Wednesday, February 29, 2012

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၇)


  •  ရှင်ရဲထွတ်နှင့် သခင်ကြီးတို့၏ အပြစ်မကင်းသောချစ်ခြင်း
 
          သခင်ကြီးမင်းသမီးကား တပင်ရွှေထီးနှင့် ခမည်းတော်တူ မယ်တော်ကွဲ မောင်နှမတော် ဖြစ်သည်။ တပင်ရွှေထီး၏ အစ်မတော်ဖြစ်ပြီး၊ မယ်တော်မှာ မိုးဗြဲစားသမီးတော် ခင်နွယ် ဖြစ်သည်။ ရှင်ရဲထွတ်နှင့် အသက်အရွယ်မတိမ်မယိမ်းဖြစ်ကာ ကစားဖော်ကစားဖက် ဖြစ်ခဲ့သည်။ ငယ်စဉ်ကာလကပင် ရှင်ရဲထွတ်နှင့် တစ်ဦးပေါ်တစ်ဦး သံယောဇဉ်တွယ်တာမှုများ နှောင်ဖွဲ့လာမိခဲ့ကြသည်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။


           ရှင်ရဲထွတ်မှာမင်းပျိုမင်းလွင်အရွယ်သို့ ရောက်လာချိန်တွင် သခင်ကြီးအပေါ် မေတ္တာစိတ်များ သက်ဝင်လာမိသည်။ ထို့အတူ သခင်ကြီးမှာလည်း က္ကုတ္ထိယတို့သဘာဝ ရွယ်နုငယ် တစ်ဆယ်ကျော်အပျိုအရွယ်သို့ ကူးလာသောအချိန်တွင် ယောက်ျားပီသခန့်ညားပြီး အားကိုးချင်စဖွယ်ဖြစ်သည့် ရှင်ရဲထွတ်အပေါ် စိတ်ကစားကာ တိမ်းညွှတ်လာမိပြီး၊ နောက်ဆုံး၌ မေတ္တာချင်း ကူးလူးယှက်သွယ် မိကြတော့သည်။ အချစ်စိတ်က ဖုံးလွှမ်းကာဆီးထားသဖြင့် ရှင်ရဲထွတ်မှာ ဘုရင့်သမီးတော်အား ချစ်မိမှားသည့်အတွက် ကျရောက်လာမည့် ရာဇဝတ်ဘေးကိုလည်း မတွေးမမြင်နိုင်တော့ပေ။

           ထိုကိစ္စကို သခင်ကြီး၏ မယ်တော် သိရှိသွားပြီးနောက် မယ်တော်ဖြစ်သူမှတဆင့် ဖခမည်းတော် မင်းကြီးညို၏ ရွှေနားတော်သို့ ပေါက်ကြားသွားရတော့သည်။
           “အဘယ်မိဖုရား . . . ငါ၏သမီးတော်ကို အဘယ်ငမိုက်သားက ကျူးကျော်စော်ကားလေဘိသနည်း”
“မှန်လှပါ . . . အထိန်းတော်သား ရှင်ရဲထွတ်ငယ်ပင် ဖြစ်ကြောင်းပါဘုရား”
            မိဖုရား၏လျှောက်တင်ချက်ကို ကြားတော်မူလိုက်ရသည်တွင် 

ဘုရင်မင်းကြီးညိုမှာ ဒေါသအမျက်သို့ ပြင်းစွာ ဖြစ်ရတော့သည်။
“မိုက်လိုက်လေ ငထွတ်ငယ်၊ ငမိုက်သား ငထွတ်ငယ်အား ဖမ်းဆီးကြစေ”

           ယင်းအမိန့်တော်ထုတ်ပြန်ချက်ကို ကြားသိလိုက်ရချိန်တွင် သခင်ကြီးမှာ ရှင်ရဲထွတ်အတွက် ကြီးစွာသော စိုးရိမ်ပူပန်မှုတို့ကို ခံစားရပြီး ရှင်ရဲထွတ်အား အကြောင်းကြားစေကာ ရှောင်ပြေးခိုင်းသည်။ သို့သော် ရှင်ရဲထွတ်က မပြေး။

           “လောကတွင် သေခြင်းတရားကား ထူးဆန်းသည်မရှိ၊ မွေးလျှင်သေရမည်မှာ လောကဓမ္မတာဖြစ်သည်၊ ရဲရင့်သူသည် တစ်ဘဝတွင် တစ်ကြိမ်သာသေရ၏၊ ကြောက်ရွံ့သောသူကား အကြိမ်ကြိမ်အဖန်ဖန် သေရ၏၊ သေနေ့စေ့က သေရမည်၊ ကျွန်ုပ်ကား ပြေးလိမ့်မည်မဟုတ်”  ဟု ရာဇဝတ်ဘေးမှ လွတ်ရေးအတွက် ပြေးရန် သတိပေးလာကြသူများကို ထိုသို့ဆိုလိုက်၏။

           ဘာမထီယောက်ျားမြတ်ဖြစ်သည့် ရှင်ရဲထွတ်၏ သတ္တိကား အံ့ဖွယ်ရှိလှပေစွ။ ရှင်ရဲထွတ်ကား အထိန်းတော်၏သားဟုသာ ဆိုသော်လည်း သာမညပုဂ္ဂိုလ်မဟုတ်။ တိဟိတ်စင်စစ် ပုရိသအာဇာနည် ယောက်ျားကောင်းဖြစ်လေရာ စိတ်ဓာတ်အလိုအားဖြင့် သံမဏိကဲ့သို့ ခိုင်မြဲတည်တံ့လှ၏။ သံမဏိစိတ်ဓာတ်ဟု ဆိုရလိမ့်မည်။  ဤလောကတွင် မိမိအနေနှင့်အကြီးမြတ်ဆုံးဘဝကို မရောက်ရှိပဲ မသေနိုင်သေးဟု မိမိကိုယ်ကို ယုံကြည်စိတ်ဖြင့် မှတ်ယူထားသူ ဖြစ်သည်။ ယခုကိစ္စကိုလည်း ဘုရင့်ရှေ့တော်မှောက်သို့ ဝင်ရောက်ကာ ရဲရဲဝံ့ဝံ့ရင်ဆိုင်မည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။

           သို့ဖြင့် နောက်တစ်နေ့နံနက် အရုဏ်တက်တွင် ရွှေနန်းတော်တွင်းသို့ ဝင်ကာ မင်းကြီး၏ မျက်နှာတော်သစ်ရေ အကျကို စောင့်သည်။ မျက်နှာတော် သစ်ရေကျသည်ဆိုသည်နှင့်တစ်ပြိုင်နက် ဘုရင်မင်းကြီးညိုကို လက်အုပ်ချီကာ ခစားလိုက်သည်။

           “ဤမျှစောစီးသောအချိန်တွင် ငါ့အား လာရောက်ခစားသူကား အဘယ်နည်း”
“ဘုန်းတော်ကြောင့် အထိန်းတော်သား ငရဲထွတ်ဖြစ်ကြောင်းပါဘုရား”

           “အဘယ်ကြောင့် ဤအချိန်တွင် ငါ့အား ခစားလာရသနည်း”
“ဘုန်းတော်ကြောင့် အရှင်မင်းကြီး ချမှတ်တော်မူသည့် ရာဇဝတ်အပြစ်ဒဏ်ကို ခံယူရန်အတွက် လာရောက်ရခြင်း ဖြစ်ပါသည်”

           မင်းကြီးညိုမှာ ရှင်ရဲထွတ်လျှောက်တင်ချက်ကြောင့် တအံ့တသြဖြစ်ရသည်။
“ဤသူငယ်ကား ရာဇဝတ်ဘေးကျရောက်သည်ကိုပင် ကြောက်ခြင်း၊ ရွံ့ခြင်း၊ ကင်းလေစွ၊ အဘယ်သို့သောသူငယ်ပေနည်း” ဟု တွေးကာ ရဲရင့်ခြင်းနှင့်ပြည့်စုံသော ရင်ရဲထွတ်အပေါ် အထင်ကြီးစိတ်များ ဖြစ်ပေါ်တော်မူလာရသည်။

           “လျှောက်တင်ပါသည်ဘုရား . . . ကျွန်တော်မျိုး ရာဇဝတ်အပြစ်ဒဏ်မခံရမီ ကျွန်တော်မျိုး၏ ဇာတာကို အရှင်မင်းကြီးအား ဆက်သလိုပါသည်၊ ကြည့်ရှုတော်မူပါဘုရား”

           ရှင်ရဲထွတ်က အသင့်ယူဆောင်လာသည့် ဇာတာကို ဆက်သလိုက်သည်။ ကိုယ်တော်တိုင်ပင် လောကီပညာဗေဒင်အရာကို တတ်ကျွမ်းသည့် မင်းကြီးညိုသည် ရှင်ရဲထွတ်၏ဇာတာကိုယူ၍ သေချာစွာစစ်ဆေးလိုက်သည်။

           “စန်းလဂ် အလွန်ကောင်းမွန်သည့် ထူးခြားရှားပါးလှသော ဇာတာပါတကား။ ရှင်ရဲထွတ်ကား သာမန်ဇာတာရှင်မဟုတ်။ ဤဇာတာအရ ရှင်ရဲထွတ်မှာ တစ်ချိန်တွင် ထီးဆောင်းမင်းဧကရာဇ်ပင် ဖြစ်နိုင်သည်။ သားတော် တပင်ရွှေထီးနှင့်လည်း ညီနောင်နွယ်ရင်းသဖွယ် အလွန်ချစ်ခင်ကြသည်။ ဤသူငယ်မှာ ဥပဓိကလည်း ကောင်းသည်။ ဖြောင့်မတ်တည်ကြည်သည့် လက္ခဏာလည်း ရှိသည်။ တစ်ဖန် ကေတုမတီ(တောင်ငူ) သိုက်စာဟောင်းတွင်လည်း ‘ဆင်ဖြူသုံးစီး၊ ဘုန်းဘုန်းကြီး၊ နေမီး တန်ဆောင်ထွန်း လတ္တံ့။ နောက်ဆုံးဆင်ကြီး၊ စွယ်ရောင်ညီး၊ အမြီးရှည်သွယ်ဖား လတ္တံ့’ ဟု ပါရှိသည်။ ဆင်ဖြူသုံးစီးမှာ ဗုဒ္ဓဟူးနေ့ မင်းသုံးပါးတို့ ကေတုမတီနန်းတွင် စိုးစံမည့်အကြောင်း ဖြစ်သည်။ ငါသည် ဗုဒ္ဓဟူးသား၊ သားတော်သည် ဗုဒ္ဓဟူးသား၊ ရှင်ရဲထွတ်လည်း ဗုဒ္ဓဟူးသား၊ ဤသုံးဦးသာလျှင် ဆင်ဖြူသုံးစီးဖြစ်အံ့သည်။

           ဤသို့ဆိုလျှင် ရှင်ရဲထွတ်သည် ‘နောက်ဆုံးဆင်ကြီး စွယ်ရောင်ညီး’ ဆိုသည့် အတိတ်နိမိတ်ရသူ ဖြစ်ပေလိမ့်မည်။ သမီးတော်သခင်ကြီးသည်လည်း ရှင်ရဲထွတ်နှင့် သင့်မြတ်ခြင်းဖြင့် မိဖုရားကြီးအရာကို ရနိုင်သည်။ ရှင်ရဲထွတ်မှာ တောင်ခမင်းကြီး၏ မြေးတော်ဖြစ်သဖြင့်လည်း အမျိုးညံ့သည်ဟု ဆို၍မရ။ ငါနတ်ရွာစံလျှင်လည်း ငါ့သားတော်မှာ တစ်ပါးတည်းကျန်ရှိခဲ့မည်။ ထိုအခါ ညီနောင်နွယ်ရင်းသဖွယ်ဖြစ်သည့် ရှင်ရဲထွတ်ကို အနီးတွင်ထားကာ လက်ရုံးသဖွယ် အားကိုးမှု ပြုရလိမ့်မည်။ ရှင်ရဲထွတ်သည် ငါ့သားတော်အပေါ်တွင်လည်း ငါ့သားတော် သက်ရှိထင်ရှားရှိနေသမျှ သစ္စာရှိမည့်သူပင် ဖြစ်လိမ့်မည်” ဟု သားတော်တပင်ရွှေထီးနှင့် သမီးတော် သခင်ကြီးတို့အတွက် နောင်အရှည်ကိုပါ မင်းကြီးညို မျှော်တွေးတော်မူသည်။

           ထို့နောက် ဇာတာကိုရှင်ရဲထွတ်လက်သို့ ပြန်ပေးလိုက်ပြီး
“ငရဲထွတ်ငယ် . . . နင်၏ ဇာတာကား ကောင်းလှ၏။ ထို့ကြောင့် ဇာတာကို ကောင်းမွန်စွာ သိမ်းဆည်း၍ ထားလေ” ဟု မိန့်တော်မူသည်။
           သို့အားဖြင့် ရှင်ရဲထွတ်မှာ အသက်ပင်ဆုံးနိုင်သည့်ရာဇဝတ်တော်ဘေးမှ လွတ်ကင်းသွားရတော့သည်။

ဆက်ရန် (အပိုင်း - ၈)  တပင်ရွှေထီး တောင်ငူထီးနန်းကို စိုးစံတော်မူခြင်း



No comments:

Post a Comment