Wednesday, May 2, 2012

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၁၄)

  • တပင်ရွှေထီး ပြည်ကိုချီတက်လုပ်ကြံခြင်း

     

              ဟံသာဝတီမှထွက်ပြေးခဲ့သော ဘုရင်သုရှင်တကာရွတ်ပိသည် ပန်းမထီးဝတွင် တပ်စွဲလျက်ရှိစဉ် နောင်ရိုးတိုက်ပွဲ၌ မိမိ၏တပ်များ အရေးနိမ့်ကြောင်း သိရှိသွားသည်။ ဤတွင် ပန်းမထီးဝတွင် ဆက်လက်မနေဝံ့တော့ဘဲ ပြည်ဘုရင် နရပတိနှင့်ပူးပေါင်းရန်အတွက် ပြည်သို့ ဆန်တော်မူသည်။ ပြည်သို့ရောက်သောအခါ ပြည်ဘုရင် နရပတိက သုရှင်တကာရွတ်ပိကို ကောင်းမွန်စွာကြိုဆိုသည်။ မင်းနှစ်ပါးဆုံသောအခါ ကေတုမတီ(တောင်ငူ) တပ်များကို တိုက်ရန်အတွက် စစ်ရေးစစ်ရာတိုင်ပင်ကြသည်။
           မိမိတို့၏ တပ်များဖြင့် စစ်သေနင်္ဂဗျူဟာအရာတွင် ကျွမ်းကျင်ပြီး ရဲဝံ့ဖျတ်လတ်သည့် တပင်ရွှေထီး၏တပ်များကို ရင်ဆိုင်တိုက်ခိုက်ရန် မဝံ့ရဲကြသဖြင့် အင်းဝတွင် မင်းပြုနေသော သိုဟန်ဘွား၏ အကူအညီကို ယူသည်။ 

              အင်ဝဘုရင် သိုဟန်ဘွားကလည်း ဟံသာဝတီကို သိမ်းပိုက်နိုင်သည်အထိ စစ်တံခွန်လွှင့်ထူလာနိုင်သည့် ကေတုမတီ(တောင်ငူ)တပ်များကို စိုးရွံ့နေသည့်အတွက် ဟံသာဝတီတပ်၊ ပြည်တပ်များနှင့် ပူးပေါင်းရန် မိမိကိုယ်တိုင်အင်းဝတပ်ကြီးဖြင့် ပြည်သို့ စုန်ဆင်းသည်။ သို့ဖြင့် ပြည်တွင် သုရှင်တကာရွတ်ပိ၏တပ်၊ နရပတိ၏တပ်၊ သိုဟန်ဘွား၏တပ်တို့ စုမိသွားကာ ကြီးမားသော တပ်အင်အားဖြစ်သွားရသည်။ 

              နောင်ရိုးတိုက်ပွဲကို အောင်မြင်ပြီးနောက် တပင်ရွှေထီး၏ တပ်များကလည်း ကြည်းကြောင်း၊ ရေကြောင်းနှစ်တပ်ပေါင်းလျက် ပြည်သို့ ဆန်တက်သည်။ ပြည်မြို့တောင်ဘက်ရှိ အင်းပျော့ကျွန်းသို့ ရောက်ရှိသည်တွင် တပ်တော်ကို ချ၍ စစ်ရေးအတွက် အသင့်ပြင်တော်မူသည်။ ရန်သူတပ်များမှာ မိမိတပ်များထက် အင်အားကောင်းသည့်အတွက် မည်သို့ပြုသင့်သည်ကို တိုင်ပင်တော်မူသည်တွင် ဘုရင့်နောင်က . . . 
              “ကျွန်တော်မျိုးတို့အနေနှင့် ထိပ်တိုက်တွေ့ဆုံတိုက်ရပါလျှင် ရန်သူဘက်မှ အင်အားကြီးဖြင့်မိမည်ဖြစ်သဖြင့် စစ်ရေးခက်နိုင်ပါသည်။ ထို့ကြောင့် မင်းသုံးပါးတို့၏ ပျားလပို့သဏ္ဌာန် စစ်ဆင်ခြင်း(မဓုဝတ္ထနဗျူဟာ) ကို လေးညို့ဖျန်းထိုးစစ် (ဓနုကဗျူဟာ)ဖြင့် တိုက်မှသာလျှင် သင့်လျော်ပါမည်။ သို့အတွက် စစ်အအုံပျက်ရန် ကျွန်တော်တို့ဆောင်ရွက်ရပါမည်။ တိုက်လှေကြီးအပေါင်းသို့တွင် စိန်ပြောင်း၊ မြတပူအမြှောက်တို့ကို တင်လျက် အင်းပျော့ကျွန်းအောက်ရှိ မြစ်နားနှစ်ဖက်မှ အသင့်စောင့်နေရပါမည်။ ထို့နောက် ညဥ့်သန်ခေါင်တွင် ရန်သူတပ်ရှိရာသို့ ကျွန်တော်တို့တပ်မှ လှေတပ်တစ်တပ်ဆန်တက်ကာ စစ်ရေးငင်ရပါမည်။ ထိုသို့ စစ်ရေးငင်သည်ကို ရန်သူတပ်မှမြင်၍ ရန်သူ့လှေများလိုက်လာလျှင် အသင့်စောင့်နေသော ကျွန်တော်တို့၏ တိုက်လှေကြီးက  လေးညို့ဖျန်းထိုးစစ်(ဓနုကဗျူဟာ)ဖြင့် တစ်ဟုန်ထိုး ပစ်ခတ်တိုက်ခိုက်ရပါမည်၊ ထိုအခါ ရန်သူ၏လှေတပ်ပျက်ပါလိမ့်မည်” ဟု လျှောက်တင်ရာ တပင်ရွှေထီးသည် စစ်ရေးမြင်လှသော ယောက်ဖတော်ဘုရင့်နောင်ကို  ချီးကျူးတော်မူပြီးလျှင် . . . 

              “ကောင်းလှပြီ . . . ထိုအတိုင်းပင် စီရင်စေ၊ ငါကိုယ်တော်တိုင်ပင် ထွက်၍ စစ်ရေးငင်တော်မူမည်” ဟု မိန့်တော်မူသည်။ 

              ဘုရင့်နောင်သည် တိုက်လှေကြီးများပေါ်တွင် အမြှောက်စိန်ပြောင်းတို့ကို တင်ကာ  အင်းပျော့ကျွန်း၏ အောက်ဖက်တွင် လေတပ်ကို အသင့်ပုန်းလျှိုး၍ နေစေ၏။ ထို့နောက်တပင်ရွှေထီးက ညဥ့်အမှောင်တွင် ရွှေလှေကားတော် နှစ်ဆင်း၌ ဗုံ၊ မောင်း၊ နှဲ၊ ခရာတို့ကို တင်၍ ကိုယ်တော်တိုင် ပြည်မြို့အနီးတိုင်အောင်ဆန်တော်မူကာ ပြည်မြို့နှင့်အနီးဆုံးသိုရရောက်မှ ဗုံ၊ မောင်း၊ နှဲ၊ ခရာတို့ကို တပြိုင်နက်တီးကာ ကြေငြာလိုက်သည်။ 

               ပြည်လှေတပ်ကလည်း တောင်ငူလှေတပ်မပါဘဲ တပင်ရွှေထီး မင်းတစ်ပါးတည်း ပြည်အနီးသို့ ဆန်တက်လာသည်ကို သိရှိလိုက်ရသည့်အတွက် ချက်ချင်း လှေတပ်ကိုစု၍ မြစ်လုံးပြည့်မျှ ဆင်းလိုက်ကြသည်။ ပြန်လည်စုန်ဆင်းလာသည့် တပင်ရွှေထီး၏  လှေကားတော်နောက်သို့ ရန်သူ့တပ်မှ အမတ်(၆)ဦးတို့ ဦးဆောင်သည့် တိုက်လှေကြီးများကို ရှေ့ဆုံးမှလွှတ်လိုက်၏။ သို့သော် တပင်ရွှေထီးကား စိုးရွံ့ခြင်းမရှိ ရန်သူ့တပ်နှင့် မဝေးမနီးလှော်ခတ်ကာ စစ်ရေးငင်တော်မူသည်။ 

              တပင်ရွှေထီး စစ်ရေးငင်သည်ကို စိုးရိမ်ခြင်းမရှိသည့် ရန်သူ့လှေတပ်တို့သည် အင်ပျော့ကျွန်းအလွန်သို့ရောက်လျှင် အသင့်ပုန်းလျှိုးစောင့်နေသော  ဘုရင့်နောင်၏ လှေတပ် တို့၏ နောက်မှလိုက်ခြင်းကို ခံကြရတော့သည်။ တိုက်ပွဲတွင် ပြည်လှေတပ်ပျက်ကာ ရန်သူ့အမြောက်များကျဆုံး၍ အမတ်(၆)ယောက်ကိုလည်း အရှင်လက်ရဖမ်းမိလိုက်သည်။ ကုန်းပေါ်သို့ထွက်ပြေးကြသူများမှာလည်း ကုန်းပေါ်ရှိကေတုမတီစစ်သည်တို့၏ ဖမ်းဆီးခြင်းကို ခံကြရသည်။ 

              ထိုတိုက်ပွဲတွင် လှေကြီး(၆)စင်းနှင့်အတူ တိုက်လှေ(၂၀၀) သုံ့ပန်း(၅၀၀၀)ကျော်ကို ရရှိလိုက်သည်။ ထိုသို့ ရန်သူ၏လှေတပ်ကို အောင်မြင်တော်မူပြီးလျှင် တပင်ရွှေထီးသည် ဟံသာဝတီမှာလည်း အနေအထား မကျသေးသည့်အတွက် တိုက်ပွဲကို မဆက်ပဲ တပ်ကိုရုပ်ကာ ပြန်လည်စုန်ဆင်းတော်မူသည်။ တပင်ရွှေထီးပြန်တော်မူလေလျှင် ပြည်မင်း၊ အင်းဝမင်းနှင့် သုရှင်တကာရွတ်ပိတို့သည် မင်းသုံးပါးတပ်တို့ပေါင်းလျှက် ဟံသာဝတီကိုချီ၍ လုပ်ကြံကြရန်နှင့် ဟံသာဝတီကို ပြန်ရလျှင် မွန်မင်း သုရှင်တကာရွတ်ပိကို နန်းတင်မည်ဟု တိုင်ပင်သဘောတူကြလေ၏။

    ဆက်ရန် (အပိုင်း - ၁၅) နတ်သမီးနှင့်တွေ့သည့် သုရှင်တကာရွတ်ပိ၏ နိဂုံး

No comments:

Post a Comment