အင်းဝတွင် သိုဟန်ဘွားကို မင်းကြီးရန်နောင် လုပ်ကြံခြင်း
သက္ကရာဇ်(၈၈၈)ခု၊ တန်ခူးလဆန်း(၁၂)ရက်နေ့တွင် အင်းဝဘုရင်နရပတိသည် မိုးညှင်းစလုံနှင့် သားတော်သိုဟန်ဘွားတို့၏ လက်ချက်ဖြင့် နတ်ရွာစံခဲ့ရကာ၊ အင်းဝမှာ ရှမ်းတို့၏လက်အောက်သို့ ရောက်ရှိ ခဲ့ရသည်။ အင်းဝကို ရှမ်းမင်းသိုဟန်ဘွားအုပ်ချုပ်ရာ သိုဟန်ဘွားမှာ မိစ္ဆာအယူရှိသည့် မင်းဖြစ်သည့်အတိုင်း အင်းဝရှိ ဗုဒ္ဓဘာသာဆရာတော် သံဃာတော်များကို သတ်ဖြတ်ခြင်း၊ စေတီပုထိုးများကိုဖျက်ဆီးကာ ဌာပနာတော်များကို ဖောက်ယူခြင်း၊ မြန်မာတို့အား အနိုင်အထက်ကျင့်ကာ ညှဉ်းဆဲသတ်ဖြတ်ခြင်း တို့ကြောင့် အင်းဝရှိ မြန်မာတို့မှာ မကျေနပ်နိုင်ကြဘဲ ဆူပူလှုပ်ရှားလျက် ရှိသည်။
မင်းကြီးရန်နောင်ကဲံ့သို့သော မြန်မာမှူးမတ်တို့၏ သတိပေးမှုကို မလိုက်နာဘဲ ဆိုးသွမ်း ယုတ်မာနေသည့်အတွက် မိစ္ဆာမင်းဆိုးမင်းညစ်အား အသက်ရှင်လျက်ထားရှိရန် မဖြစ်နိုင်တော့သည့်အဆုံး အမတ်ကြီး မင်းကြီးရန်နောင်သည် မြန်မာမှူးမတ်တို့နှင့် လျှို့ဝှက်စွာ စုဝေးတိုင်ပင်သည်။
ထို့နောက် သင်္ကြန်တော်မင်္ဂလာနှင့် ဇေယျာဘိသိက်အခမ်းအနားကို ကျင်းပရန် သိုဟန်ဘွားကို အကြံပြုကာ၊ ထိုပွဲတော်တွင် မင်းကြီးရန်နောင်ကိုယ်တိုင်ပင် အင်းဝဘုရင် နရပတိကိုင်စွဲတော်မူခဲ့သည့် နန်းစဉ်သုံး ယိမ်းနွဲ့ပါးဓားတော်ဖြင့် သိုဟန်ဘွားကိုလုပ်ကြံခဲ့သည်။
မှတ်ချက်။ ။ ယိမ်းနွဲ့ပါးဓားမှာ အလွန်ထက်လှသည့် အင်းဝဘုရင်များ နန်းစဉ်သုံးခဲ့သည့် ဓားတော်ဖြစ်၏။ မည်မျှထက်ပါသနည်းဆိုမူ မင်းကြီးရန်နောင်က ယိမ်းနွဲ့ပါးဓားကို သိုဟန်ဘွားအား ဆက်သဟန်ဆောင်၍ သိုဟန်ဘွားအား ၎င်းအားဖြင့်တစ်ချက်တည်းခုတ်ချရာတွင် လည်ပြတ်ရုံမက အနီးရှိ ဝါးဘိုးဝါးတိုင်ပင် ပြတ်ကျသွားခဲ့ရသည်ဟု ရာဇဝင်တို့တွင်ဆိုထား၏။
သိုဟန်ဘွားမရှိတော့သည့်နောက် မှူးမတ်ကြီးတို့က မင်းကြီးရန်နောင်ကို မင်းအဖြစ်တင်မြှောက်ကြသော်လည်း မင်းကြီးရန်နောင်က လက်မခံဘဲ အုန်းပေါင်စော်ပွားကို နန်းတင်စေသည်။ အုန်းပေါင်စော်ပွားခုံမှိုင်းသည် အင်းဝမင်းအဖြစ် သက္ကရာဇ်(၉၀၄)ခုနှစ်၊ ဝါဆိုလတွင် စတင်အုပ်ချုပ်ခဲ့သည်။
အင်းဝတွင်မင်းဖြစ်လာလျှင် အုန်းပေါင်ခုံမှိုင်းမှာ လက်နက်နိုင်ငံတော်ကို ချဲ့ထွင်ရန် အကြံတော်ကြီးလာပြီး၊ ပြည်ကိုတိုက်ခိုက်သိမ်းယူရန်အတွက် ညီတော်အုန်းပေါင်စော်ဘွား၊ ဗန်းမော်စော်ဘွား၊ ညောင်ရွှေစော်ဘွား၊ မိုးမိတ်စော်ဘွား၊ မိုးညှင်းစော်ဘွား၊ မိုးနဲစော်ဘွားတို့နှင့် တိုင်ပင်သည်။
အုန်းပေါင်ခုံမှိုင်းက . . .
“ယခုအခါ ငါတို့သည် ဘုန်းတန်ခိုးကြီးမားလာကြပြီဖြစ်၍ မြန်မာတို့၏ထီးနန်းကိုပင်စိုးစံနေကြရပြီ၊ သို့သော် ငါတို့အနေဖြင့် တွန်းလှန်ဖြိုဖျက်ရန်လိုနေသည်က မြန်မာဘုရင်တပင်ရွှေထီး၏ ရန်ဖြစ်သည်။ ထိုရန်ကို တွန်းလှန်ဖြိုဖျက်နိုင်ခဲ့ပါလျှင် ဗန်မော်မြို့ကစ၍ အောင်ပင်လယ်ကမ်းခြေသို့တိုင်အောင် ငါတို့အုပ်စိုးရလိမ့်မည်။ တပင်ရွှေထီးသည် ပြည်ကိုသိမ်းပိုက်ရရှိထားပြီးဖြစ်သောကြောင့် မကြာမီ ငါ၏အင်းဝကိုလည်း တိုက်ခိုက်လာဦးမည်မှာ အမှန်ဖြစ်သည်။ ပြည်ကိုငါတို့မဖြိုဖျက်နိုင်သမျှ အင်းဝအတွက်မှာလည်း ရန်အေးစရာမရှိ။
သို့ဖြစ်၍ ပြည်ကို ဦးစွာတိုက်ခိုက် သိမ်းယူမှဖြစ်လိမ့်မည်၊ ပြည်ကို အောင်မြင်ခဲ့လျှင် ခံတပ်များ အခိုင်အမာဆောက်လျက် တောင်ငူကို တိုက်ခိုက်သိမ်းယူရမည်။ တောင်ငူကို ငါတို့အောင်ပြီဆိုလျှင် ဟံသာဝတီကိုချီ၍ တိုက်ကြမည်။ မြန်မာဘုရင် တပင်ရွှေထီး ငါတို့လက်မှ လွတ်နိုင်ရိုးလား” ဟု ဆိုလေရာ စော်ဘွားများက သဘောတူညီကြကာ ပြည်ကိုတိုက်ရန်စီစဉ်ကြသည်။
ထို့နောက်မြန်မာဘုရင် တပင်ရွှေထီး ရေကြောင်းချီတပ်မှ တိုက်လှေကြီးများနှင့် ယှဉ်နိုင်ရန် အင်းဝတွင် တိုက်လှေကြီပေါင်းများစွာတို့ကို ဆောက်လုပ်သည်။ စော်ဘွား(၆)ဦးတို့ကလည်း မိမိတို့မြို့များတို့ ပြန်သွားကြပြီး လူသူလက်နက်အင်အားများကို စုဆောင်းကြသည်။
သက္ကရာဇ် (၉၀၅)ခု၊ နတ်တော်လဆန်း(၁၂)ရက်နေ့တွင် အုန်းပေါင်ခုံမှိုင်းနှင့် စော်ဘွားများ ကြည်းတပ်၊ ရေတပ် အစုံအညီဖြင့် ပြည်သို့ချီကြသည်။
ရေတပ်ကို မိုးမိတ်စော်ဘွားနှင့် မိုးညှင်းစော်ဘွားတို့က အုပ်ချုပ်ပြီး တိုက်လှေကြီး (၁၃၀၀)၊ လှော်ကား (၃၀၀)၊ ရိက္ခာတင်လှေကြီး(၅၀၀)၊ ရေတပ်စစ်သည်(၁၂၀၀၀၀) ပါရှိသည်။
ကြည်းတပ်ကို အင်းဝဘုရင် အုန်းပေါင်ခုံမှိုင်း၊ အုန်းပေါင်စော်ဘွား၊ ဗန်းမော်စော်ဘွား၊ ညောင်ရွှေစော်ဘွား၊ မိုးနဲစော်ဘွားတို့က ကြည်းမှူးအုပ်ချုပ်ကြပြီး ကြည်းတပ်အင်အားမှာ တိုက်ဆင်(၁၂၀၀)၊ စစ်မြင်း(၈၀၀၀)၊ စစ်သည်(၁၆၀၀၀၀)ဖြစ်သည်။
ပြည်ဘုရင်သတိုးဓမ္မရာဇာသည် ကြည်းကြောင်း၊ ရေကြောင်းနှင့် စော်ဘွားတပ်များအင်အားကြီးမားစွာ ချီလာပြီဆိုသည်နှင့် တပင်ရွှေထီးထံ အကြောင်းစုံလျှောက်ထားရာ တပင်ရွှေထီးက ပြည်နှင့်နီးသော တရုတ်မော်၊ ကူထွတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ လိုင်၊ မော်ပီ၊ သာယာဝတီစသောမြို့များမှ သူရဲသူခက်နှင့်တကွ အမြောက်၊ သေနတ်၊ စိန်ပြောင်း၊ မြတပူတို့ကို ယူကာ ပြည်မြို့တွင်းသို့ သွင်းယူစုဆောင်း ထားရှိစေသည်။
ပြည်သို့ရှမ်းတပ်များရောက်လျှင် မြို့ရိုးသို့ချဉ်းကာ အတင်းလုပ်ကြံကြသော်လည်း မြို့ထိပ်မှ အမြောက်၊ သေနတ်၊ မြတပူ၊ စိန်ပြောင်းတို့ဖြင့် ပြင်းထန်စွာ ပစ်ခတ်ခုခံမှုကြောင့် လူသူဆင်မြင်း အသေအပျောက်များကာ မြို့ကိုမတက်နိုင်ကြ။ ရေတပ်မှ လှေများမှာလည်း စိန်ပြောင်း၊ မြတပူတို့ ဒဏ်ကြောင့် ကွဲပျက်နစ်မြုပ်ကုန်သဖြင့် မြို့ကိုအဝေးမှသာ ရံ၍ နေကြရသည်။
တပင်ရွှေထီးသည် ပြည်မြို့ကို စော်ဘွားတပ်များ ဝန်းရံထားသောကိစ္စနှင့် ပတ်သက်၍ စစ်ရေးညီလာခံ ခေါ်ယူပြီး၊ မုတ္တမစား စောလကွန်းအိမ်၊ ဘုရင့်နောင်၊ မြောင်းမြစား သမိန်ပရူးတို့၏ တင်ပြလျှောက်ထားချက်များကို သုံးသပ်ဝေဖန်တော်မူပြီးလျှင် ပြည်မြို့ကို ချီရေးကိစ္စအဝဝအတွက် ဘုရင့်နောင်အား စီစဉ်ဆောင်ရွက်စေသည်။
ဘုရင့်နောင်က ရေကြောင်းချီတပ်နှင့် ကြည်းကြောင်းချီတပ်များကို စီစဉ်ပြီးသောအခါ တပင်ရွှေထီးသည် ရွှေဖောင်တော်စီး၍ ကြီးကျယ်ခမ်းနားစွာ ရေကြောင်းချီတပ်တော်ဖြင့် ပြည်သို့ ချီတော်မူသည်။ ရေကြောင်းချီတပ်တော်တွင် တိုက်လှေကြီး(၈၀၀)၊ လှော်ကား(၃၀၀)၊ ရိက္ခာတင်လှေကြီး(၅၀၀)၊ စစ်သည်(၉၀၀၀၀) ပါရှိပြီး၊ အမြောက်တပ်တွင် နိုင်ငံခြားသင်္ဘောသားတို့က လိုက်ပါအမှုထမ်းကြသည်။
ဘုရင့်နောင်ဦးစီးသည့် ကြည်းကြောင်းချီတပ်တော်တွင် တိုက်ဆင်(၈၀၀)၊ စစ်မြင်း(၈၀၀၀၀)နှင့် စစ်သည်(၁၂၀၀၀၀)ပါဝင်လျက် ဟံသာဝတီရေတပ်၊ ကြည်းတပ်များ တပြိုင်တည်းချီကြရသည်။
တပင်ရွှေထီး၊ ဘုရင့်နောင်နှင့်ဟံသာဝတီတပ်များ အင်အားကြီးမားစွာဖြင့် ရေကြောင်း၊ ကြည်းကြောင်းချီလာသည်ကို အုန်းပေါင်ခုံမှိုင်းနှင့် စော်ဘွားတို့ ကြားသိရသောအခါ ထိတ်လန့် တုန်လှုပ်သွားကြသည်။
ပြည်ကို ယခုအတိုင်းဝန်းရံနေခဲ့ပါက စစ်နှစ်ဖက်ညပ်၍ ခံရမည်ကို စိုးရိမ်ပူပန်ကာ ရံထားသော ရေတပ်၊ ကြည်းတပ်တို့ကို ရုပ်လိုက်ပြီး ပြည်မြို့မြောက်ဘက် တစ်တိုင်ကျော်အရပ်တွင် တပ်ခိုင်တပ်လုံတည်လျက် ရေတပ်၊ ကြည်းတပ် ဖက်ယှဉ်၍ခံစေသည်။
ဘုရင့်နောင်သည် တိုက်လှေကြီး(၄၀)တွင် အမြောက်ကြီးများကို တင်စေပြီးလျှင် ကိုယ်တော်တိုင် လိုက်ပါလျက် ကြည်းကြောင်းချီတပ်မှ စစ်သည်(၄၀၀၀၀)ကိုလည်း ဧရာဝတီမြစ်အနောက်ဘက်မှ အညာသို့ ချီတက်စေသည်။
ဘုရင့်နောင်၏ လှေတပ်ကြီး အထက်သို့ဆန်တက်၍ချီသည်ကို စော်ဘွားတပ်များမြင်လျှင် ဆီးကြို၍တိုက်သည်။ ဘုရင့်နောင်က လှေပေါ်မှ အမြောက်ကြီးတို့ဖြင့် အပြင်းပစ်လွှတ်သည်တွင် ရှမ်းတို့၏ လှေတပ်ပျက်စီးရသည်။ ဘုရင့်နောင်က သရက်မြို့သို့တိုင်အောင် ဆန်တက်ပြီးလျှင် စကုနှင့် စလင်းမြို့တို့မှ ရိက္ခာပို့လိုက်သော လှေတို့ကို ဆီးကြို၍တိုက်ပြီး၊ စော်ဘွားတို့၏ စစ်ရိက္ခာများကို သိမ်းယူသည်။
ဤသို့ စော်ဘွားတို့၏ စစ်ရိက္ခာများကို မြန်မာတပ်တို့ သိမ်းယူလိုက်သောကြောင့် စော်ဘွားတပ်တို့မှာ ရိက္ခာပြတ်ခြင်းဖြစ်ရကာ အခက်ကြုံရသည်။ စော်ဘွားတပ်တို့ဘက်မှ စလင်းစား စည်သူကျော်ထင်လည်း မြန်မာလှေတပ်ကြီးက မြစ်ညာမှာဆီး၍နေပြီဖြစ်သောကြောင့် ရိက္ခာတွေ မည်သို့မျှမကြံစည်နိုင်ဘဲ ဖြစ်ရတော့သည်။
စော်ဘွားတပ်များသည် ရိက္ခာပြတ်သဖြင့် ရုတ်တရက်ဆုတ်ခွာသွားလျှင် မြန်မာတပ်တို့က အတင်းဖိ၍ လိုက်လာမည်ကို စိုးရိမ်သောကြောင့် ခွာချင်လျက်နှင့် မခွာဝံ့ကြဘဲ မြစ်အရှေ့ဘက်ကမ်းတွင်ပင် စုရုံးနေကြသည်။ ဘုရင့်နောင်က လှေတပ်ကြီးကို သရက်မြို့တွင် အခိုင်အလုံစီစဉ်ခဲ့ပြီးလျှင် ပြည်သို့ပြန်ကာ ကြည်းတပ်ကိုအုပ်ချုပ်ပြီး ဧရာဝတီ အရှေ့ဘက်ကမ်းတွင် စုရုံးနေသော စော်ဘွား တပ်များကို ဖြိုဖျက်ချေမှုန်းရန်အတွက် စီစဉ်ပြန်သည်။
စော်ဘွားတပ်များမှာ က္ကုနြေ္ဒမပျက်၊ တပ်ဖွဲ့၍နေကြရသော်လည်း စားနပ်ရိက္ခာများ ရှားပါးကာ ငတ်မွတ်လာကြပြီဖြစ်သည့်အတွက် မခံနိုင်ကြတော့ဘဲ မြစ်အရှေ့ဘက်ကမ်းမှ ဆုတ်ခွာကြသည်။ ထိုသို့ စော်ဘွားတပ်တို့ ဆုတ်ခွာကြောင်း ဘုရင့်နောင်သိလျှင် မိမိတပ်များကို စစ်မျက်နှာဖြန့်၍ စော်ဘွားတပ်များကို အမီလိုက်စေသည်။
စော်ဘွားတပ်များကိုမီလျှင် ဘုရင့်နောင်သည် ‘ဇယဒိသာ’ အမည်ရှိသော ဆင်တော်ကြီးကို ချွန်းနှင်၍ စီးကာ ဆင်ကူအစီး(၃၀)နှင့် စော်ဘွားတပ်များကို အတင်းနင်၍ တိုးဝှေ့တိုက်ခိုက်သည်တွင် စော်ဘွား တပ်များ လေးစုကွဲ၍ ထွက်ပြေးကြရသည်။ စော်ဘွားတပ်များ ပျက်စီးရာတွင် စော်ဘွားတို့၏ တပ်သားများစွာမှာလည်း မရှုမလှသေကျေပျက်စီးကြရသည်။ ဤတိုက်ပွဲ၌ စော်ဘွားတို့၏ အရေးနိမ့်ခြင်းမှာ အလွန်နစ်နာလှသဖြင့် မြန်မာဘုရင်တပင်ရွှေထီးဆိုလျှင် အသံကိုမျှ မကြားရဲတော့လောက်အောင် ကြောက်ရွံ့ခြင်းဖြစ်ကုန်ကြရ၏။
တပင်ရွှေထီးသည် စလင်းကို သိမ်းပိုက်ယူရန်အတွက် ရေကြောင်းချီတပ်တော်ဖြင့် ပြည်မှ မြစ်ညာသို့ ဆန်တက်တော်မူရာ စလင်းစား စည်သူကျော်ထင်မှ တပင်ရွှေထီး၏ ရေကြောင်းချီတပ် စလင်းသို့ ချီလာပြီ ကြားသည်နှင့် စလင်းတွင်နေရန် မဝံ့တော့ဘဲ စော်ဘွားများနှင့်အတူ အင်းဝသို့ လိုက်ပါသွားသည်။ ထို့အတူပင် ပုဂံစားသတိုးလည်း ပုံဂံတွင်မနေဝံ့သောကြောင့် စော်ဘွားများနှင့် အင်းဝသို့ လိုက်သွားသည်။
တပင်ရွှေထီးသည် စလင်းမြို့ကို ဝန်းရံသောအခါ စည်သူကျော်ထင်၏သား မင်းကြီးရဲတိုင်က စည်းကြပ်ကွပ်ကဲပြီးလျှင် အခိုင်အမာခုခံနေသောကြောင့် စလင်းကို အဆောတလျင် ရတော်မမူချေ။ သုံးရက်မြောက်သောနေ့တွင် စစ်သည်များကို အတင်းအကြပ် အမိန့်တော်ထုတ်၍ သက်စွန့်ကြိုးပမ်း ဖိဖိစီးစီးလုပ်ကြံတော်မူမှ စလင်းမြို့ကို ရတော်မူသည်။
စလင်းမြို့ကိုရလျှင် မြို့စားအဖြစ် အထိန်းတော်ကြီးဖြစ်သည့် စည်သူကျော်ထင်(ရှင်သီဟ)ကို ခန့်ထားတော်မူခဲ့ကာ မြစ်ညာသို့ ဆက်လက်ဆန်တက်၍ ပုဂံကိုသိမ်းယူတော်မူသည်။ ပုဂံတွင် ကျွန်တော်ရင်း စုက္ကတေးအား မြို့စားခန့်ထားခဲ့ပြီးလျှင် ပုဂံမှပြန် စုန်ကာ သက္ကရာဇ် (၉၀၆)ခု၊ ဝါခေါင်လတွင် ဟံသာဝတီနေပြည်တော်သို့ ပြန်လည်ကြွမြန်းတော်မူလေသည်။

No comments:
Post a Comment