Thursday, January 17, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၁၉)


  • ရာဇဘိသိက်ပွဲသဘင်ဆင်ယင်ခြင်းနှင့် ဂေါတမယ်အား သိမ်းပိုက်ခြင်း

           သက္ကရာဇ်(၉၀၇)ခုနှစ်တွင် တပင်ရွှေထီးသည် ဟံသာဝတီနေပြည်တော်၌ တပင်တိုင်ပြသာဒ် ဆောက်တော်မူ၍ ကြီးစွာသောရာဇဘိသိက်သဘင်ကို ဆင်ယင်ကျင်းပတော်မူသည်။ ထိုရာဇဘိသိက်ပွဲတွင် သမိန်တပွတ်အမည်ရှိသည့် မကိုဋ်တော်ကြီးကို ဆင်ယင်တော်မူသည်။ ထိုမကိုဋ်မှာ အလွန်အဖိုးထိုက်သော်လည်း မြန်မာဘုရင်တို့ ထီးစဉ်နန်းရိုး သုံးစွဲခဲ့ကြသော မကိုဋ်မျိုးမဟုတ်။ မွန်ဘုရင်တို့ ထီးစဉ်နန်းရိုး သုံးစွဲခဲ့ကြသော မကိုဋ်မျိုးဖြစ်သည်။ ၎င်းဘိသိက်ပွဲသည် မြန်မာ့နည်းနှင့် မွန်တို့၏ နည်းတို့ကို ရောနှော၍ မွန်မြန်မာ စည်းလုံးညီညွှတ်ရေးအတွက် ဆင်ယင်ကျင်းပသော ဘိသိက်ပွဲကြီးဖြစ်လေရာ၊ လွန်စွာပင် စည်ကားလှသည်။ 

          ထိုဘိသိက်ပွဲတွင် ဘုရင့်နောင်၏ ခမည်းတော်ဖြစ်သည့် မင်းရဲသီဟသူကို မင်းခမ်းမင်းနား အဆောင်အယောင် စုံလင်စွာပေး၍ ကေတုမတီဘုရင်ခံအဖြစ် ထပ်မံခန့်ထားတော်မူပြီး ဘုရင့်နောင်ကိုလည်း အိမ်ရှေ့မင်းတို့၏ အစီအရင်၊ အဆောင်အရွက် အခမ်းအနားကို ပေးသနားတော်မူ၍ အိမ်ရှေ့မင်း၏ နေရာတွင်နေစေ၏။ 

        ထို့နောက် တစ်လအကြာတွင် ဒဂုံဆံတော်ရှင်သို့ ရတနာဖောင်တော်ကိုစီး၍ စစ်အင်္ဂါလေးပါးခြံရံကာ ကြွချီဖူးမြော်တော်မူသည်။ စေတီတော်သို့ဆိုက်ရောက်လျှင် ရွှေအိုးကို ရွှေမျက်ပါးခတ်စေကာ စေတီတော်၏ ထီး၊ ချရားသီးမှစ၍ ဖိနပ်တော်သို့တိုင်အောင် ရွှေချဆက်ကပ်လှူဒါန်းတော်မူသည်။ 

     တပင်ရွှေထီးသည် ဟံသာဝတီနေပြည်တော်တွင် အောင်ပွဲအမျိုးမျိုးဆင်ယင်ကာ မင်းတို့၏ မွေ့လျော်ခြင်းဖြင့် စံနေတော်မူစဉ် ရုပ်ဆင်းအင်္ဂါ လက္ခဏာနှင့်ပြည့်စုံ၍ လွန်စွာ အဆင်းလှပသော ဂေါတမယ်အမည်ရှိ မိန်းမငယ်၏ သတင်းကို ကြားသိတော်မူရသောအခါ ရှေ့တော်သို့ သွင်း၍ ရှုစားလေရာ အလွန်တပ်မက်ခြင်းဖြစ်တော်မူပြီး သိမ်းပိုက်တော်မူကာ မြတ်နိုးစွာဖြင့် အပါးတော်၌ မပြတ်ခစားစေသည်။ 

        ဤနေရာတွင် မိန်မငယ် ဂေါတမယ်၏ အကြောင်းမှာ လွန်စွာထူးဆန်းလှသည့်အတွက် ရေးပြရန် လိုအပ်လာပါသည်။ ဟံသာဝတီ၌ 'မကျိုက်ကို' အမည်ရှိ မွန်သူကြွယ်တစ်ဦးရှိရာ ထိုသူကြွယ်က နွားပေါင်း (၅၀၀၀) ကျော်ကို မွေးမြူထားသည်။ ထိုနွားများထဲမှ နွားမကြီးတစ်ကောင်သည် ဇီး(ပဋိသန္ဓေ)ရှိလာပြီး အချိန်ကာလစေ့ရောက်၍ မွေးလာသောအခါတွင် နွားကို မမွေးဘဲ မိန်းမငယ်လေးတစ်ဦးကို ဖွားမြင်လေသည်။ ယင်းမိန်းကလေးငယ်မှာ အဆင်းပြင်လျာကောင်းခြင်းတို့၏ လက္ခဏာနှင့် ပြည့်စုံလှသဖြင့် အထိန်းတို့က သူကြွယ်ထံ ပို့ဆောင်ကြရာ သူကြွယ်မှာ ကလေးငယ်ကို တွေ့ရသည်နှင့် တပြိုင်နက် ရှေးရေစက်အကြောင်းရင်းပါသောကြောင့် သမီးအဖြစ်ကောက်ယူမွေးစားသည်။ 

        ကလေးငယ်မှာ ချမ်းသာစွာဖြင့် ကြီးပြင်းလာရာ အရွယ်ရောက်လာသောအခါ ရုပ်ရည်ရူပကာဆင်းသွင် လွန်စွာလှပသဖြင့် နေပြည်တော်တွင် ကျော်စောထင်ရှားလေသည်။ ဤကား မဟာရာဇဝင်ကြီးနှင့် မှန်နန်းရာဇဝင်ပါ အဆိုအတိုင်း ပြဆိုခြင်းဖြစ်သည်။ 

     တပင်ရွှေထီးသည် ဂေါတမယ်ကို သိမ်းပိုက်တော်မူပြီးသောအခါ အထူးအလိုလိုက်ကာ အလွန်မြတ်နိုးစွာဖြင့် ကြင်နာယုယတော်မူသည်။ ဂေါတမယ်မှာ မွန်တို့၏လက်တွင် ကြီးပြင်းလာခဲ့ရသူဖြစ်သဖြင့် မွန်တို့၏ ရိုးရာဓလေ့ထုံးစံတို့ကို များစွာနှစ်သက်ပြီး မွန်ဆင်ယင်ထုံးဖွဲ့မှုကိုလည်း လိုလားသူဖြစ်သည်။ ထို့ကြောင့် တပင်ရွှေထီးအား မွန်မင်းတို့၏ တန်ဆာကိုဆင်ယင်ကာ မွန်ဆံဖြတ်ရန် တိုက်တွန်းသဖြင့် တပင်ရွှေထီးသည် မွန်ဆံကို ဖြတ်တော်မူ၏။ 

ဆက်ရန် (အပိုင်း - ၂၀) ရခိုင်သို့ ချီတော်မူခြင်း

 

No comments:

Post a Comment