Saturday, October 5, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂၇)


  • တပင်ရွှေထီး နတ်ရွာစံတော်မူခြင်း

     
    တပင်ရွှေထီးရုပ်တု

       ဟံသာဝတီတွင် ဘုရင့်နောင်မရှိခြင်းမှာ နန်းစည်းစိမ်ကို ရရန်ကြံနေသူ မသူတော်တို့အတွက် အခွင့်ကောင်းတစ်ရပ်ပင်ဖြစ်လာသည်။ တပင်ရွှေထီးအပါးတွင် အစောင့်အကြပ်အဖြစ် ဘုရင့်နောင်ထားခဲ့သည့် ညီတော်သီဟသူ၊ မုတ္တမစားစောလကွန်းအိမ်နှင့် သမိန်စောထွတ်ဆိုသည့် ပုဂ္ဂိုလ်သုံးဦးအနက် သမိန်စောထွတ်ကား လွန်စွာကြောက်စရာကောင်းသည့်ပုဂ္ဂိုလ်ပင်ဖြစ်သည်။ 

        ဘုရင်တပင်ရွှေထီးက ယုံစားတော်မူ၍ ယုံကြည်စိတ်ချစွာ  အနီးတွင်ထားသော်လည်း ကျေးဇူးသစ္စာကို မစောင့်မသိ။ နန်းစည်းစိမ်အာဏာပလ္လင်ကိုမက်မောကာ မိမိ၏အရှင်သခင်ကို လုပ်ကြံရန် ကြံစည်နေသူဟု ဆိုရမည်။ 
        ဘုရင့်နောင် သံလျင်သို့ရောက်နေစဉ် သက္ကရာဇ် (၉၁၁)ခု၊ တပို့တွဲလတွင် သမိန်စောထွတ်သည် ပုဏ္ဏားတော်များနှင့်ပူးပေါင်း၍ တပင်ရွှေထီး၏ဇာတာတော်ကို စစ်ဆေးသည့်ဟန် ပြုစေသည်။ ပုဏ္ဏားတော်များက ဇာတာတော်မသန့်သည့်အတွက် ဟံသာဝတီနန်းမှ အခြားတစ်နေရာသို့ ယာယီပြောင်း၍စံသင့်ကြောင်း လျှောက်ထားသည်။ သမိန်စောထွတ်ကလည်း ယာယီနန်းပြောင်းသင့်ကြောင်း လျှောက်တင်လာသည်။ 
        ထိုအခါ ဘုရင့်နောင်၏ အမိန့်နှင့် တပင်ရွှေထီးအပါးတော်တွင် စောင့်ရှောက်နေကြသော သီဟသူနှင့် စောလကွန်းအိမ်တို့က ယခုချိန်တွင် ရွှေနန်းတော်မှထွက်၍ ယာယီနန်းစံရန် မသင့်ကြောင်းကို တင်လျှောက်ကြသော်လည်း ပျက်စီးဖို့ရန် အချိန်အခါကျရောက်လာပြီ ဖြစ်သည့် တပင်ရွှေထီးက နားဝင်တော်မမူဘဲ ပန်းတရော်ထွက်ရန် တပ်သားများကိုသာ စီစဉ်စေသည်။ ဟံသာဝတီတွင်မူ ဘုရင့်နောင်ညီတော်သီဟသူကို အစောင့်အနေထားသည်။ ထို့နောက် တိုက်ဆင်(၁၀၀)၊ မြင်း(၂၀၀၀)၊ စစ်သည်(၄၀၀၀၀)ဖြင့် ပန်းတရော်သို့ ပြောင်းရွှေ့ကာ ယာယီနန်းစံမြန်းသည်။ 

        ဘုရင်တပင်ရွှေထီး ပန်းတရော်၌ ယာယီနန်းစံမြန်းနေစဉ်တွင် စစ်တောင်းစားမင်းမဟာ ကွယ်လွန်ကြောင်းကြားသိတော်မူလေရာ တပင်ရွှေထီးသည် လစ်လပ်သွားသော မင်းမဟာနေရာတွင် မိမိ၏လူယုံ သမိန်စောထွတ်ကို စစ်တောင်းစားအဖြစ် ခန့်အပ်လိုက်သည်။ 
        စစ်တောင်းစားဖြစ်လာသည့်အတွက် သမိန်စောထွတ်၏ အာဏာမှာ ယခင်ကထက် ကြီးမားလာရာ သမိန်စောထွတ်သည် အရှင်သခင်၏အကျိုးကိုလိုဟန်ဖြင့် တပင်ရွှေထီး၏လုံခြုံရေးအတွက် ၄င်း၏ညီနှစ်ဦးအား လက်ယာဓားမှူးနှင့် လက်ဝဲဓားမှူးများအဖြစ် ခန့်အပ်ရန် လျှောက်ထားရာ တပင်ရွှေထီးကလည်း လက်ခံလေသည်။ 
        အကျိုးတော်ကိုလိုလားသော စောလကွန်းအိမ်က သမိန်စောထွတ်၏ညီနှစ်ယောက်အား ရွှေဓားမှူး ခန့်ထားခြင်းကို နှစ်သက်ခြင်းမရှိသော်လည်း ဘုရင့်အလိုတော်နှင့် ဆန့်ကျင်ပြီး လျှောက်တင်ရန် မဝံ့သည့်အတွက် အသာပင်ကြည့်နေရလေသည်။ 
        ပန်းတရော်တွင် ယာယီနန်းစံမြန်း၍ တစ်လမျှကြာလျှင် သမိန်စောထွတ်သည် အကြံတစ်မျိုးဖြင့် တပင်ရွှေထီးအား ပန်းတရော်တပ်မှ ရခိုင်တပ်သို့ ပြောင်းရွှေ့စံမြန်းပါရန် လျှောက်ပြန်သည်။ ရခိုင်တပ်ဆိုသည်မှာ ယခင်သံတွဲမြို့စားလာရောက်စဉ်က ရခိုင်မှပါလာသည့်တပ်များကို နေရာချထားသော အရပ်ဖြစ်သည်။ ရခိုင်စစ်သည်တို့နေရာဌာနေဖြစ်၍ ၎င်းအရပ်ကို ရခိုင်တပ်ဟူ၍ခေါ်သည်။ 
        ရခိုင်တပ်တွင် တပင်ရွှေထီးစံနေတော်မူစဉ် သမိန်စောထွတ်သည် မိမိ၏နောက်လိုက်များနှင့်ပေါင်း၍ အရှေ့ကသာအရပ်တွင်ဆင်ဖြူတော်ပေါ်နေကြောင်း သတင်းလွှင့်သည်။ ထို့နောက် တပင်ရွှေထီးအား အရှင်၏ဘုန်းကံကြောင့် ဆင်ဖြူတော်ပေါ်လာခြင်းဖြစ်သည့်အတွက် ကိုယ်တော်တိုင် ဖမ်းယူသင့်ကြောင်း လျှောက်တင်သည်။

        တပင်ရွှေထီးသည် 'ဆင်ဖြူရှင်' အမည်ကို ခံယူလိုသဖြင့် သင့်, မသင့် မနှိုင်းချိန်နိုင်ဘဲ သမိန်စောထွတ်၏ စကားကို လက်ခံကာ ရခိုင်တပ်မှ ကသာသို့ပြောင်းကာ ကသာရှိ အင်းကလိန်ဘုရားအနီး၌ တပ်တော်ချနေသည်။ အင်းကလိန်ဘုရားအနီးတွင် တပ် စခန်းချစဉ် တပင်ရွှေထီးသည် အပါးတော်၌ခစားနေသော စောလကွန်းအိမ်ကို ဆင်ဖြူတော်ရရေးအတွက် ရဲမက်ဗိုလ်ပါစုရုံးရန် မုတ္တမသို့ လွှတ်သည်။ 
        စောလကွန်းအိမ်က ... 
        "ကိုယ်တော်နှင့်ကျွန်တော့်ကို မကွာစေနှင့်ဟု ဘုရင့်နောင်တော်က မှာတော်မူပါသည်" ဟု အကြိမ်ကြိမ်တင်လျှောက်သော်လည်း တပင်ရွှေထီးက "ငါ့အတွက် မပူနှင့်၊ သမိန်စောထွတ် ငါ့အနီးတွင်ရှိသည်။ မုတ္တမသို့သာ သွားလေ" ဟု မိန့်တော်မူသည့်အတွက် စောလကွန်းအိမ်မှာ မည်သို့မျှ အမိန့်တော်ကို မလွန်ဆန်နိုင်တော့ဘဲ ကသာမှခွာကာ မုတ္တမသို့ ပြန်ခဲ့ရသည်။ 
        သမိန်စောထွတ်ကား မိမိကြံစည်ထားသည့်အတိုင်း အချိန်ကောင်း အခွင့်ကောင်းကို ရပြီဖြစ်သည့်အတွက် မိမိညီ ဓားမှူးများနှင့် ဘုရင်ကိုလုပ်ကြံရန် တိုင်ပင်သည်။ 
        ထိုညကား သက္ကရာဇ် (၉၁၂)ခု၊ ကဆုန်လပြည့်ကျော်(၁)ရက်၊ ဗုဒ္ဓဟူးနေ့သို့အဝင် ညဥ့်(၃)ချက်တီးကျော်အချိန်။
        အင်ကလိန်ဘုရားတစ်ဝိုက်တွင် အကာလညဥ့်အမှောင်နှင့်အတူ တိတ်ဆိတ်နေသည်။ ယာယီတဲနန်းအတွင်းရှိ သမိန်စောထွတ်နှင့် ညီဖြစ်သူ ဓားမှူးနှစ်ယောက်သည် ဘုရင်တပင်ရွှေထီး စက်ပျော်လျက်ရှိမည့်အချိန်ကို စောင့်နေကြသည်။ စက်ပျော်လျက်ရှိကြောင်းသေချာပြီဆိုသည်နှင့် သမိန်စောထွတ်သည် လက်ဝဲဓားမှူးကို အချက်ပြလိုက်သည်။ လက်ဝဲဓားမှူး၏ဓားသည် ဓားရောင်ဝင်းလျက် အပေါ်သို့မြောက်တက်သွားကာ ပြင်းစွာသောအရှိန်ဖြင့် အောက်သို့ ပြန်ကျလာသည်။ ဓားက အလွန်ထက်မြက်လှသဖြင့် တပင်ရွှေထီး၏ ဦးခေါင်းတော်မှာ တစ်ချက်တည်းဖြင့် သလွန်တော်မှ အောက်သို့ ကျသွားရသည်။ 

        ဘုရင့်ဦးခေါင်းတော်ပြတ်သည်နှင့် "အောင်ပြီ၊ အောင်ပြီ" ဟု သမိန်စောထွတ်နှင့် လက်ဝဲလက်ယာဓားမှူးတို့ ကြွေးကြော်အော်ဟစ်လိုက်ကြသည်။ အင်ကလိန်တပ်တော်တွင် ရုတ်ရုတ်သဲသဲ ဖြစ်၍သွားသည်။ 
        ဘုရင်တပင်ရွှေထီးကား မိမိယုံကြည်ခဲ့မိသူ၏လက်ချက်ဖြင့် နတ်ရွာစံတော်မူခဲ့ရပြီဖြစ်သော်လည်း သလွန်တော်အောက်တွင် ကျနေသော ဦးခေါင်းတော်ကား အသက်ရှိနေသောသူကဲ့သို့  မျက်တောင်တခတ်ခတ်ရှိနေသည်။ မျက်တောင်ခတ်နေသည်မှာ နေ့တစ်ချက်တီးကျော်မှပင်ငြိမ်လေသည်။ 
        ထိုကဲ့သို့ ထူးဆန်းပုံများကို တပင်ရွှေထီးကိုးကွယ်သော ဇောတိကာရုံဆရာတော် ကြားတော်မူလေလျှင် ပြတ်ပြီးသောဦးခေါင်းတော်မှ မျက်တောင်ခတ်သည့် နိမိတ်များမှာ မွန်နိုင်ငံတွင် မွန်တို့အုပ်စိုးရလိမ့်မည်မဟုတ်သေး။ မြန်မာဘုရင်များ ဆက်လက်အုပ်စိုးရလိမ့်ဦးမည်ဟု မိန့်ဆိုတော်မူလေသည်။ 
        ဘုရင်တပင်ရွှေထီးသည် သက္ကရာဇ် (၈၇၈)ခု၊ ကဆုန်လပြည့်ကျော် (၁)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူပြီး၊ သက္ကရာဇ် (၉၁၂)ခု၊ ကဆုန်လပြည့်ကျော် (၁)ရက် ဗုဒ္ဓဟူးနေ့တွင်ပင် နတ်ရွာစံလွန်သည့်အတွက် ဖွားနေ့၊ ဖွားရက်၊ နတ်ရွာစံနေ့ရက်တို့ တူ၍နေသည်ကလည်း ထူးခြားလှသည်။ 
        အိမ်ရှေ့စံ (၁၅)နှစ်၊ နန်းစည်းစိမ်(၂၀)နှစ် သက်တော်(၃၅)နှစ်တွင် နတ်ရွာစံတော်မူသည့်အတွက် အရွယ်တော်မှာ နုနယ်ပျိုမျစ်ချိန်ဖြစ်သည်ဟု ဆိုရမည်။ တိုင်းတစ်ပါးလူမျိုးခြားတစ်ဦးနှင့် ပေါင်းမိ၍ အရက်သေစာကိုစွဲရာမှ အမှားအမှန်ကို မနှိုင်းချိန်နိုင်၊ မဆင်ခြင်နိုင်ဖြစ်ကာ မယုံစားသင့်သူကို ယုံစားမိခဲ့သည့်အတွက် "လူယုံသတ်ကာ သေကြရ" ဆိုသကဲ့သို့  အရွယ်တော်ကောင်းစဉ်တွင် နတ်ရွာစံခဲ့ရသည်မှာ ဝမ်းနည်းဖွယ်ရာ၊ သင်ခန်းစာယူစရာများပင်ဖြစ်သည်။ 

        တပင်ရွှေထီးကိုးကွယ်တော်မူသော ဇောတိကာရုံဆရာတော်သည် မသမာသူ၏လက်ချက်ဖြင့် အသက်ဆုံးရှုံးရလေသော မိမိ၏ဒါယကာ ဘုရင်၏အလောင်းတော်ကို ကောင်းမွန်စွာသဂြိုလ်လိုသည့် အတွက် အလောင်းတော်ရှိရာ ယာယီနန်းသို့ လျင်မြန်စွာ ကြွတော်မူပြီးလျှင် သမိန်စောထွတ်ထံတွင် အလောင်းတော်ကို တောင်းခံသည်။ သမိန်စောထွတ်ကလည်း ၎င်း၏အကြံအောင်ပြီဖြစ်သဖြင့် တစ်စုံတစ်ရာကန့်ကွက်ခြင်းမပြုဘဲ ဆရာတော်၏သဘောဆန္ဒအတိုင်းဆောင်ရွက်ရန် အလောင်းတော်ကို ဆရာတော်ထံ အပ်နှံသည်။ 
        ဇောတိကာရုံဆရာတော်သည် တပင်ရွှေထီး၏အလောင်းတော်ကို အင်ကလိန်ဘုရားအနီး တောတောင်အတွင်းမှာပင် ကောင်းမွန်စွာ သဂြိုလ်တော်မူသည်။ ထို့နောက် ဆရာတော်ကိုယ်တိုင် အရိုးတော်ကို ရွှေအိုး၌ထည့်ပြီးလျှင် သန့်ပြန့်သောအရပ်ဌာန၌ မြှုပ်နှံတော်မူသည်။ 

        ဘုရင့်နောင်သည် အကြံအစည်တော်အောင်မြင်၍ ဘုန်းကြီးသောမင်း အဖြစ်သို့ ရောက်တော်မူသောအခါ သက္ကရာဇ် (၉၁၄)ခု၊ ဝါဆိုလတွင် ဘုရင်တပင်ရွှေထီးသင်္ချိုင်းတော် ရှိရာသို့ နန္ဒသူရိယအမတ်နှင့် နန္ဒကျော်ထင်အမတ်နှစ်ယောက်တို့ကို လွှတ်တော်မူကာ ရွှေပန်းခိုင်၊ ငွေပန်းခိုင်၊ ရွှေတန်ဆောင်တိုင်၊ ငွေတန်ဆောင်တိုင်တို့ဖြင့် ပူဇော်စေပြီး သင်္ချိုင်းတော်ရာတွင် စေတီတည်ထားတော်မူလေသည်။ 

ဆက်ရန် (အပိုင်း - ၂၈) ဘုရင့်နောင် နိုင်ငံတော်ရှေ့ရေးကို မြော်တွေးခြင်း

 

No comments:

Post a Comment