကောက်(၂)ရန်တို့ကို ထည့်ပေးလိုက်ရာ သံတွဲစားမင်းအောင်လှသည် သဝဏ်စာနှင့်လက်ဆောင်တော်တို့ကို လက်ခံယုံကြည်သဖြင့် တပ်ကိုနှုတ်ကာ ပြည်မြို့သို့ အပြင်းချီတက်သည်။

        သံတွဲစား၏ကြည်းတပ်ချီလာသည်ကို သိရသည်တွင် ဘုရင့်နောင်က လက်ယာရဲတိုင်တို့၏ မြင်းတပ်(၆)တပ်ကို ရှေ့ဦးမှချီစေလျက် (၃)ကြောင်းစလုံး စစ်မျက်နှာဖြန့်လိုက်ကာ ရခိုင်တပ်ကိုဆီးကြိုတိုက်ခိုက်သည်။ တိုက်ပွဲတွင် ဟံသာဝတီမြင်းတပ် (၆)တပ်နှင့် ရခိုင်တပ်ဦးချီတပ်တို့ စတွေ့တိုက်ခိုက်ကြရာ ရခိုင်မြင်းတပ်ပျက်ကာ နောက်ကြောင်းပြန်ဆုတ်သွားသည်။
        သံတွဲစားသည် မြင်းတပ်နောက်မှ ဆင်တပ်ဖြင့်လိုက်လာခဲ့ရာ မြင်းတပ်ပျက်ကြောင်းကိုသိလျှင် မိမိဆင်တပ်နှင့် အတင်းဖိ၍ ဟံသာဝတီမြင်းတပ်ကို တိုက်ခိုက်သည်။ ဘုရင့်နောင်ကလည်း “ရဲဘုန်းစုံ” အမည်ရှိသည့် ဆင်တော်ကိုစီးလျက် တစ်ဟုန်ထိုး အပြင်ချီပြီး ရခိုင်ဆင်တပ်နှင့် တွေ့ဆုံတိုက်ခိုက်သည်။

        ထိုအခါတွင် ဟံသာဝတီတပ်များကလည်း စစ်မျက်နှာ(၃)ကြောင်းဖြင့် ရခိုင်တပ်များကို အတင်းဝင်၍ ထိုးခုတ်ပစ်ခတ်တိုက်ရာ စစ်ပွဲမှာ ပြင်းထန်ပြီး၊ ရခိုင်ဆင်တပ် ဆုတ်ရသည်။ ဘုရင့်နောင်သည် အခြားသော ဆင်စီးသူရဲတို့အား ဂရုမစိုက်ပဲ သံတွဲစားမင်းအောင်လှရှိရာသို့သာ အတင်းဝင်ရောက် တိုက်ခိုက်သည်။ ဘုရင့်နောင်ဆင်က အတင်းဝင်လျက် ချက်ကောင်းကိုရွေးကာ ထိုးနေသဖြင့် အထိုးမကျင်လည်သည့် သံတွဲစား၏ဆင် မခံနိုင်တော့ဘဲ ဦးလှည့်ပြေးသည်။
        ဘုရင့်နောင်က နောက်မှအတင်းလိုက်ရာ မှီလုနီးတွင် သံတွဲစားသည် ဆင်ပေါ်မှ ဆင်း၍ မြင်းသို့ပြောင်းကာ အပြေးနှင်ပြေးသဖြင့် သံတွဲစားစီးသည့်ဆင်ကိုသာ ရလိုက်သည်။ ဟံသာဝတီဆင်တပ်ကလည်း ညာသံပေးပြီး၊ ရခိုင်ဆင်တပ်ကို အတင်းဖိကာလိုက်လံတိုက်ခိုက်ရာ ရခိုင်တပ်ပျက်ကာ ရခိုင်ဆင်စီးအမတ် တစ်ကျိပ်ကျော်ကို ဆင်များနှင့်တကွ ရမိသည်။

        ဤတိုက်ပွဲတွင် ရခိုင်တို့ဘက်မှ ကျဆုံးသူများလှသည်။ ရခိုင်တို့ထံမှ ရရှိသည့်စာရင်းမှာ ဆင်(၃၀) မြင်း(၄၀၀)နှင့် သုံ့ပန်း(၂၀၀၀)ဖြစ်သည်။ ဘုရင့်နောင်သည်တပ်များကို ဆက်၍မလိုက် ဆက်၍မလိုက်စေတော့ပဲ စစ်ကိုခေါက်ပြီးလျှင် ပြည်သို့ပြန်လေသည်။
        ထိုစဉ် ရခိုင်ဘုရင်၏သားတော် အိမ်ရှေ့မင်း အုပ်ချုပ်ပြီး ပြည်သို့ချီလာသော ရခိုင်ရေတပ်သည် မော်တင်စွန်းမှလှည့်၍ မြောင်းမြမြို့အနီးသို့ရောက်ရှိလာလေရာ သံတွဲစား၏ ကြည်းတပ်မှ တပ်ပျက်၍ အသက်လုကာ ကိုယ်လွတ်ရုန်းပြေးလာကြသော ရခိုင်တပ်သား အချို့ကို တွေ့ရလေသည်။ ထိုရခိုင်တပ်သားတို့က ဘုရင့်နောင် အစီအမံကောင်းပုံ၊ ဟံသာဝတီစစ်သည်တို့ စစ်ရေးစစ်ရာ၌ ကျွမ်းကျင်လိမ္မာပုံ၊ ဘီလူးစစ်သည်တို့ကဲ့သို့ ရဲရင့်ပုံတို့ကို ပြောပြကြရာ ရခိုင်အိမ်ရှေ့မင်းမှာ ရခိုင်ကြည်းတပ်ပျက်ပြီဖြစ်သည့်အတွက် မိမိ၏ရေတပ်အနေဖြင့် ရှေ့ဆက်၍ ဟံသာဝတီတပ်များဖြင့် ရင်ဆိုင်ပါကလည်း အကျိုးမဲ့ကာဖြစ်နိုင်လိမ့်မည်ဟု တွေးကာ တပ်ကိုရှေ့မလှည့်တော့ပဲ နောက်ကြောင်း ပြန်လှည့်တော့သည်။

        ဘုရင့်နောင်သည် ရခိုင်တို့ထံမှ ရရှိသည့် သုံ့ပန်းဆင်မြင်းတို့ကို တပင်ရွှေထီးအားဆက်သရာ တပင်ရွှေထီးသည် ဝမ်းမြှောက်တော်မူသဖြင့် . . .
        “နောင်တော် အစီအမံကောင်း၍သာ ရခိုင်တပ်ကြီးကို အလွယ်တကူနှင့် အောင်မြင်တော်မူပေသည်။ နောင်တော်ကား လက်ရုံးတစ်ဆူအဖြစ် အလွန်အားကိုးရသောနောင်တော် ဖြစ်ပါပေသည်” ဟု မှူမတ်သေနာပတိအပေါင်းတို့အလယ်တွင် ချီးမွမ်းတော်မူပြီးလျှင် ဝတ်တော်မူသော ပတ္တမြားလက်စွပ်တော်ကို ရဲဆုအဖြစ် ပေးသနားတော်မူသည်။

        ဆက်လက်၍ . . .
        “ငါ၏ နောင်တော်မှာ ငါငယ်စဉ်ကပင် ငါ၏အကျိုးတော်တို့ကို ဆောင်ရွက်ခြင်းပြုခဲ့သည်။ ယနေ့အချိန်ထိလည်း ကျေးဇူးသစ္စာတော်တို့ကို တည်ကြည်စွာစောင့်သိလျက် သက်စွန့်ကြိုးပမ်း အကျိုးတော်ကို ထမ်းရွက်ခဲ့သူ ဖြစ်ပေသည်။ သို့အတွက် ငါ၏ နောင်တော်ကို ယနေ့မှစ၍ လက်ဝဲတော်မှ အိမ်ရှေ့မင်း၏ အရာကိုပေးသနားတော်မူမည်” ဟု မိန့်ဆိုကာ အိမ်ရှေ့မင်းတို့၏ အစီးအနင်း အဆောင်အရွက် အခမ်းအနားတို့ကို စီမံချီးမြှင့်အပ်နှင်းတော်မူသည်။
        ထို့နောက် လုပ်ကြံ၍မအောင်နိုင်သေးသည့် ပြည်မြို့အရေးနှင့်ပတ်သက်၍ ဦးစီးတပ်မှူးများနှင့်တိုင်ပင်တော်မူရာ တပ်မှူးတို့ကလည်း မိမိတို့ထင်မြင်ယူဆသည်များကို အမျိုးမျိုးလျှောက်တင်ကြလေသည်။ ဘုရင့်နောင်မူက . . .
        “ပြည်မြို့အား ရံမြဲအတိုင်းရံထားပါလျှင် မကြာမီ အစာရေစာငတ်မွတ်ကာ ပြည်သားတို့ မခံနိုင်ဖြစ်ကြပါလိမ့်မည်။ ထိုအခါ ပြည်ဘုရင်သည် တင်းမာ၍ နေနိုင်တော့မည်မဟုတ်ပဲ အရှင်၏ခြေဖဝါးတော်အောက်သို့ လာရောက်ခိုလှုံရပါလိမ့်မည်၊ ယခုအခါမြို့တွင်းတွင် လူအများမှာလည်း စားရေရိက္ခာပါးရှားလျက် ရှိနေပါပြီ” ဟု လျှောက်တင်သည်။
        တပင်ရွှေထီးက . . .
        “ယခုအခါ နောင်တော်သည် ငါ၏ကိုယ်စားဟုပင် သဘောထား၍ အရာရာကိုစီမံရမည်ဖြစ်သည်၊ ရလွယ်အောင်သာ စီရင်ပါလေ” ဟု မိန့်ဆိုတော်မူ၏။
        သို့ဖြင့် မြို့ကို ရံထား၍ တစ်လခန့်ကြာသည့်အချိန်တွင် ပြည်မြို့သားတို့ ငတ်မွတ်ခေါင်းပါးလာပြီး မခံနိုင်ဖြစ်လာကြသည်။ အချို့လည်း မြို့မှထွက်ကာ တပင်ရွှေထီး၏ ရွှေဖဝါးတော်အောက်သို့ ခိုဝင်လာကြသည်။ ပြည်ဘုရင်မင်းခေါင်မှာလည်း လက်နက်မချလျှင် မဖြစ်တော့ပြီဟု သိရှိလာကာ အညံ့ခံရန် ဆုံးဖြတ်လိုက်ရတော့သည်။
        ပြည်ဘုရင်မင်းခေါင်သည် လက်ဆောင်ပဏ္ဏာများနှင့် တကွ “နာဂဝရ” အမည်ရှိသော ဆင်တော်ကြီးကိုပါဆက်သ၍ ပြည်မြို့မှဆရာတော် ရှင်ဓမ္မပါလဂုရုနှင့် ရှင်တိလောကသာသနတို့အား တပင်ရွှေထီးနှင့်တွေ့ဆုံစေလေသည်။ တပင်ရွှေထီးသည် ပြည်ဘုရင်၏အသက်ကို ပြည်ဆရာတော်များထံမှ အလှူခံလာခြင်းအား သဘောထားပြည့်ဝသည့် မင်းဖြစ်သည့်အတိုင်း လက်ခံတော်မူကာ ဘုရင်မင်းခေါင်၏ အသက်ကို ချမ်းသာပေးတော်မူသည်။
        သို့ဖြင့် သက္ကရာဇ် (၉၀၄)ခု၊ နယုန်လဆန်း (၅)ရက်နေ့တွင် ဘုရင်မင်းခေါင်သည် ပြည်မြို့မှ ထွက်လာကာ တပင်ရွှေထီးထံတွင်ကိုယ်ကို အပ်နှင်းတော်မူသည်။ တပင်ရွှေထီးသည် ဘုရင်မင်းခေါင်နှင့် မိဖုရားသီရိဘုန်းထွတ်တို့ကို တောင်ငူသို့ပို့ကာ ငြိမ်းအေးစွာနေစေသည်။
        ပြည်မြို့ကို အောင်တော်မူပြီးနောက် ဘုရင်တပင်ရွှေထီးသည် ပြည်မှ မောင်းမမိဿံ၊ မှူးတော်မတ်တော်၊ ဆင်ကောင်းမြင်းကောင်းတို့အား ယူ၍ ဟံသာဝတီသို့ ပို့သည်။ ပြည်တွင် ဘုရင်ခံအဖြစ် အထိန်းတော်ကြီး သတိုးဓမ္မရာဇာကို အပ်နှင်းတော်မူပြီး၊ သက္ကရာဇ် (၉၀၄)ခု၊ ဝါဆိုလတွင်ပြည်မှ ဟံသာဝတီသို့ ပြန်လည် ကြွမြန်းတော်မူလေသည်။

ဆက်ရန် (အပိုင်း - ၁၈) အင်းဝတွင် သိုဟန်ဘွားကို မင်းကြီးရန်နောင် လုပ်ကြံခြင်း

No comments:

Post a Comment