Monday, August 19, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂၂)

  • တပင်ရွှေထီးလက်ထက် ယိုးဒယားမြန်မာစစ်ပွဲ

         
မြန်မာနှင့်ယိုးဒယားတို့၏တိုက်ပွဲ

        တနေ့တွင် တပင်ရွှေထီးသည် မှူးမတ်သေနာပတိအပေါင်းတို့ကို ခေါ်ယူတော်မူပြီးလျှင် ယိုးဒယားကို ချီတက်တိုက်ခိုက်ရန်အတွက် တိုင်ပင်တော်မူသည်။
        တပင်ရွှေထီးက ...
        "ယိုဒယားဘုရင် ဗြသာဓိရာဇာသည် ငါ၏နိုင်ငံတော်အစွန်အဖျားကို စတင်၍ထိပါးလာပြီ။ ငါ၏ဘုန်းတော်ကြောင့်သာလျှင် ယိုးဒယားများကို နိုင်နင်းသည်။ ယခုအတိုင်း ငြိမ်ခံနေပါလျှင် နောင်တစ်ဖန် ထပ်မံ၍ ယိုဒယားများထိပါးလာမည့်အရေးကို မြင်တော်မူမိသည်။ သို့ဖြစ်၍ ယိုးဒယားပြည်ကို ရွှေလက်တော်ရောက် သိမ်းပိုက်မှသင့်မည်မဟုတ်လော" ဟု မိန့်တော်မူရာ မှူးမတ်တို့က
        "သိမ်းပိုက်ရန် သင့်မြတ်လှပါသည်။ ယိုးဒယားပြည်သည် အရှင်စိုးပိုင်တော်မူသော နိုင်ငံတော်နှင့် ရေမြေတစ်စပ်တည်းရှိ၍နေသောကြောင့် ချီတော်မူရန်လည်း ခဲံယဉ်းမည်မဟုတ်ပါ။ တောအထပ်ထပ် တောင်အထပ်ထပ် ပိတ်ဆီးနေပါသော်လည်း အင်ကြီးအားကြီးနှင့် ချီတော်မူပါလျှင် အရေးထားလောက်မည်မဟုတ်ပါ" ဟု လျှောက်တင်ကြသည်။


        ဘုရင့်နောင်ကလည်း ...
        "ရှေးမြန်မာရာဇဝင်အစဉ်အဆက်များမှာလည်း ယိုးဒယားသို့ မြန်မာမင်းတို့ကိုယ်တော်တိုင် ချီတက်တိုက်ခိုက်ခဲ့သည်ဟူ၍ မကြားဘူးပါ။ မြန်မာနိုင်ငံ၏ အောင်လံအောက်သို့ ယိုးဒယားနိုင်ငံ ရောက်ဖူးသည်ဟု မကြားဘူးပါ။ ယခုအခါ ရွှေဘုန်းတော်ထူးချွန်၍ သာလွန်သော ဧကရာဇ်ဘုရင်ဖြစ်တော်မူရန်မှာ လွန်စွာပင် သင့်လျော်နေပါပြီ။ နောင်လာအစဉ်ရာဇာဝင်မှာလည်း ထင်ရှားရန်အချက်ဖြစ်ပါသည်။ ယိုးဒယားသို့ ချီတော်မူရန်အရေးမှာ ဗိုလ်ပါ၊ ဆင်၊ မြင်းအတွက် ခက်ခဲရန်အကြောင်း မရှိပါ။ အလိုရှိတိုင်း ပြည့်စုံနိုင်ပါသည်။ သို့သော် ဗိုလ်ပါ၊ ဆင်၊ မြင်းအများတို့ သုံးစားရန် ရိက္ခာအတွက် စိုးရိမ်ရန်ရှိပါသည်။ ယိုးဒယားသို့ချီရန် ချောင်းမြောင်းအတန်တန်၊ တောတောင်အထပ်ထပ် ပိတ်ဆီးလျက်ရှိနေပါသောကြောင့် စားရေရိက္ခာပြည့်စုံရန်မှာ အလွန်အရေးကြီးလှပါသည်။
သို့ဖြစ်ပါ၍ ချီတော်မမူမီတွင် ကြိုတင်၍ရိက္ခာများကို နယ်စပ်သို့ အလုံအလောက်ပို့ထားရန် သင့်လျော်ပါမည်။ မြို့စား၊ ရွာစားများကိုလည်း စစ်ရိက္ခာအတွက်အရေးကြီးစွာ စုဆောင်းကြရန် အမိန့်တော် ချမှတ်သင့်ပါသည်" ဟု လျှောက်ထားသည်။

        ထိုသို့လျှောက်တင်ကြသောစကားများကို ကြားတော်မူရသောအခါ တပင်ရွှေထီးသည် နှစ်သက်လက်ခံတော်မူပြီး အရပ်ရပ်ပြည့်စုံအောင်ဆောင်ရွက်ရန် ဘုရင့်နောင်ကို တာဝန်ပေးအပ်တော်မူသည်။
        ဘုရင့်နောင်သည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည့် စစ်သည်ကောင်းများကို ရွေးချယ်ပြီးလျှင် တပ်ပေါင်း(၂၅)တပ်ကို ဖွဲ့သည်။  ယင်းတို့မှာ ရှေ့တော်ကချီရန် တပ်ပေါင်း(၁၂)တပ်၊ တပ်မတော်ကြီး(၁)တပ်၊ နောက်တော်ကချီရန် တပ်ပေါင်း(၁၂)တပ် ဖြစ်၏။ ထိုတပ် စုစုပေါင်း (၂၅)တပ်တွင် မြင်းတပ် (၈)တပ် ပါဝင်သည်။
        တပ်အားလုံးကို စီရင်ပြီးသောအခါ ယိုးဒယားသို့ ချီတော်မူရန် ကိစ္စပြီးစီးကြောင်း တင်လျှောက်လေရာ ဘုရင်တပင်ရွှေထီးသည် သက္ကရာဇ် (၉၀၁)ခု၊ တန်ဆောင်မုန်းလဆန်း (၁၃)ရက်နေ့တွင် ဟံသာဝတီနေပြည်တော်မှ အောင်စည်အောင်မောင်းများတီးလျက် ကြီးကျယ်သောအင်အားတို့ဖြင့် ယိုးဒယားသို့ချီတော်မူသည်။

        ချီတော်မူသောတပ်စဉ်များကား ဤသို့ဖြစ်သည်။ ရှေ့တော်ကြီး (၁၂)တပ်တွင် တိုက်ဆင် (၂၀၀)၊ စစ်သည် (၄၀၀၀၀) ပါဝင်ပြီး ဘုရင့်နောင်က အုပ်ချုပ်ကွပ်ကဲသည်။
        ဘုရင်တပင်ရွှေထီးကိုယ်တော်တိုင် ပါတော်မူသော အလယ်တပ်မကြီးတွင် တိုက်ဆင်(၈၀)၊ စစ်မြင်း(၂၀၀)၊ စစ်သည်(၄၀၀၀၀) ပါဝင်ပြီး ရာဇသင်္ကြန်က အုပ်ချုပ်သည်။
        နောက်တော်မှချီသည့် (၁၂)တပ်တွင် တိုက်ဆင်(၂၀၀)၊ စစ်မြင်း(၈၀၀)၊ စစ်သည်(၄၀၀၀၀) ပါဝင်ပြီး၊ ပြည်ဘုရင် သတိုးဓမ္မရာဇာက အုပ်ချုပ်သည်။

        ဟံသာဝတီနေပြည်တော်တွင်မူ ဒလမြို့စား သီရိဇေယျနော်ရထာနှင့် မွန်အမတ်ကြီးဗညားက္ကုန္ဒတို့ကို ဗိုလ်ပါအလုံအလောက်နှင့် မြို့စောင့်ထားတော်မူသည်။
        တပင်ရွှေထီး၏ဟံသာဝတီတပ်တော်များ ယိုးဒယားနိုင်ငံအယုဒ္ဓယမြို့တော်သို့ ပထမဆုံးအကြိမ်စစ်ချီရာလမ်းမှာ ဟံသာဝတီမှ မုတ္တမ၊ ထို့နောက် မော်လမြိုင်၊ မော်လမြိုင်မှ အထ္ထရံမြစ်ကြောင်းအတိုင်းချီ၍ ဘုရားသုံးဆူတောင်ကြားလမ်းကိုဖြတ်ကာ ကံပူရီ၊ ထိုကံပူရီမှ ယိုးဒယားဘုရင်စံရာ အယုဒ္ဓယမြို့တော်သို့ဖြစ်သည်။
       မုတ္တမမှ မော်လမြိုင်သို့ အကူးတွင် သံလွင်မြစ်ကိုဖြတ်၍ကူးရန် လှေဖောင်တို့ကိုဆက်၍ အခိုင်အခံ့တံတားကြီးဆောက်သည်။ မော်လမြိုင်သို့ရောက်တော်မူသောအခါ ယိုးဒယားသို့ချီရန်အရေးကို မော်လမြိုင်မြို့စား ဗညားဦးနှင့် တိုင်ပင်တော်မူသည်။ ဗညားဦးက ခရီးကျွမ်းကျင်သောသူတို့ကို ရှေ့တော်သို့သွင်းစေပြီးလျှင် အယုဒ္ဓယသို့ အလျင်အမြန် တိုက်တော်မူရန်အတွက် ကံပူရီစခန်းသို့ ချီတော်မူရန်သင့်ကြောင်း လျှောက်တင်လေရာ တပင်ရွှေထီးက လက်ခံသဘောတူတော်မူပြီး မော်လမြိုင်မှ ကံပူရီမြို့သို့ ချီတော်မူသည်။

        ကံပူရီမှ (၁၅)ရက်ခန့်ဆက်၍ချီသည်တွင် မြန်မာဘုရင်တပင်ရွှေထီး၏ တပ်မကြီး အယုဒ္ဓယသို့ ချီလာနေပြီဆိုသည့်သတင်းကို ယိုးဒယားဘုရင် ဗြသာဓိရာဇာ ကြားရလေသည်။
        သို့ဖြင့် ယိုးဒယားဘုရင်သည် ဆင်၊ မြင်း၊ ဗိုလ်ပါ အလုံးအရင်းဖြင့် သားတော်၊ ညီတော်များ ပါဝင်လျက် ကိုယ်တိုင် မြန်မာတပ်များကိုတိုက်ရန်  အယုဒ္ဓယမြို့တော်မှ ထွက်၍ကြိုစောင့်သည်။

        ထိုသို့ ယိုးဒယားဘုရင်၏တပ်များ ဆီးကြိုနေကြောင်းကို တောသာ 'လဝလူရိုင်း' များက တပင်ရွှေထီးအား လျှောက်တင်လာကြလျှင် စစ်သုံးကြောင်းခွဲ၍ ယိုးဒယားတပ်ကိုတိုက်မှသင့်မည်ဟု ကြံစည်တော်မူပြီးလျှင် မိမိတပ်မှူးများကို ဤသို့မိန့်တော်မူသည်။
       "ပြည်ဘုရင်သတိုးဓမ္မရာဇာ တိုက်ဆင်(၁၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၁၀၀၀) ဖြင့် အလယ်ကြောင်းချီ၍ ယိုးဒယားတို့ကို စစ်မြှူစေ။ ဘုရင့်နောင်က ရှေးနည်းအတိုင်း တိုက်ဆင်(၁၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၁၀၀၀၀) ဖြင့် လက်ဝဲကြောင်းချီ၍ ယိုးဒယားတို့အလိုက်တွင် ဝင်၍တိုက်စေ။ ငါဘုရင်မူကား တပ်တော်များဖြင့် လက်ယာကြောင်းချီ၍ တိုက်တော်မူမည်"
        မြန်မာတပ်တို့ချီလာကြရာ ယိုးဒယားတို့သည် အလယ်ကြောင်းချီလာသော မြန်မာမြင်းတပ်များကို မြင်လေလျှင် ဆင်မြင်းအလုံးနင်း၍ အတင်းနင်း၍ တိုက်ကြသည်။ မြန်မာမြင်းတပ်များက ဆုတ်ဟန်ပြု၍ပြေးလာသည်တွင် ယိုးဒယားတို့က တစ်ဟုန်တည်းလိုက်၍ တိုက်ကြတော့သည်။
        ယိုးဒယားတို့ စစ်ကျွံလေလျှင် ဘုရင့်နောင်တို့က တောတွင်းမှထွက်လာကာ နောက်မှဝင်ပြီးလျှင် ယိုးဒယားတပ်များကို တိုက်သည်။ ဘုရင်တပင်ရွှေထီး၏လက်ယာကြောင်းကလည်း ထိုအခိုက်တွင် ဝင်လာပြီး ယိုးဒယားတပ်များကို အတင်းနင်း၍တိုက်ပြန်သည်။

        ထိုအခါ ယိုးဒယားတို့မှာ စစ်သုံးဘက်ညှပ်တိုက်မိသည်နှင့် မြန်မာတပ်များကို မတိုက်နိုင်တော့ဘဲ ဖရိုဖရဲ အကွဲကွဲအပြားပြားဖြင့် တပ်များပျက်ကာ ပြေးကြရသည်။ တိုက်ပွဲမှာ 'ရာဇထိန်' အမည်ရှိသောအရပ်တွင် ပထမဆုံးတွေ့ဆုံတိုက်ရသော စစ်ပွဲဖြစ်ပြီး ယိုးဒယားတို့များစွာ သေကျေပျက်စီးကြသည်။ စစ်ပွဲတွင်ပါဝင်သည့် ယိုးဒယားဘုရင်၏ မိဖုရား ဆူရိယိုးထိုင်(ဆူရိယိုးဒယား)နှင့် သမီးတော်တစ်ပါးမှာလည်း ကျဆုံးသွားပြီး ယိုးဒယားဘုရင်၏ သားတော်နှင့်ညီတော်တို့ကိုလည်း မြန်မာတို့က အရှင်ဖမ်းမိလိုက်သည်။ ယိုဒယားဘုရင်မှာ စုရုံးမိသမျှသော ရဲမက်ဗိုလ်ပါများနှင့် အယုဒ္ဓယမြို့တော်သို့ အတင်းပြန်ဆုတ်သွားရသည်။ မြန်မာတို့က ဆင်မြင်းများနှင့် သုံ့ပန်းပေါင်းများစွာတို့ကို ရရှိသည်။
        ယိုးဒယားဘုရင် ဆုတ်ခွာသွားရာသို့ မြန်မာစစ်ကြောင်း (၃)ကြောင်းစလုံးပင် နောက်မှ အပြင်းလိုက်သည်။ ဘုရင်တပင်ရွှေထီးသည် အယုဒ္ဓယမြို့တော်ကိုရောက်သည်နှင့်တပြိုင်နက် တပ်ကိုမချစေဘဲ မြို့ကိုတက်စေသည်။ သို့သော်မအောင်မြင်။ ယိုးဒယားတို့၏ အယုဒ္ဓယမြို့ရိုးမှာ အထူးမြင့်မားလှ၍ဖြစ်သည်။ မြို့တော်၏ပတ်ပတ်လည်တွင်လည်း ရေများက ဝိုင်းလျက်ရှိသည်။ မြို့ရိုးပြထိပ်မှ အစောင့်တပ်သား ပေါ်တူဂီများကလည်း အမြောက်၊ စိန်ပြောင်းတို့ဖြင့် အပြင်းအထန် ပစ်ခတ်နေကြသောကြောင့် မြို့ကို အဝေးမှသာ ရံ၍နေကြရသည်။

        တစ်လခန့်ကြာသည့်တိုင် မြို့ကိုဝန်းရံပြီး လုပ်ကြံသော်လည်း မရသည့်အတွက် တပင်ရွှေထီးသည် ဘုရင့်နောင်နှင့် တပ်မှူးများကိုခေါ်၍ တိုင်ပင်တော်မူရာ ဘုရင့်နောင်က   "ယခုမြို့ရင်းကိုတိုက်ခိုက်၍ မရနိုင်ဘဲ ရှိသည်မှာ  ယိုးဒယားတို့၏ မြို့ရိုးကလည်း မြင့်၍လုံခြုံနေပါသည်။ မြို့တွင်းတွင် နိုင်ငံခြားသား လက်နက်ကိုင်တို့နှင့်တကွ ယိုးဒယားစစ်သည်များလည်း များပြားလှပါသည်။ စားရေးရက္ခာလည်း လုံလောက်နေကြဟန် ရှိပါသည်။ သို့ဖြစ်သည့်အတွက် မြို့ကိုဝန်းရံတိုက်ခိုက်နေခြင်းဖြင့် အကျိုးမဲ့ အချိန်မကုန်စေဘဲ မြို့ရင်းမှခွာ၍ မြို့ရံများကို တိုက်ရန်သင့်ပါသည်။ ကမန်ပိုက်မြို့၊ သောက္ကတဲမြို့၊ ပိဿာလောက်မြို့များကို ကျွန်တော်တို့အနေဖြင့် တိုက်ခိုက်သိမ်းပိုက်မိပါလျှင် ယိုးဒယားဘုရင်နှင့်တကွ ယိုးဒယားမြို့ အရှင့်လက်မှ လွတ်နိုင်မည်မဟုတ်ပါ" ဟု လျှောက်တင်သည်။

        ဘုရင့်နောင်၏ လျှောက်တင်ချက်ကို တပင်ရွှေထီး လက်ခံတော်မူသဖြင့် နောက်တစ်နေ့နံနက်တွင် ရံတပ်များကိုနှုတ်၍ ကမန်ပိုက်သို့ ချီတော်မူသည်။

ဆက်ရန် (အပိုင်း - ၂၃) မြန်မာတို့၏ စွမ်းရည်ကို ပြသလိုက်သည့် မြန်မာနှင့်ယိုးဒယားတို့၏ ပြင်းထန်သော တိုက်ပွဲ


1 comment:

  1. စိတ်ဝင်စားစရာပါ။ ဆက်ရေးပါအုံးနော်။

    ReplyDelete