Monday, September 16, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂၆)


  • သမိန်ထောရာမ ပုန်ကန်ခြင်း

    တောင်ငူကောင်းမှုတော်ဘုရားမှဘုရင့်နောင်အောင်မြေ

         ဟံသာဝတီတွင် တပင်ရွှေထီး အမူအကျင့်တော်ပျက်ယွင်းသဖြင့် ဘုရင့်နောင်က နိုင်ငံတော်ကို ထိန်းမတ်နေရချိန်တွင် မွန်တို့ထဲမှ ဟံသာဝတီကို ပုန်ကန်ထကြွမည့်သူတစ်ဦး ပေါ်ပေါက်လာသည်။ ထိုသူမှာ သမိန်ထောရာမ ဆိုသူဖြစ်သည်။

        သမိန်ထောရာမအကြောင်းကိုရေးရလျှင် ဟံသာဝတီတွင် ဟံသာဝတီဘုရင် ဓမ္မစေတီ နတ်ရွာစံပြီးနောက် သားတော်ဗညားရန်က မင်းအဖြစ် ဆက်ခံစိုးစံသည်။ ဗညားရန် မင်းမဖြစ်မီ အိမ်နိမ့်စံအဖြစ် စံနေစဉ်တွင် သားတော်တစ်ပါးကို ဖွားမြင်သည်။ ထိုသားတော်သည် ဟံသာဝတီ ပျက်သောအခါ ရဟန်းဝတ်လျက် ပုန်းအောင်းနေခဲ့သည်။ ဟံသာဝတီတွင် တပင်ရွှေထီးစိုးစံနေစဉ် သက္ကရာဇ် (၉၁၁)၌ ဇရွဲအုံမြို့ရှိ သက်အိမ်သွေးသောက်ကြီး မတရူပွဲသို့သွားကာ မြန်မာဘုရင် တပင်ရွှေထီးကို ပုန်ကန်ရန် တိုင်ပင်သည်။
        ထို့နောက် သံလျင်သို့ပြန်၍ မွန်အကြီးအကဲတို့ကို စည်းရုံးပြီး ဒလတွင် လူဝတ်လဲကာ ကျိုက်ပေါဘုရားတွင် သစ္စာပြု၍ သမိန်ထောရာမ ဟူသောအမည်ကို ခံယူ၏။ ယင်းနောက် လူသူဆင်မြင်း စုရုံးကာ မကော်သို့သွားရောက်ပြီး တပ်ခိုင်တပ်လုံတည်၍နေသည်။
        ထိုသို့ သမိန်ထောရာမ ထောင်ထားပုန်ကန်သည့်အကြောင်း တပင်ရွှေထီး ကြားသိတော်မူရလျှင် ဆင်လုံးမြင်းရင်းစီရင်၍ အလျင်အမြန်ချီစေရန် ဘုရင့်နောင်ကို အမိန့်တော်ရှိသည်။

        ဘုရင့်နောင်သည် ဇရွဲအုံမြို့စား ညီတော်သီရိဇေယျကျော်ထင် တစ်တပ်၊ သမြင်တုံမြို့စား ညီတော်နန္ဒယော်ဓာ တစ်တပ်၊ မြောင်းမြမြို့စား ဗညားလော တစ်တပ်၊ ပုသိမ်မြို့စား သမိန်ဗြဿပိုက် တစ်တပ်၊ ပန်းကိုမြို့စား ဗညားက္ကုန္ဒ တစ်တပ်၊ ဒလမြို့စား သီရိဇေယျနော်ရထာ တစ်တပ်၊ ဓနုဖြူမြို့စားသမိန်ရဲသင်ရံ တစ်တပ်၊ ဝန်မြို့စား သမိန်သံလိုက် တစ်တပ်၊ အစုတ်မြို့စား သမိန်အဲပရဲ တစ်တပ်၊ ခဲပေါင်မြို့စား သမိန်သံကျယ် တစ်တပ်၊ သာယာဝတီမြို့စား ဥဇနာ တစ်တပ်၊ ပေါင်း (၁၁)တပ်ကို တိုက်ဆင် (၂၀၀)၊ မြင်း (၃၀၀)၊ စစ်သည် (၆၀၀၀၀) ဖြင့် သမိန်ထောရာမကို နှိမ်နင်းရန် ချီစေသည်။

        ဟံသာဝတီတပ်များ မကော်အရပ်သို့ရောက်လျှင် သူပုန်တပ်တို့နှင့်တွေ့ကာ တိုက်ခိုက်ကြရသည်။ သူပုန်တပ်တွင် သမိန်ထောရာမက ဆင်စီး၍လိုက်ပါသည်။ တိုက်ပွဲတွင် ဘုရင့်နောင်၏ ညီတော်နန္ဒယော်ဓာသည် 'ရဲမြတ်စွာ' ဆင်ကိုစီး၍ အတင်းလွှတ်တိုက်လေရာ သမိန်ထောရာမ စီးသောဆင် မခံနိုင်၍ ဆုတ်ပြေးသည်။ ဟံသာဝတီတပ်တို့ အတင်းဖိ၍တိုက်သဖြင့် သူပုန်တို့ တပ်ပျက်ကာ ဆုတ်ခွာကြရသည်။
        မကော်အရပ်မှ ဆုတ်ရပြီးသည့်နောက် သမိန်ထောရာမသည် ဒလတောတန်းကြီးအတွင်းသို့ဝင်ကာ အင်အားဖြည့်တင်းသည်။ ထိုအခါ ရှေးကထက်ပင် သူပုန်တို့အင်အားက ကြီးမားလာသည်။ သံလျင်မှ သံလျင်မြို့စား နန္ဒကျော်ထင် ဟံသာဝတီသို့ ရောက်ရှိနေကြောင်းသိရသဖြင့် သမိန်ထောရာမသည် သံလျင်ကို အပြင်းသွားရောက် လုပ်ကြံသည်။ သံလျင်ကို အောင်မြင်လျှင် အခိုင်အလုံပြုကာ တပ်တည်၍နေသည်။

       ထိုအကြောင်းကို တပင်ရွှေထီး ကြားတော်မူလျှင် သမိန်ထောရာမ ပုန်ကန်သည့်အရေးအား အလျင်အမြန် နှိမ်နင်းနိုင်ပါမှ ဖြစ်တော့မည်ဟုတွေးကာ ဘုရင့်နောင်ကိုယ်တိုင် ဦးစီးကြပ်မတ်၍ စစ်ချီရန် မိန့်ကြားသည်။
        ဘုရင့်နောင်မှာ ဟံသာဝတီရွှေနန်းတွင် တပင်ရွှေထီးအား ထားခဲံ့ရမည်ကို စိတ်မချနိုင်။ ပေါ်တူဂီနိုင်ငံသားကို အပါးတော်တွင်ထားကာ ပေါင်းဖက်နေခဲ့၍ သေရည်အရက်ကို စွဲကြိုက်ကာ မင်းတရား၏ အသိစိတ်တို့ တိမ်းစောင်းလွဲမှားတတ်သည့်အတွက် "အရှင်၏မိန့်ကြားချက်မှာ မှန်ပါသည်။ သူပုန်တို့သည် ကျေးစွန်ရွာ လက်ရှိနေသူတို့နှင့် စိတ်ဝမ်းညီပါလျှင် အင်အားကြီးမားလာကာ အလုပ်အကြံများရမည်မှာ အမှန်သာဖြစ်သည်။ သို့သော် အရှင့်အားထား၍ နေပြည်တော်မှ ခွာရမည်မှာ ခက်လှပါသည်" ဟု ဘုရင်တပင်ရွှေထီးအတွက် စိတ်မချသည့်သဘောဖြင့် တင်လျှောက်သည်။

        ဤတွင် တပင်ရွှေထီးက ...
        "သူပုန်တို့၏ အင်အားကြီးလှသည်ဟု ကြားသိတော်မူသည်။ မည်မည်ရာရာ မှူးမတ်တို့ကို ခန့်တော်မူ၍ အရေးပြီးမည်မဟုတ်ချေ။ ယခုကိစ္စတွင် နောင်တော်ကိုယ်တိုင်ချီမှသာလျှင် အရေးတော်ပြီးလွယ်လိမ့်မည်။ နောင်တော် မစိုးရိမ်ပါနှင့်။ ငါ၏အပါးတော်တွင်လည်း တောင်ငူစားသီဟသူ၊ မုတ္တမစားစောလကွန်းအိမ်နှင့် သမိန်စောထွတ်တို့ ရှိလေပြီးသည်။ သူပုန်ရန်ကိုသာ အလျင်ချီ၍နှိမ်မှသင့်မည်" ဟု မိန့်တော်မူသည်။
        ဘုရင့်နောင်သည် တပင်ရွှေထီး၏အမိန့်တော်ကို မလွန်ဆန်နိုင်သဖြင့် ကိုယ်တိုင်ပင်ဦးစီးကြပ်မတ်၍ သံလျင်သို့ချီကာ သမိန်ထောရာမရန်ကိုနှိမ်နင်း၍ စီရင်ရတော့သည်။ မချီမီ ညီတော်သီဟသူ၊ စောလကွန်းအိမ်နှင့် သမိန်စောထွတ်တို့ကို ညီတော်မင်းတရားအား အထူးဂရုစိုက်စောင့်ကြပ်ရန် မိန့်မှာသည်။
        သမိန်ထောရာမ၏တပ်အင်အားမှာ ကြီးမားလှသည့်အတွက် ဘုရင့်နောင်သည် သမိန်ထောရာမ၏ သူပုန်တပ်ကို အပြီးတိုင်နှိမ်နင်းရန်အတွက် တပ်ပေါင်း(၁၉)တပ်ကို စီရင်သည်။
        ယင်းတပ် (၁၉)တပ်မှာ  ညီတော်နန္ဒယော်ဓာ တစ်တပ်၊ ဥဇနာ တစ်တပ်၊ သမိန်ရဲသင်ရံ တစ်တပ်၊ ညီတော်သီရိဇေယျကျော်ထင် တစ်တပ်၊ သီရိဓမ္မရာဇ် တစ်တပ်၊ သီရိဇေယျနော်ရထာ တစ်တပ်၊ သမိန်ဗြဿပိုက် တစ်တပ်၊ သမိန်သံကျယ် တစ်တပ်၊ နန္ဒာကျော်ထင် တစ်တပ်၊ သမိန်ဇောကရတ် တစ်တပ်၊ နန္ဒသင်္ကြန် တစ်တပ်၊ သမိန်သံလိုက် တစ်တပ်၊ သမိန်ပရမ်း တစ်တပ်၊ ဗညားက္ကုန္ဒ တစ်တပ်၊ သည့်နောက်မှ ဘုရင့်နောင်က အရပ်ခုနှစ်တောင်ရှိသော 'ဥပါသထ' ဆင်တော်ကို ရွှေကြိုးရွှေကတပ်၍ စီးတော်မူသည်။ တပ်တော်တွင် နန္ဒသင်္ကြန်ကို တပ်မှူး၊ ဇေယျဗလကို စစ်ကဲခန့်ကာ လက်ဝဲရဲတိုင်မြင်းတပ်၊ လက်ယာရဲတိုင်မြင်းတပ်၊ တုရင်ယော်ဓာမြင်းတပ်၊ ဒေဝသူရမြင်းတပ်၊ ယင်းမြင်း(၄)တပ်နှင့် တပ်ပေါင်း(၁၉)တပ်တွင် တိုက်ဆင်(၂၀၀)၊ စစ်မြင်း(၄၀၀၀)၊ စစ်သည်(၈၀၀၀၀)ဖြင့် ချီသည်။

        ဟံသာဝတီမှ အပြင်းချီ၍ သံလျင်သို့ရောက်လျှင် စစ်ကိုမချဘဲ သံလျင်ကို သုံးမျက်နှာက ပတ်ဝိုင်းလျက် အတင်းတိုက်ခိုက်သည်။ သမိန်ထောရာမကလည်း မိမိအင်အားဖြင့် သံလျင်မြို့တွင်းမှ ခုခံသည်။ သို့သော် သမိန်ထောရာမမှာ လူသူအင်အားများပြားသော်လည်း လက်နက်မပြည့်စုံသည့်အတွက် ဟံသာဝတီတပ်များကို ကြာရှည်မခုခံနိုင်ဘဲရှိသည်။ ဟံသာဝတီတပ်များ မြို့ရိုးမြို့တာများကို အတင်းဖောက်ဖျက်ကာ မြို့တွင်းသို့ဝင်ရောက်ကြလေရာ သမိန်ထောရာမလည်း စုရုံးမိသမျှ မိမိနောက်လိုက်များနှင့် မြို့မှထွက်၍ ဒလအနောက်ဘက်သို့ ပြေးရလေသည်။
        ဘုရင့်နောင်သည် သမိန်ထောရာမကို လက်ရဖမ်းလိုသဖြင့် သံလျင်တွင် ရပ်တန့်မနေဘဲ ဒလသို့ကူး၍ လိုက်သည်။ ဘုရင့်နောင်တပ်များ ဒလသို့ရောက်သောအခါ သမိန်ထောရာမသည် ဒလတွင် မခိုဝံ့တော့ဘဲ အနောက်ဘက်တစ်ကြောသို့ ထွက်ပြေးတိမ်းရှောင်သွားသည်။

        ဘုရင့်နောင်က သံလျင်ကိုအောင်ကြောင်းနှင့် သမိန်ထောရာမ အရေးနိမ့်ကာ ထွက်ပြေးတိမ်းရှောင်ကြောင်း တပင်ရွှေထီးထံလျှောက်ကြားရာ တပင်ရွှေထီးက ဘုရင့်နောင်အား ဟံသာဝတီသို့ ပြန်မလာသေးဘဲ ဒလကို အခိုင်အလုံပြု၍ သူပုန်ရန်ကို အပြီးတိုင်နှိမ်နင်းရန် မိန့်တော်မူသည်။

ဆက်ရန် (အပိုင်း - ၂၇) တပင်ရွှေထီး နတ်ရွာစံတော်မူခြင်း

No comments:

Post a Comment