Thursday, March 22, 2012

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၁၂)


  • ဟံသာဝတီကို အောင်မြင်တော်မူခြင်း  


            တပင်ရွှေထီးက မိမိ၏လက်ရုံးအစွမ်း၊ ဘုန်းအစွမ်းများကို ဟံသာဝတီဘုရင်အား သုံးကြိမ်တိုင်ပြလာသည့်အခါတွင် ဟံသာဝတီပြည့်ရှင်သုရှင်တကာရွတ်ပိမှာစိုးရိမ်ပူပန်မှုများ ဖြစ်ပေါ် လာရသည်။ မိမိပိုင်ရာ ရာမညတိုင်းနယ်ပယ်များမှာလည်း တပင်ရွှေထီးလက်ထဲသို့ ပါသွားရသည်က တစ်ကြောင်း၊ နိုင်ငံခြားသားပေါ်တူဂီလူမျိုး ဗေရိဒီနန္ဒ္ဒဒေမောရ်လတ်နှင့်အဖွဲ့ကလည်း ထင်သလောက် အားကိုး၍ မရသည်ကတစ်ကြောင်း၊
ကေတုမတီမှာလည်း ယခင်ဘုရင်များ လက်ထက်ကဲသို့ မဟုတ်ဘဲ၊ ယခုဘုရင်ငယ် တပင်ရွှေထီးမင်းမှ စစ်သည်အင်အားတိုးချဲ့ကာမိမိဟံသာဝတီကို နယ်ချဲ့သိမ်းယူရန် ကြံစည်သည်ကို သိလာသည်ကတစ်ကြောင်း၊ ထို့ကြောင့် ရတက်မအေးနိုင်အောင်ဖြစ်ရပြီး ကေတုမတီနှင့် သင့်မြတ်မှဖြစ်ချေတော့မည်ဟု တွေးကာ ကေတုမတီသို့ အထိန်းတော်ကြီးများဖြစ်သော ဗညားလောနှင့် ဗညားကျန်းတို့ကို သံတမန်အဖြစ်စေလွှတ်၍ နှစ်ပြည့်တစ်ပြည် မီးမသေရေမနှောက် ရွှေလမ်းငွေလမ်းဖောက်ရန် ကြိုးစားတော့သည်။ 

            ဟံသာဝတီဘုရင်၏ သံအဖွဲ့ ကေတုမတီသို့ရောက်လျှင် တပင်ရွှေထီးက ဟံသာဝတီများကို သံတဲ၌နေစေပြီး ကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်သည်။ ထို့နောက် ကျော်ထင်နော်ရထာကို ရှေ့တော်သို့ ခေါ်ယူပြီး ထိုအရေးကိစ္စကို တိုင်ပင်တော်မူသည်။ 

          ကျော်ထင်အနော်ရထာက . . .
          “ဘုရင်တို့မည်သည်မှာ ရန်သူကိုသနားလွန်းလျှင် မိမိသာ ပျက်ဆီးရတတ်ပါသည်။ ကျွန်ုပ်တို့သည် ဟံသာဝတီအား အကြိမ်ကြိမ်အဖန်ဖန်လုပ်ကြံ၍ အရေးလွယ်သဖြင့်လက်ဝယ်ရောက်မည့် အခြေကျမှ မဟာမိတ်ပြုလိုကြောင်း လာပြောသည်မှာ ရာဇပရိယာယ်မဟုတ်ဟု မည်သူပြောဆိုနိုင်အံ့နည်း။ စားရကံကြုံ၍ မုတ်ဆိတ်ပျားစွဲလာသည်ကို အသာတရယူငင်ရလျှင် ကျွန်ုပ်တို့အလိုဆန္ဒ အလွယ်နှင့် ပြည့်ဝမည် မဟုတ်ပါလော။ ဤနေရာ၌ ဗေဒဥပါယ်ကို အသုံးချလျှင် လွန်စွာကောင်းသော အချက်ကြီးဖြစ်ပါသည်” ဟု လျှောက်တင်လေရာ တပင်ရွှေထီးမှာ နှစ်သက်တော်မူသဖြင့်

            “နောင်တော်အကြံပေးချက်အတိုင်း ပြုလုပ်မည်” ဟု မိန့်တော်မူကာ နောက်တစ်နေ့၌ ဟံသာဝတီသံအဖွဲ့ကို ရှေ့တော်သို့ဝင်ရောက်စေပြီး ဟံသာဝတီဘုရင်ပါးလိုက်သည့် သဝဏ်လွှာကို ဖတ်ကြားစေသည်။ သဝဏ်လွှာပါစာမှာ ဤသို့ဖြစ်သည်။ 

            “ရာမညတိုင်း ဟံသာဝတီပြည်ကြီးကို အစိုးရသောမဏိသူရပဝရဓမ္မရာဇာ ကြားလိုက်အပ်သည်။ ကေတုမတီပြည်ကြီးကို အစိုးရတော်မူသော ညီမင်းတရား . . .

            ရာမညတိုင်းနှင် ကေတုမတီပြည်ကြီးသည် ဘေးလောင်းတော်၊ ဘိုးလောင်းတော်တို့ လက်ထက်ကတည်းက ရေဝယ်တားသော်အကြားမထင်သကဲ့သို့ မီးမသေရေမနှောက် ဖြစ်လေသည်။ ယခု ရှေးကကဲ့သို့ နှစ်ပြည်ထောင်မင်းနှစ်ပါး ရွှေတစ်ပြားတည်းကဲ့သို့ဖြစ်မူ၊ တိုင်းကားနိုင်ငံ၌ နေကုန်သော သတ္တဝါခတ်သိမ်းတို့သည် ချမ်းသာခြင်းသို့ရောက်ကြ၍ ပရိယတ္တိံ၊ ပဋိပတ္တိသာသနာတော်သည်လည်း အစဉ်ရှည်စွာတည်ပါလိမ့်မည် ညီတော်မင်းတရား”

            တပင်ရွှေထီးက သဝဏ်လွှာပါစာအကြောင်းအရာကို သိရသော်လည်း ထိုအကြောင်းနှင့် စပ်လျဉ်း၍ မည်သို့မျှမိန့်တော်မမူဘဲ ဟံသာဝတီအကြောင်း၊ ဗညားလော၊ ဗညားကျန်းတို့၏ အကြောင်းကိုသာ အနည်းငယ်မေးမြန်းမိန့်ဆိုပြီး အတွင်းတော်သို့ဝင်တော်မူသည်။ 

          နောက်တစ်နေ့တွင်မူ သံကြီးများဖြစ်ကြသည့် ဗညားလောနှင့် ဗညားကျန်းတို့ကို ခေါ်ယူတော်မမူဘဲ အတူပါလာသည့် အတူပါလာသည့် သံငယ်များကိုသာခေါ်ယူကာ ဗညားလောနှင့် ဗညားကျန်းတို့ အကြောင်းကို ချီးမွမ်းလျက်၊ သံငယ်တို့အား ဆုလာဘ်များစွာတို့ကို ပေးတော်မူသည်။ ထို့နောက် ရွှေသစ္စာပန်းနှစ်ပွင့်ကို လက်တော်ဖြင့်ကိုင်၍ . . .

             “ဤသစ္စာပန်းနှစ်ပွင့်ကို ဦးရီးတော်များလက်သို့ တူတော်ကေတုမတီ ဘုရင်က ပေးတော်မူ လိုက်ကြောင်းကို ပြောကြားပေးကြပါ” ဟု မိန့်တော်မူကာ ရွှေသစ္စာပန်းနှစ်ပွင့်ကို သံငယ်များလက်သို့ အပ်နှင်းတော်မူသည်။ 

           ဟံသာဝတီမှစေလွှတ်သည့် သံအဖွဲ့ ကေတုမတီမှ ပြန်ကြသောအခါ လမ်းခရီးတွင်ပင် မသင့်မတင့် ဖြစ်ကြလေ၏။ ဟံသာဝတီသို့ရောက်၍ ဘုရင့်ရှေ့တော်မှောက်သို့ဝင်ကြသောအခါ သံကြီးတို့က “ကေတုမတီဘုရင်သည် ငယ်ရွယ်သူဖြစ်သဖြင့် ကိစ္စအကြောင်းအရာကို အရေးထား ဂရုစိုက်ခြင်းမပြု၊ သံငယ်တို့ကိုသာ အလေးဂရုပြုပါသည်။ ထို့ပြင် သံငယ်တို့အား ဆုလာဘ်များစွာပေး၍ ရွှေသစ္စာပန်းနှစ်ပွင့်ကို ပေးလိုက်ပါသည်” ဟု လျှောက်တင်ကြလေ၏။ 

          သံတို့၏လျှောက်တင်ချက်ကို ကြားသိရသည်တွင် ဟံသာဝတီဘုရင်သည် လက်ရုံးသဖွယ် အားကိုးတော်မူခဲ့ရသည့် မိမိ၏ အထိန်းတော်ကြီးများဖြစ်ကြသော ဗညားလောနှင့်ဗညားကျန်းတို့အပေါ် သံသယဝင်လာသည်။ ကေတုမတီဘုရင်၏ ပရိယာယ်ကို မရိပ်မိဘဲ . . . 

          “ရွှေသစ္စာပန်းနှစ်ပွင့်ဆိုသည်မှာ လွန်စွာထူးဆန်းလှသည်၊ ကေတုမတီဘုရင်မှာလည်း နားမလည်၍ ပြုမူသည်ဆိုစေကာမူ ဂရုမစိုက်လျှင် နှစ်ဦးစလုံးကို ဂရုမစိုက်ဘဲနေရုံသာရှိ၏။ ယခု ရွှေသစ္စာပန်းနှစ်ပွင့်ပေးခြင်းသည် ငါ၏ သံကြီးများနှင့်အတွင်းကြိတ်ကြံကာ ငါ၏ထီးနန်းကိုလုပ်ကြံရန်အတွက်သာ ဖြစ်ပေလိမ့်မည်၊ သစ္စာပန်းမှာ နောက်က အချိန်းအချက်ရှိပြီးဖြစ်၍ သစ္စာကတိတည်ရန်အကြောင်းဖြစ်မည်။ ငါ့အနေနှင့် သတိနှင့်နေပါမှ ဖြစ်ပေတော့မည်ဟု တွေးလိုက်ကာ ဗညားလောနှင့် ဗညားကျန်းတို့အပေါ် အယုံအကြည်လျော့ပါး၍ လာလေသည်။ 

           ဟံသာဝတီသံများ ကေတုမတီသို့ရောက်ရှိ၍ ကေတုမတီဘုရင်မှ ပစ်လွှတ်လိုက်သော ပရိယာယ်မြားချက်သည် ဟံသာဝတီဘုရင်၏ ရင်သို့စူးဝင်ကာ ဟံသာဝတီဘုရင်က ၎င်း၏ အထိန်းတော်ကြီးနှစ်ဦးအပေါ် အယုံအကြည်လျော့ပါးလာကြောင်း၊ အထောက်တော်များမှတဆင့် တပင်ရွှေထီးနှင့် ကျော်ထင်နော်ရထာသို့ သိရှိရသောအခါ နောက်တစ်နည်းဖြင့် ပရိယာယ်တစ်ခုကို ဆင်လိုက်ပြန်သည်။ 

           ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော သူရဲကောင်း သုံးဆယ့်နှစ်ယောက်ကို ကေတုမတီ သံအဖွဲ့ အယောင်ဆောင်ကာ ဟံသာဝတီသို့စေလွှတ်သည်။ ဥာဏ်သမား သူရဲကောင်း သုံးဆယ့်နှစ်ယောက်တို့သည် ဟံသာဝတီနယ်တွင်းသို့ရောက်ကြလျှင် ရွာသူကြီးအိမ်များသို့ဝင်ကာ 

          “ငါတို့သည် ကေတုမတီသံကြီးများဖြစ်သည်၊ ထမင်းဟင်းကျွေးရမည်၊ အရက်သေစာပေးရမည်” ဟု အတင်းအဓ္ဓမတောင်းကြသည်။ ရွာသူကြီးတို့ကလည်း ကြောက်ရွံ့ကြသဖြင့်ကျွေးမွေးပြုစုကြ၏။ “ငါတို့၏ဝန်ထုပ်ဝန်ပိုးများကိုလည်းလိုက်ပို့ကြရမည်” ဟု ပြောဆိုကြသဖြင့် သူရဲကောင်း သုံးဆယ့်နှစ်ဦး သွားလိုရာသို့လိုက်ပို့ကြရသည်။ သို့ဖြင့် ခရီးဆက်ခဲ့ရာ မင်းပေါက်ဆိုးပေါက် သူကြီးတစ်ဦး အိမ်သို့ရောက်ရှိလျှင် ထိုသူကြီးအား မခံမရပ်နိုင်အောင် အနိုင့်အထက် နှိပ်စက်ကလူပြုမူကြသည်။ 

          ထိုသို့ဖြစ်နေပုံကို ရွာသားများတွေ့သဖြင့် ဝိုင်းအုံလာသောအခါ ရွာသားတို့အား စော်ကားမော်ကားပြုလျက် ထုထောင်းကြသည်။ ရွာသားတို့ မခံမရပ်နိုင်၍ ဝိုင်းအုံရိုက်နှက်ကြသောအခါတွင် ကေတုမတီသံ အယောင်ဆောင်လာသူတို့မှာ မိမိတို့၏ အကြံအစည် အောင်မြင်ပြီဟု သိရှိလိုက်ကြပြီး၊ ရုန်းရင်းဆန်ခတ်ထွေးလုံး သတ်ပုတ်နေရာမှ မိမိတို့ ယူဆောင်လာသော ယွန်းကျည်တောက်ကို ပစ်ထားခဲ့ကာ လက်လွတ်ထွက်ပြေးသွားကြလေသည်။
(မှတ်ချက်။      ။  ထိုယွန်းကျည်တောက်၌ ကေတုမတီ တောင်ငူဘုရင် တပင်ရွှေထီး၏အမိန့်တော် ပါရှိသည်။ ထိုအမိန့်တော်ကို ကတ္တီပါဖြင့် သေချာစွာရစ်ပတ်ပြီးလျှင် သက္ကလတ်အိတ်မှာ ထည့်သည်။ သက္ကလတ်အိတ်ကို ချိတ်တံဆိပ်ဖြင့် ခတ်နှိပ်ထားသည်။)

            ကေတုမတီသံတို့ ထွက်ပြေးသွားကြလျင် ရွာသားတို့သည် သံတို့စွန့်ပစ်ခဲ့သော ယွန်းကျည်တောက်ကို တွေ့ရသည်။ ထိုကျည်တောက်မှာ ဘုရင်မင်းမြတ်တို့နှင့်ဆိုင်သည့် ဘဏ္ဍာတော်ဖြစ်သဖြင့် ရိုသေစွာယူဆောင်ကြပြီးလျှင် မိမိတို့၏ ဘုရင်ကိုဆက်ကြသည်။ ဟံသာဝတီဘုရင်က ကေတုမတီသံတို့ ကျန်ခဲ့သည့် ယွန်းကျည်တောက်အတွင်းမှ စာကိုဖွင့်၍ဖတ်စေကာ ဤသို့တွေ့လေသည်။ 

ဦးရီးတော်များထံသို့ကြားစာ 
          တူတော် ကေတုမတီဘုရင် ကြားအပ်ပါသည်။ 
           ဦးရီးတော်ကြီးများ . . . 

ဦးရီးတော်တို့ထံမှ လျှောက်တင်လိုက်သော စာအတိုင်း ဟံသာဝတီကို အလိုပြည့်ခဲ့ပါလျှင် ဦးရီးတော် ဗညားလောကို ဟံသာဝတီမြို့စားခန့်ပါမည်။ ဦးရီးတော် ဗညားကျန်းကို မုတ္တမမြို့စားခန့်ပါမည်။ ဦးရီးတော်များကို လေးလေးစားစား သူကောင်းပြုပါမည်။ တူတော်၏အကြံများ လွယ်လင့်တကူအောင်မြင်စေရန် လျှောက်ထားလိုက်သောစာအတိုင်း ဖြောင့်ဖြောင့်မှန်မှန် ထမ်းရွက်ကြမည်ဟု ယုံကြည်တော်မူရင်း ရှိပါသည်။ 
                                                                                        ကေတုမတီဘုရင်

           စာပါအကြောင်းအရာကို သိရှိရသည်တွင် ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိမှာ မှန်သည် မမှန်သည်ကို မဆင်ခြင် မနှိုင်းချိန်နိုင်။ ရွှေသစ္စာပန်းနှစ်ပွင့်ကြောင့် မယုံမကြည်ရှိနေရာမှ ယခုကဲ့သို့ သက်သေခံကို တွေ့လိုက်ရသည်တွင်ကား မိမိ၏လက်ရုံးများသဖွယ် အားကိုးအားထားခဲ့ရသည့် ဗညားလောနှင့် ဗညားကျန်းတို့အား ကွပ်မျက်ရန် အမိန့်တော်ချလိုက်တော့သည်။  
မှတ်ချက်။       ။ ရွှေသစ္စာပန်းနှစ်ပွင့်ကို အထိန်းတော်ကြီးနှစ်ဦးအား ပေးလိုက်ခြင်းမှာ ကေတုမတီ ဘုရင်၏ ရာဇပရိယာယ်၊ ဥပါယ်ဗေဒဆင်ခြင်းဖြစ်၏။ ဟံသာဝတီဘုရင်ကို သုံးကြိမ်တိုင်လုပ်ကြံရာ၌ မအောင်မြင်ရခြင်းမှာ ဗညားလောနှင့် ဗညားကျန်းတို့၏ အစီမံကောင်းခြင်းကြောင့် ဖြစ်သည်ဟု ရာဇဝင်ကြီးများတွင် ပြဆိုထား၏။ သံငယ်တို့ကို အရေးပေးခြင်း၊ ရွှေသစ္စာပန်းနှစ်ပွင့်ပေးခြင်းတို့ကြောင့် ဟံသာဝတီဘုရင်မှာ သံကြီးများအပေါ် အယုံအကြည်မရှိဖြစ်လာကာ ရာထူးချခြင်း၊ ကွပ်မျက်ခြင်းတို့ကို ပြုစေခြင်းဖြစ်၏။ 

          ပျက်စီးချိန်တန်က ပျက်သည်ဆိုသည့် သင်္ခါရဓမ္မသဘောအတိုင်း မွန်မင်းတို့စိုးပိုင်ခဲ့သည့် ဟံသာဝတီကား သုရှင်တကာရွတ်ပိမင်းလက်ထက်တွင် ပျက်ချိန်တန်လာပြီဟု ဆိုရတော့မည်။ ကေတုမတီဘုရင် တပင်ရွှေထီးနှင့် ယောက်ဖတော်ကျော်ထင်နော်ရထာတို့ ထပ်မံပစ်လွှတ်သည့် ပရိယာယ်မြားချက်ကား ဟံသာဝတီကို ထိပြန်လေပြီ။ 

           ထိုသို့ ဟံသာဝတီတွင် ဗညားလောနှင့် ဗညားကျန်းတို့ကွပ်မျက်ခံရပြီဟု သိလိုက်ရလျှင် တပင်ရွှေထီးသည် ကျော်ထင်နော်ရထာနှင့် တိုင်ပင်တော်မူသည်။ ကျော်ထင်နော်ရထာက . . . 
“ဟံသာဝတီပြည်တွင် ရှေးက မဖြစ်ခဲ့ဘူးသော အတိတ်နမိတ်များထင်ရှားစွာဖြစ်သည်။ ယခုအခါ ဟံသာဝတီဘုရင် အားကိုးအားထားပြုခဲ့ရသည့် ဗညားလောနှင့် ဗညားကျန်းတို့လည်း ကွပ်မျက်ခံလိုက်ရပြီ ဖြစ်သည့်အတွက် ဟံသာဝတီဘုရင်အဖို့အားချည့်ခဲ့ရပြီ။ ဘုန်းတော်ကြီးသည့် အရှင်သည်ဆင်လုံးမြင်းရင်း သင်းပင်းဗိုလ်ပါအပေါင်းနှင့်စီရင်၍ ချီတော်မူပါလျှင် ဟံသာဝတီဘုရင်သည် မြို့တော်မှပင် ခံဝံ့မည်မဟုတ်၊ ဟံသာဝတီကို ဓားမကျိုး၊ လှံမခွေအလွယ်တကူနှင့် ရနိုင်ပါမည်။ အကယ်၍ ဟံသာဝတီ (၃၂) မြို့ကို ရတော်မူလျှင် မုတ္တမ (၃၂)မြို့၊ ပုသိမ် (၃၂)မြို့တို့လည်း အရှင်၏လက်နက်နိုင်ငံတော်ချည်း ဖြစ်ရပါလိမ့်မည်” ဟု လျှောက်တင်သည်။ 

           ထိုသို့ ကျော်ထင်နော်ရထာ၏ လျှောက်တင်ချက်ကို တပင်ရွှေထီးနှစ်သက်တော်မူသဖြင့် ဟံသာဝတီကို ချီတက်တိုက်ခိုက်သိမ်းယူရန် စစ်ပြင်ဆင်တော်မူသည်။ 

           ယခုတစ်ကြိမ်ချီရာတွင် ယခင်ချီရာကဲ့သို့ ကြည်းကြောင်းဖြင့်သာ မချီတော့ဘဲ ရေကြောင်းချီတပ်တော်ကိုပါတွဲကာ စစ်ချီတော်မူသည်။ ကြည်းကြောင်းချည်တပ်တွင် တိုက်ဆင်(၁၂၀)၊ စစ်မြင်း (၈၀၀)၊ စစ်သည်(၇၀၀၀၀) ပါဝင်ပြီး၊ တပ်ပေါင်း (၁၃)တပ်ခွဲကာ တပ်များကို တုရင်ရာဇာ၊ တုရင်ဗလ၊ စစ်တုရင်္ဂသူနှင့် တုရင်ယော်ဓာတို့က အုပ်ချုပ်ကာ ရှေ့မှချီစေသည်။ 

          ရေကြောင်းချီတပ်တော်တွင် စစ်သည် (၁၀၀၀၀)နှင့် တိုက်လှေ (၂၀၀)ကျော် ပါဝင်ကာ၊ လှေတော်များတွင် အမြောက်ကြီး မြတပူနှင့် ရိက္ခာတို့ကိုတင်ကာ ပေါင်းလောင်းမြစ်အတိုင်း ချီသည်။ ရေကြောင်းချီတပ်တော်ကို အုပ်ချုပ်သူမှာ မင်းမဟာဘယကျော် ဖြစ်၏။ ကေတုမတီ နေပြည်တော်တွင်ကား သက်ရှည်ကျော်ထင်နှင့် သင်္ခယာတို့ကို အစောင့်အဖြစ်ထားခဲ့၏။ 

            ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိသည် တပင်ရွှေထီး၏တပ်များ ဟံသာဝတီသို့ချီလာ၍ ကေတုမတီမှ (၃)စခန်းသို့အရောက်တွင် ယခင်ကကဲ့သို့ ပြန်လည်ခုခံရန် မဝံ့တော့သဖြင့် ဟံသာဝတီကို ထားခဲ့ကာ စစ်သည်ဗိုလ်ပါလက်နက်များနှင့်အတူ ပြည်သို့ပြေးလေသည်။ 
            ထိုသို့ပြေးရာတွင် ဗညားဒလ၊ အဲဗြသီး၊ ရဲသင်ရံ၊ ပိုက်ကမြင်တို့ကို တပ်(၅)တပ်ဖွဲ့ကာ တိုက်ဆင်(၂၀၀)၊ စစ်မြင်း(၈၀၀)၊ စစ်သည်(၂၀၀၀၀)ဖြင့် ကြည်းကြောင်းမှ ချီတက်၏။ ကိုယ်တော်တိုင်ကား ရေကြောင်းဖောင်တော်စီးလျက် အဲမွန်တာရာ၊ သမိန်စည်သူ၊ သမိန်သံကျယ်၊ ဝိုင်ရနဲ၊ ညီကံကောင်း၊ အဲရနဲတို့ဖြင့် တပ်ပေါင်း(၆)တပ်၊ ဇလာကပင်း၊ လှော်ကား၊ သံလှေ(၇၀၀)ကျော်၊ စစ်သည်(၄၀၀၀၀) ကျော်ဖြင့် ပြည်သို့ ရေကြောင်းမှဆန်တက်တော်မူသည်။
မှတ်ချက်။    ။ ဇလာကပင်းလှေမှာ သေတ္တာနှင့်တူပြီး၊ ဦးနှင့်ပဲ့က လခြမ်းနှင့်တူသည့် လှေကြီးမျိုးဖြစ်သည်။ သံလှေမှာ လှေလုံးကို သံပြားပတ်၍ ဦးနှင့်ပဲက သံချွန်၊ သံချိတ်တပ်ကာရန်သူ့လှေနှင့်တိုက်ခိုက်၍ ချိတ်ရန်၊ ဆွဲရန် သရဲစီးလှေမျိုးဖြစ်သည်။ 

          ထိုအချိန်တွင် ဟံသာဝတီ၌ အမတ်ကြီးသမိန်ပရူကျန်ခဲ့ပြီး။ ရှိသည့်အင်အားဖြင့် ကေတုမတီတပ်များကို ခုခံရန်စီစဉ်သည်။ ကျော်ထင်နော်ရထာလွှတ်ထားသော အထောက်တော်တို့ထံမှ ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိ ပြည်သို့ပြေးသွားကြောင်း တပင်ရွှေထီးသိရှိတော်မူလျှင် တပ်တော်များကို အမြန်ဆင့်ခေါ်လျက် ဟံသာဝတီသို့ အပြင်းချီတက်သည်။ ကျော်ထင်အနော်ရထာနှင့်တပ်များ မြို့အနီးသို့ ချဉ်းကပ်မိလျှင် မြို့အတွင်းမှ စတင်ပစ်ခတ်သည်။ ကျော်ထင်နော်ရထာက ကိုယ်တိုင် ရှေ့ဆုံးမှနေ၍ ဆင်ဆယ်စီးဖြင့် မြို့တံခါးကို တစ်ဟုန်တည်း တွန်းဖွင့်စေရာ ဟံသာဝတီမြို့တံခါးကျိုးပေါက်သွားရသည်။ ကေတုမတီ စစ်သည်တို့က မြို့အတွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်ကာ မြို့ကိုသိမ်းပိုက်လိုက်ကြသည်။ ဤသို့အားဖြင့် မွန်တို့ဌာနေ မွန်ဘုရင်တို့စိုးမိုးအုပ်ချုပ်လာခဲ့သည့် ဟံသာဝတီမှာ ကေတုမတီဘုရင် တပင်ရွှေထီး၏ စက်တော်အောက်သို့ ရောက်ရှိသွားခဲ့ရတော့သည်။ 



ဆက်ရန် (အပိုင်း - ၁၃) နောင်ရိုးတိုက်ပွဲ ဖောင်ဖျက်နွှဲသည့် ကျော်ထင်နော်ရထာ


No comments:

Post a Comment