ယိုးဒယားမှ ကျူးကျော်ထိပါးလာခြင်း
တပင်ရွှေထီး ရခိုင်သို့ ရေကြောင်း၊ ကြည်းကြောင်းဖြင့်ချီစဉ်တွင် ယိုးဒယားဘုရင် ဗြသာဓိရာဇာ (မဟာချက္ကရဖတ်)သည် မြန်မာပိုင် ထားဝယ်နှင့်ရေးတို့ကို ရန်စကျူးကျော်ရန် စီစဉ်သည်။ မကြာမီ သမိန်ကန်ပူရီနှင့် သမိန်တဒေါကအမည်ရှိ စစ်မှူးနှစ်ဦးကို တိုက်ဆင်(၂၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၆၀၀၀၀)ဖြင့် ထားဝယ်ကို လုပ်ကြံရန်စေလွှတ်သည်။ ထားဝယ်မြို့စားသည် ယိုးဒယားတပ်၏ ကြီးမားလှသည့်အင်အားကို မခံနိုင်သဖြင့် ရေးသို့ ဆုတ်ခွာခဲ့ကာတပ်ပေါင်းပြီး ကြံ့ကြံ့ခံသည်။ ထိုအကြောင်းကို မော်လမြိုင်မြို့စား ဗညားဦးက ဟံသာဝတီသို့ သံတော်ဦးတင်လွှာပို့ဆက်သည်။
ယိုးဒယားတို့မှ မြန်မာပိုင်နယ်ကို ရန်စကျူးကျော်လာသည့်အကြောင်း တပင်ရွှေထီး ကြားသိတော်မူလျှင် မှူးမတ်သေနာပတိတို့ကို ခေါ်ယူတော်မူပြီးလျှင် . . .
''ယိုးဒယားဘုရင်သည် ငါ့ကို စတင်ထိပါးလာပြီ။ သို့အတွက် ခြင်္သေ့၏ရွှေဂူအနီးသို့ ယုန်သူငယ်လာရောက်သလို ဖြစ်ရှာတော့မည်။ ယခုအခါ ရခိုင်မှ ပြန်လည်၍ရောက်စအချိန်ဖြစ်၍ ငါကိုယ်တော်တိုင်ချီတက်ရန် အရေးမဟုတ်သေး။ မုတ္တမမြို့စား စောလကွန်းအိမ်က ရေတပ်ကို အုပ်ချုပ်လျက် ထားဝယ်သို့ ချီတက်စေ၊ နောင်မကြာမီတွင် ငါကိုယ်တော်တိုင် ချီတော်မူပြီး၊ ငါ့နိုင်ငံကို ရန်စထိပါးလာသော ယိုးဒယားကို သိမ်းယူတော်မူမည်" ဟု အမိန့်တော်ရှိသည်။
အမိန့်တော်အတိုင်း ရေတပ်၌ တိုက်လှေကြီး(၁၀၀)၊ တိုက်လှေငယ်(၃၀၀)၊ စစ်သည်(၄၀၀၀၀) ပါဝင်လျက် မုတ္တမမြို့စား စောလကွန်းအိမ် ဦးစီးကာချီတက်သည်။
ကြည်းတပ်၌ တပ်ပေါင်း(၈)တပ်၊ တိုက်ဆင်(၂၀၀)၊ စစ်မြင်း(၂၀၀၀)၊ စစ်သည်(၈၀၀၀၀) ဖြင့် မော်လမြိုင်မြို့စား ဗညားဦးမှ အုပ်ချုပ်ကာချီတက်သည်။ မြန်မာဘုရင် တပင်ရွှေထီး၏ ဟံသာဝတီတပ်တော်များ ရေတပ်၊ ကြည်းတပ် နှစ်ဖက်ညှပ်၍ အားကြီးအင်ကြီးဖြင့် ချီလာပြီကို ယိုးဒယားတို့ကြားလျှင် ထားဝယ်မှခံရန် မဝံ့သည်နှင့် ထားဝယ်မှခွာကာ တနင်္သာရီမြို့မှ ရပ်တန့်ကာ ခုခံကြလေသည်။
မြန်မာတို့သည် ထားဝယ်သို့ရောက်လျှင် ယိုးဒယားတို့နှင့်တိုက်ခိုက်ရခြင်းမရှိဘဲ ထားဝယ်ကို အလွယ်တကူပင် သိမ်းယူရရှိလိုက်ကြသည်။ ဆက်၍ ယိုးဒယားတို့ရှိရာ တနင်္သာရီသို့ချီရာ တောင်ပပုံတွင်နေသော သမိန်ကံပူရီသည် ဆင်၊ မြင်း အလုံးအရင်းနှင့် မြို့ကထွက်၍ ခုခံလာသည်။ ထိုစဉ် ရေးမြို့စား မင်းရဲသင်္ခယာက ဆင်စီး၍ သမိန်ကံပူရီကို တိုက်သည်။ အတန်ကြာတိုက်ကြလျှင် သမိန်ကံပူရီ စီးသောဆင် မျက်နှာသုန်၍ ပြေးလေ၏။
ဤတွင် မင်းရဲသင်္ခယာက နောက်မှအတင်းလိုက်၍ တိုက်ပြန်သည်။ မီလျှင် မင်းရဲသင်္ခယာက လှံနှင့်ထိုးရာ သမိန်ကံပူရီကို လှံထိ၍ဒဏ်ရာရသည်။ စီးသောဆင်ကိုလည်း လှံချက်များကျသဖြင့် ဟောင်ဟောင်ကျည်ကျည်မြည်၍ ပြေးသည်။ သမိန်ကံပူရီသည် ဆင်မှသည် မြင်းစီး၍ ပြေးလေသောကြောင့် လွတ်လေ၏။ စီးသည့်ဆင်ကိုမူရရှိလိုက်သည်။
ထို့အတူ ယိုးဒယားအမတ် အောက်ဗြလကွန်းအိမ်မာမှ ဆင်နှင့်ခံလာသည်ကို တပင်ရွှေထီး၏ကျွန် သမိန်သံလိုက်က ဆင်ကို ချွန်းဖွင့်၍တိုက်သည်။ သမိန်သံလိုက်စီးသောဆင် မုန်နှင့်ဖြစ်၍ မုန်နံ့ကိုရလျှင် အောက်ဗြလကွန်းအိမ်မာဆင် မျက်နှာသုန်၍ ပြေးသည်။ ထပ်ချပ်မကွာလိုက်၍တိုက်ရာ အောက်ဗြလကွန်းအိမ်မာကို ရသည်။ ယိုးဒယားတပ်တို့လည်း ဟံသာဝတီတပ်များနှင့် မယှဉ်နိုင်ဘဲ တပ်ပျက်ကာ တပ်ပျက်ကာပြေးကြရ၏။ ထိုစစ်ပွဲတွင် မြန်မာတို့က ဆင်၊ မြင်း၊ သုံ့ပန်း အများအပြားရရှိလိုက်သည်။ ဘုရင်တပင်ရွှေထီးက တပ်များကို ပြန်လည်ခေါ်ယူသဖြင့် ဟံသာဝတီသို့ ပြန်ကြရသည်။ ဟံသာဝတီသို့ရောက်လျှင် ယိုဒယားတို့ကို အောင်မြင်သည့်အတွက် တပင်ရွှေထီးက အောင်ပွဲရသူများကို မြို့စား၊ ရွာစားမှစ၍ ဘွဲ့မည်ထူးများကို သနားတော်မူသည်။
No comments:
Post a Comment