Wednesday, February 29, 2012

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၃)



  • ကေတုမတီ တောင်ငူရာဇဝင်
        သက္ကရာဇ် (၅၃၆) ခုနှစ်တွင် ပုဂံပြည်ကို စိုးစံတော်မူသော နရပတိစည်သူမင်းသည် အထက်အညာအရပ်ရှိ ရွှေကြက်ယက်၊ ရွှေကြက်ကျ ဘုရားနှစ်ဆူကို ဖူးမြင်တော်မူရန် ရွှေဖောင်တော်ဖြင့် ဧရာဝတီမြစ် မြစ်ညာသို့ ဆန်တက်တော်မူလာစဉ် ရေအောက်မှ မိချောင်းတစ်ကောင်သည် ဖောင်တော်ကို ကျောက်ကုန်းနှင့်ထမ်း၍ ရန်မူလေသည်။

        ထိုအခါ ရန်မာန်ငထွေးအမည်ရှိသော သူရဲကောင်းသည် ရေအောက်သို့ဆင်း၍ မိကျောင်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာ မိကျောင်းသေလေသည်။ ထို့နောက် နရပတိစည်သူမင်းသည် လွန်စွာအားရတော်မူပြီးလျှင် သားတော်ဇေယျသိင်္ခ၏ နှမတော်နှင့် ပေးစားတော်မူကာ အနန္တသူရိယ ဟူသောဘွဲ့မည်နှင်းအပ်၍ သူကောင်းပြုတော်မူသည်။

        ထိုအနန္တသူရိယမှ သားတော်မင်းလှစောကိုဖွားမြင်၍ ထိုသားတော်မင်းလှစောမှ သားတော် သဝန်လက်ယာကို ဖွားမြင်လေသည်။ အခါတစ်ပါး၌ နရပတိစည်သူမင်းသည် တိုင်းခန်း လှည့်လည်တော်မူရာ ဇေယျာဝဎုသနတိုင်းသို့ ရောက်လာ၍သရထည်ညီနောင်ဘုရားနှင့် ကျောက်ဆောက် ညီနောင်ဘုရားများကို ဖူးမြင်တော်မူလေရာ ပြိုပျက်နေသော ဘုရားများကို ပြုပြင်ရန် အနန္တသူရိယ အမတ်အား လွှဲအပ်တော်မူသည်။

        သို့ဖြင့် အနန္တသူရိယအမတ်၏ သားတော် မင်းလှစောနှင့် မြေးတော် သဝန်လက်ယာ တို့သည် ဇေယျာဝဎုသနတိုင်းရှိ ပေါင်းလောင်းမြစ် လက်တက်၊ ယခု ဆွာချောင်းအထက် တောင်ငယ်အငူ တစ်ခုတွင် ကမ်းပါးမြင့်ရွာကို အခြေတည်လျက် လူသူစုရုံးကာ မြို့ရွာ တည်ထောင်ကာ နေကြသည်။ ယင်းကမ်းပါးမြင့်ရွာမှာ သရထည်ညီနောင်ဘုရားမှ မြောက်ဘက်တာ (၂၅၀၀၀) ခန့်အကွာတွင် တည်ရှိသည်။

        သဝန်လက်ယာ၏ဝီရိယလုံ့လကြောင့် ထိုကမ်းပါးမြင့်ရွာသည် ဆန်ရေစပါး ပေါများပြည့်ကြွယ်ပြီး စည်ကားတိုးတက်လာကာ သဝန်လက်ယာသည်လည်း ထိုရွာကိုစားသော ရွာစားဖြစ်လာလေသည်။ (မှတ်ချက်။      ။ ကမ်းပါးမြင့်ရွာကား သူရဿတီနတ်တို့ တည်ထောင်ပေသည်ဟူ၍ အယူရှိသဖြင့် “ဆွာစ္စတိ” မြို့ဟု ခေါ်လာကြပြီး ယခုကာလအခေါ်အားဖြင့် “ဆွာမြို့” ဟု ခေါ်ဆိုသည်။)

        သဝန်လက်ယာအုပ်ချုပ်သော ကမ်းပါးမြင့်ရွာကြီးသည် လူသူစည်ကားလျက် မင်းနေပြည်သဖွယ် မြို့ရိုးသစ်တပ်ထု ကာရံကာ စစ်သည်အင်အားဖြည့်ထား၍ နေကြရာတွင် ကမ်းပါးမြင့်ရွာ၏ ဂုဏ်သတင်းသည် ကျောစောခြင်းသို့ရောက်လာလေရာ မုတ္တမကို အုပ်စိုးသော မွန်မင်းဝါရီရူသည် စစ်သည်အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာပြီး ကမ်းပါးမြင့်ရွာကို တိုက်ခိုက်သိမ်းယူလေသည်။

        ထိုမွန်မင်းဝါရီရူသည် ဖမ်းဆီးရရှိသော သဝန်လက်ယာနှင့် ဇနီးသားမယားတို့ကို ယူဆောင်လာကာ ယခင်အခါက ပျူလူမျိုးများနေထိုင်ခဲ့ဖူးရာ ဖြစ်သည့် ပျူရွာဟုခေါ်သော ရွာကြီးတစ်ရွာတွင် အကျယ်ချုပ်ထားသည်။ (မှတ်ချက်။     ။ ယင်း ပျူရွာကို ဖြူးရွာ၊ ထို့နောက်မှ ယခု ဖြူးမြို့ဟု ခေါ်ဆိုကြသည်။)

        သက္ကရာဇ် (၆၄၁) ခုနှစ်တွင် ပျူရွာ၌ ဖမ်းဆီးခံထားရသည့်  သဝန်လက်ယာသည် မိမိနေရင်း ကမ်းပါးမြင့်ရွာကို အလွန်လွမ်းဆွတ် သတိရသဖြင့်  မိမိသား သဝန်ကြီးနှင့် သဝန်ငယ်တို့ကို ခေါ်၍ ဤသို့ မှာကြားလေသည်။

        “ငါ့သားများသည် ငါမရှိသည့်နောက်တွင် ဤပျူရွာ၌ မနေကြဘဲ အခွင့်အခါသာသည်နှင့် လှေဖြင့်ပေါင်းလောင်းမြစ်ကို ဆန်တက်၍သွားကြပါလေ။ ထိုနေရာမှ ခရီးတစ်သောင်းခန့်တွင် ပေါင်းလောင်းမြစ်၏ လက်ဝဲဘက်၌ ချောင်းတက် တစ်ခုကို တွေ့ကြရလိမ့်မည်။ ထိုချောင်းတက်အတိုင်း အနောက်ကိုလိုက်သွားသည်ရှိသော် တောင်ငူအငယ်တစ်ခုကို တွေ့ကြရမည်။ ယင်းနေရာတွင် မြို့ရွာတည်၍ နေကြလေ။ အကယ်၍ ယခင်မြို့ရွာဟောင်းကို ပြန်တွေ့သော် ငါ၏နေရာဟောင်းဟု မှတ်ကြလေ”

        သဝန်လက်ယာကွယ်လွန်လျှင် သဝန်ညီနောင်တို့သည် ဖင်ခင်မှာထားရင်း စကားအတိုင်း ပေါင်းလောင်းမြစ်ကို ဆန်တက်လာကြရာ ခပေါင်းချောင်းဟုခေါ်သော ချောင်းတက် ကို တွေ့ရှိသည်။
        ထိုအခါ ဖခင်သဝန်လက်ယာ အမှတ်ထားအပ်သော နေရာဟုအတွေးမှားကြပြီးလျှင် ထိုချောင်းတက်အတိုင်းအနောက်သို့ လိုက်လာကြရာ အနောက်တောင်ရိုးမ၏ အငူကို တွေ့ကြသည်။  ထိုနေရာကို ဖခင်သဝန်လက်ယာမှာကြားသောအရပ်ဟူ၍ ထင်မှတ်ကြပြီးလျှင် တောင်ငူဟု အမည်မှည့်ဆို၍ မြို့ရွာတည်ထောင်ကြလေသည်။ 
(မှတ်ချက်။     ။ ထိုတောင်ငူအရပ်မှာ ယခုအခါ တောင်ငူမြို့၏ အနောက်တစ်မိုင်ခန့်အကွာ ကြက်ရိုးပင်ခေါ်သည့် ရွာအနီး၌ တောဖြစ်၍ နေပြီဖြစ်သည်။ ဖခင်သဝန်လက်ယာ မှာထားခဲ့သော ချောင်းတက်မှာ ဆွာချောင်းတက်ဖြစ်ပြီး၊ ယခုတွေ့ရှိသော နေရာကား ပေါင်းလောင်းချောင်းတက်သာ ဖြစ်၏။)

        တောင်ငူမြို့ကို တည်ပြီးနောက် လူသူရုံးစည်း၍ နောက်ပါအခြွေအရံများလာသည်နှင့် ဤတောင်ငူကားကျဉ်းလှသည်။ ယခုထက်ကြီးသည့် မြို့ကို တည်အံ့ဟူ၍ မိမိတို့၏ ထောင်မှူးဖြစ်သည့် ကရင်ဘကိုခေါ်၍ မြို့ရွာတည်ရန် နေရာသစ်ကို ရှာကြပြန်သည်။ 
ထောင်မှူးကရင်ဘသည် တောင်ငူငယ်၏ မြောက်ဘက်တွင် နေရာသစ်ကိုတွေ့သဖြင့် ထိုနေရာ ကြခတ်တောကြီးကို ရှင်းပြီးလျှင် မြို့တည်ကြသည်။ ထိုမြို့၏ အမည်ကို တောင်ငူကြီးဟူ၍ ခေါ်ကြသည်။ (မှတ်ချက်။     ။ တောင်ငူကြီးသည် ယခုကြက်ရိုးပင်ရွာ၏ မြောက်ဘက်၊ ခပေါင်းမြစ်ဖျားမြောက်ဘက်တွင် တည်ရှိသည်။ ယခု တောဖြစ်နေပြီဖြစ်သော်လည်း ယင်းနေရာကို ယခုတိုင် တောင်ငူတော် ဟု ခေါ်ဆိုကြသည်။)
       တောင်ငူကြီးကို သဝန်ညီနောင်တို့က သက္ကရာဇ် (၆၄၁) ခုနှစ်၊ ကဆုန်လဆန်း (၉) ရက် တနင်္လာနေ့တွင် စတည်ထောင်သည်။ ထိုတောင်ငူကို စိုးစံအုပ်ချုပ်သော မင်းများကာ အောက်ပါအတိုင်းဖြစ်သည်။
 သဝန်ကြီးမင်း၊ သက္ကရာဇ် ၆၄၁ မှ ၆၇၉
  1. သဝန်ငယ်၊ သက္ကရာဇ် ၆၇၉ မှ ၆၈၆
  2. စောနစ်၊ သက္ကရာဇ် ၆၈၆ မှ ၆၈၇
  3. ကရင်ဘ၊ သက္ကရာဇ် ၆၈၇ မှ ၇၀၄
  4. လက်ယာစကြာ၊ သက္ကရာဇ် ၇၀၄ မှ ၇၀၆
  5. ထောက်လှေကား၊ သက္ကရာဇ် ၇၀၆ မှ ၇၀၈
  6. သိင်္ဂပါမင်း၊ သက္ကရာဇ် ၇၀၈ မှ ၇၂၀
  7. တောင်ငူပျံချီကြီး၊ သက္ကရာဇ် ၇၂၉ မှ ၇၃၇
  8. မြို့စောင့်တလိုင်းမစ်န်၊ သက္ကရာဇ် ၇၃၇ (ခုနှစ်လသာ)
  9. တောင်ငူပျံချီငယ်၊ သက္ကရာဇ် ၇၃၇ မှ ၇၄၁
  10. စုက္ကတေး၊ သက္ကရာဇ် ၇၄၁ မှ ၇၄၅
  11. မင်းဖောင်းကား၊ သက္ကရာဇ် ၇၄၅ မှ ၇၅၉
  12. မင်းစောဦး၊ သက္ကရာဇ် ၇၅၉ မှ ၇၆၁
  13. မင်းနေမိ၊ သက္ကရာဇ် ၇၆၁ မှ ၇၇၀ (တောင်ငူတွင် မင်းတစ်နှစ် လပ်၏)
  14. မင်းလက်ယာ၊ သက္ကရာဇ် ၇၇၁ မှ ၇၇၃
  15. စတုသင်္ခယာကြီး၊ သက္ကရာဇ် ၇၇၃ မှ ၇၇၇
  16. သင်္ခယာငယ်၊ သက္ကရာဇ် ၇၇၇ မှ ၇၈၀ (ရှမ်းဖျက်၍ တောင်ငူ တစ်နှစ်လပ်၏)
  17. ပန်းတောင်းမင်း၊ သက္ကရာဇ် ၇၈၁ မှ ၇၈၃
  18. စောလူးသင်္ခယာ၊ သက္ကရာဇ် ၇၈၃ မှ ၇၉၇
  19. ဥဇနာ (ဥစ္စနာ)၊ သက္ကရာဇ် ၇၉၇ မှ ၇၉၈
  20. ဒုတိယမင်းစောဦး၊ သက္ကရာဇ် ၇၉၈ မှ ၈၀၄
  21. မင်းတရဖျား၊ သက္ကရာဇ် ၈၀၄ မှ ၈၀၇
  22. မင်းခေါင်ငယ်၊ သက္ကရာဇ် ၈၀၇ မှ ၈၁၃
  23. မင်းငယ်ကျော်ထင်၊ သက္ကရာဇ် ၈၁၃ မှ ၈၂၁
  24. မင်းကြီးဇေယျသူ၊ သက္ကရာဇ် ၈၂၁ မှ ၈၂၈
  25. လက်ယာဇလသင်္ကြန်၊ သက္ကရာဇ် ၈၂၈ မှ ၈၃၂
  26. စည်သူကျော်ထင်၊ သက္ကရာဇ် ၈၃၂ မှ ၈၄၃
  27. မင်းကြီးစည်သူ၊ သက္ကရာဇ် ၈၄၃ မှ ၈၄၇
  28. မင်းကြီးညို၊ သက္ကရာဇ် ၈၄၇ မှ ၈၉၂
  29. တပင်ရွှေထီး၊ သက္ကရာဇ် ၈၉၂ မှ ၉၀၂
  30. မင်းရဲသိင်္ခသူ၊ သက္ကရာဇ် ၉၀၂ မှ ၉၁၀
  31. မင်းခေါင်၊ သက္ကရာဇ် ၉၁၀ မှ ၉၁၂
  32. ဘုရင့်နောင်၊ သက္ကရာဇ် ၉၁၂ မှ ၉၁၄ (တောင်ငူမှ ဟံသာဝတီသို့ ပြောင်းရွှေ့စိုးစံသည်။)
  33. မင်းခေါင်၊ သက္ကရာဇ် ၉၁၄ မှ ၉၄၆
  34. မင်းရဲသီဟသူ၊ သက္ကရာဇ် ၉၄၆ မှ ၉၇၁
  35. နတ်သျှင်နောင်၊ သက္ကရာဇ် ၉၇၁ မှ ၉၇၄
 တောင်ငူကို သက္ကရာဇ် ၉၇၄၊ ဝါခေါင်လတွင် သံလျင်ငဇင်ကာ လာရောက်တိုက်ခိုက်သိမ်းယူကာ မြို့ကို မီးတိုက်ဖျက်ဆီးပြီး နတ်သျှင်နောင်ကို သံလျင်သို့ ခေါ်ဆောင်သွားသဖြင့် တောင်ငူပျက်သည်။
  
မင်းကြီးညိုတည်သည့် ကေတုမတီတောင်ငူမြို့


        မင်းဆက် (၂၉) ဆက်မြောက်အဖြစ် စိုးစံသော မင်းကြီးညိုသည် ယခုတောင်ငူသည် ကျဉ်းမြောင်းလှသည်။ ပေါင်းလောင်းမြစ်နှင့်လည်း အလှမ်းကွာသည်။ မြို့ကို ပြောင်းရွှေ့ရန် မြို့သစ် တည်ရသော် ကောင်းအံ့ဟု ကြံ၍ တောင်ငူကြီးမှသည် ပဲပုပ်ချောင်း အနီးသို့ပြောင်း၍ မြဝတီအမည်ဖြင့် မြို့သစ်တည်ကာ ထိုနေရာတွင် ငါးနှစ်ခန့် စံမြန်းသည်။ 
(မှတ်ချက်။     ။ မြဝတီမြို့နေရာဟောင်းမှာ ယခုတောင်ငူမြို့၏ အနောက်မြောက် ပဲပုပ်ချောင်း အရှေ့ဘက်ရှိ  သရက်မှော်တည်ရှိရာ နေရာဖြစ်သည်ဟု အဆိုရှိ၏။)

        ထိုမှတဖန် မြဝတီနေရာကိုလည်း မကြိုက်နှစ်သက်ပြန်သဖြင့် ခပေါင်းချောင်းနှင့် ပေါင်းလောင်းမြစ်ဆုံရာ အရပ်ဖြစ်သောနေရာကို ရွေးချယ်၍ မြို့ပြောင်း စံမြန်းတော်မူပြန်သည်။ ယင်းမြို့အမည်မှာ ဒွာရာဝတီဖြစ်သည်။ ဒွါရာဝတီကို သက္ကရာဇ် (၈၅၃) ခုနှစ်တွင် တည်တော်မူ၍ နှစ်ပေါင်း (၂၀) ကျော်မျှ စံမြန်းတော်မူသည်။

        ထိုဒွါရာဝတီမြို့မှာ လူနေများပြားစည်ကား သိုက်မြိုက်လာသည်သာမက အင်းဝမှာလည်း ရွှေအနော်ရထာ အရေးကြောင့် ကောင်းစစ်လေးမှူး၊ လှော်ကားသုံးထောင်မှူး၊ ရှင်ထွေးနာသိန်တို့နှင့် လူအများ ခိုဝင်လာကြသည့်အတွက် မြို့သစ် တည်ရန် ကြံတော်မူပြန်သည်။
        မြို့တည်နေရာကို ရှာရာတွင် ပေါင်းလောင်းမြစ်၏ အနောက်ဘက်တွင် လျော်ကန် သင့်မြတ်သည့်နေရာကို တွေ့ရသဖြင့် သက္ကရာဇ် (၈၇၂) ခုနှစ်၊ တန်ဆောင်မုန်းလပြည့်၊ အင်္ဂါနေ့တွင် တောင်ငူမြို့ကို တည်ထောင်တော်မူပြီး၊ ကေတုမတီဟူသော အမည်ကို သမုတ်တော်မူသည်။ မြို့ကို တည်သောအခါ ယခု လေးကျွန်းကန်တော်ဟု ခေါ်ကြသော “ကြာအင်း” ကို မြို့အတွင်းသို့ သွင်း၍တည်တော်မူသည်။

 ဆက်ရန် (အပိုင်း - ၄) သမိုင်းထင်ရှား ဖြောင့်မတ်သည့်မင်းနှစ်ပါး

 

No comments:

Post a Comment